ကျွန်တော်တို့ တော်တော်များများဟာ မိုးရွာတဲ့အခါ မိုးခြိမ်းသံနဲ့ လျှပ်စီးလက်တာတွေကို မြင်ဖူး၊ ကြားဖူးကြပါလိမ့်မယ်။ ငယ်ငယ်တုန်းကလဲ လျှပ်စီးလက်တာကို အရင်မြင်လိုက်ရပြီးတဲ့နောက် မိုးခြိမ်းသံကြားလိုက်တဲ့ အခါတွေမှာ ကြောက်လို့ နားပိတ်ထားတာတွေ၊ ပြေးပုန်းတာတွေမျိုးကိုလဲ လုပ်ဖူးကြမှာပါ။ ဆိုတော့ မိုးရွာတဲ့ အခါတွေမှာ မိုးခြိမ်းသံ ဘယ်လိုထွက်ပေါ်လာသလဲ ဆိုတာကလဲ စိတ်ဝင်စားစရာပါပဲ။ ဆိုတော့ မိုးခြိမ်းသံဆိုတာကို သိပ္ပံနည်းကျ လေ့လာကြည့်ကြပါမယ်။
မိုးရွာသွန်းတဲ့အချိန် မြင်တွေ့နေကျဖြစ်တဲ့ မိုးကြိုးလျှပ်စီးတွေဟာ အပူချိန်အားဖြင့် ၃၀၀၀၀ ဒီဂရီစင်တီဂရိတ် (30,000°C) အထိ ရှိပါတယ်။ ဒီအပူချိန်ဟာ ကျွန်တော်တို့ မြင်တွေ့နေရတဲ့ နေလုံးကြီးရဲ့ မျက်နှာပြင်အပူချိန်ထက် ၅ ဆတောင် ပိုပါတယ်ဗျ။ မိုးရွာတဲ့အချိန် မြင်ရလေ့ရှိတဲ့ လျှပ်စီးဆိုတာ တိမ်တွေထဲက လျှပ်စစ်ဆောင် အီလက်ထရွန်တွေဟာ မြေကြီးပေါ်မှာရှိနေတဲ့ ပရိုတွန်တွေနဲ့ အဖိုအမ ဆွဲငင်အားဖြစ်ပေါ်ပြီး လျှပ်စစ်ကူးသွားတဲ့ ဖြစ်စဥ်တစ်ခု ဖြစ်ပါတယ်။ မိုးခြိမ်းသံဆိုတာဟာ လျှပ်စီးက အနီးနားပတ်ဝန်းကျင်မှာရှိတဲ့ လေထုကို အပူပေးလိုက်တဲ့အခါ ရုတ်တရက် ထွက်ပေါ်လာတဲ့ အသံလှိုင်းတစ်ခုဖြစ်ပါတယ်။
မိုးခြိမ်းသံကို လေထုအခြေအနေ အမျိုးမျိုးအပေါ် မူတည်ပြီးတော့ အမျိုးမျိုးသော အသံပုံစံနဲ့ ကြားရပါတယ်။ ကိုယ်နဲ့ လျှပ်စီးအကွာအဝေး၊ လေထုအပူချိန်နဲ့ လေထုထဲ ရေနဲ့တိမ်ပါဝင်မှုအခြေအနေအပေါ် မူတည်ပြီးတော့ မိုးခြိမ်းသံဖြစ်ပေါ်တာပါ။ အလင်းဟာ တစ်စက္ကန့်မှာ ကီလိုမီတာ သုံးသိန်းအထိသွားနိုင်ပြီး အသံကတော့ တစ်စက္ကန့်မှာ ၀.၃ ကီလိုမီတာအထိသာ ခရီးသွားနိုင်ပါတယ်။ ဒါကြောင့်လဲ အလင်းဖြစ်တဲ့ လျှပ်စီးကို မိုးခြိမ်းသံထက် အရင်မြင်ရတာပါ။
တခြားသော ဓာတ်ငွေ့တွေလိုမျိုးပဲ လေဟာလဲ သူ့ကို အပူပေးတဲ့အခါ လေမော်လီကျူးတွေ ပွထွက်လာတဲ့ သဘာဝရှိပါတယ်။ အပူများများပေးနိုင်လေ မော်လီကျူးတွေ များများပွထွက်နိုင်လေပါပဲ။ လျှပ်စီးရဲ့ အပူချိန်ဟာ အင်မတန်ကိုမှ မြင့်မားလှတဲ့အတွက် အနီးနားပတ်ဝန်းကျင်က လေတွေကိုလဲ အပူချိန်အမြောက်အမြား ပေးလိုက်နိုင်ပါတယ်။ အဲ့ဒါကပဲ မိုးခြိမ်းသံကို ကြားရစေတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုဖြစ်စေပါတယ်။ လေမော်လီကျူးတွေဟာ အပူချိန်မြင့်နယ်နိမိတ်မှာ ပိုပြီး မြန်မြန်သွားလာနိုင်ပါတယ်။ လျှပ်စီးရဲ့ အပူချိန်ဟာ လေမော်လီကျူးတွေ မြန်မြန်ရွေ့လျားနိုင်ဖို့ကို အကူအညီဖြစ်စေပါတယ်။ ဒီလေမော်လီကျူးတွေကပဲ ထွက်ပေါ်လာတဲ့ မိုးခြိမ်းသံကို ကျွန်တော်တို့ နားစည်အထိ ရောက်လာအောင် သယ်ဆောင်လာပေးတဲ့ သူတွေလဲ ဖြစ်ပါတယ်။
“ကျယ်လောင်သော အသံ”
မိုးခြိမ်းသံကို အကျယ်ကြီး ကြားရတာဟာ လေထုထဲ ရှိနေတဲ့ တိမ်ထုတွေ တစ်ခုနဲ့တစ်ခု ကူးပြောင်းသွားတဲ့ လျှပ်စစ်စွမ်းအင်နဲ့ အပူပမာဏဟာ အင်မတန် များပြားတာကြောင့် ဖြစ်ပါတယ်။ မိုးခြိမ်းသံကို ပိုပြီး ကျယ်ကျယ်ကြားရရင် လျှပ်စီးလက်တာဟာ ကိုယ့်အနီးနားမှာ ဖြစ်သွားကြောင်းကို ဖော်ပြနေတာပါပဲ။ တစ်ခါတစ်ရံ လျှပ်စီးလက်ပြီး အချိန်ဘယ်လောက်မှမကြာဘဲ စက္ကန့်ပိုင်းအတွင်း မိုးခြိမ်းသံကို ကြားရတယ်ဆိုရင် ကိုယ့်အနီးနားဝန်းကျင်မှာ လျှပ်စီးလက်တာတွေ ဖြစ်ပေါ်နေပြီဆိုတဲ့ သဘောပဲ ဖြစ်ပါတယ်။
References – The Sound of Thunder | noaa.gov
– What makes thunder sound different?
by: Kristen Currie | kxan.com
Written by – Aye Chan Oo
Edited by – Nyan Win Htet
©️ 𝟮𝟬𝟮𝟯-𝟮𝟬𝟮𝟰 | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿
#Fact_Hub #Science #Article #Weather_Blog #The_Sound_Of_Thunder
Fact Hub Myanmar
Proudly powered by FH Editor Team
This content is licensed under CC BY-NC-ND 4.0
