
တိရစ္ဆာန်တွေရဲ့ ဘာသာစကားတွေကို လေ့လာခြင်း ပညာရပ် (Zoosemiotics)
လူသားတွေအချင်းချင်း ကိုယ့်ရဲ့ ခံစားချက်တွေ၊ လိုအင်တွေ၊ သတင်းအချက်အလက်တွေနဲ့ ဖြစ်ရပ်တွေကို နားလည်စေဖို့ ဘာသာစကားနဲ့ ဖြစ်ဖြစ်၊ ခြေဟန်လက်ဟန်၊ အမူအရာနဲ့ ဖြစ်ဖြစ် ဆက်သွယ်ပြောဆိုကြသလို တိရစ္ဆာန်တွေမှာလဲ အချင်းချင်း နားလည်နိုင်ဖို့ ပြောဆိုဆက်သွယ်ကြတဲ့ ဘာသာစကားတွေ ရှိကြပါတယ်။ အဲ့လို ဘာသာစကားတွေကို လေ့လာတဲ့ ပညာရပ်ကို Zoosemiotics လို့ ခေါ်ပါတယ်။ Zoosemiotics ဆိုတာ ဂရိစကားလုံးတွေဖြစ်တဲ့ Zoo – Animal နဲ့ Semiotics – The Study of Signs and Symbols (သင်္ကေတ အမှတ်သညာများကို လေ့လာခြင်း) တို့ကနေ ဆင်းသက်လာတာပါ။ တိရစ္ဆာန်တွေကြားမှာ မြောက်မြားလှတဲ့ သင်္ကေတတွေ၊ လက်ဟန်ခြေဟန်တွေ၊ အသံနဲ့ အပြုအမူတွေကို သုံးပြီး သတင်းအချက်အလက်တွေကို ဘယ်လို ပေးပို့ကြသလဲ၊ ခံစားချက်တွေကို ဘယ်လို ထုတ်ဖော်ပြသကြသလဲ၊ ဆက်ဆံရေးနှောင်ကြိုးတွေကို အောင်မြင်အောင် ဘယ်လိုချည်နှောင်ကြသလဲဆိုတာကို လေ့လာတဲ့ ပညာရပ်ပါ။ တိရစ္ဆာန်တွေဟာ အစာအတွက်၊ မိတ်လိုက်ဖို့အတွက်၊ ပိုင်နက်ကို ကာကွယ်ဖို့နဲ့ သားရဲတွေရဲ့ အန္တရာယ်ကို သတိပေးဖို့အတွက် အသံ၊ အမူအရာနဲ့ အနံ့ တစ်နည်းနည်းနဲ့ အချင်းချင်း ဆက်သွယ်တတ်ကြပါတယ်။ ဥပမာဆိုရရင် အနံ့ထုတ်လွှတ်ပြီး ပိုင်နက်နယ်မြေ သတ်မှတ်တတ်တဲ့ ဝံပုလွေနဲ့ ခွေးတွေ၊ ဖယ်ရိုမုန်း (Pheromone) လို ဓာတုပစ္စည်းတွေ ထုတ်ပြီး အချင်းချင်းဆက်သွယ်တဲ့ ပျားတွေ၊ ပုရွက်ဆိတ်တွေ၊ ပဲ့တင်သံ သုံးတဲ့ ငှက်တွေ၊ ပုရစ်အော်သံတွေ၊ ဝေလငါး အော်သံတွေ၊ တောင်ပံဖြန့်ပြတဲ့ ဒေါင်းငှက်တွေဟာ အချင်းချင်း ဆက်သွယ်နေကြတာပဲ ဖြစ်ပါတယ်။
| Writer | Kyawt Mu Han |
| Copy-editor | Aung Naing Thant |
Scientific Terms Explanation Program ဆိုတာ လူသိနည်းပြီး ရင်းနှီးကျွမ်းဝင်မှု သိပ်မရှိကြတဲ့ သိပ္ပံဆိုင်ရာ ဝေါဟာရတွေအကြောင်း Fact Hub ကနေ နေ့စဉ် ရှင်းပြတင်ဆက်ပေးသွားမယ့် ပရိုဂရမ်အသစ်တစ်ခုပဲ ဖြစ်ပါတယ်။
Fact Hub Myanmar
Proudly powered by FH Editor Team
This content is licensed under CC BY-NC-ND 4.0
