
အင်တာနက်ပေါ် ပျံ့နှံ့နေတဲ့ မြစ်ရေခမ်းတယ်၊ မြေကျွံကျတယ် ဆိုတဲ့ ပုံတွေကို စစ်ဆေးကြည့်တဲ့အခါ ဒီဖြစ်ရပ်ဟာ မြေကျွံကျလို့ဆိုတဲ့ အကြောင်းရင်းထက် မြေအရည်ပျော်လို့ ဆိုတဲ့ အကြောင်းရင်းက ပိုပြီး ဖြစ်နိုင်ခြေရှိတာ တွေ့ရပါတယ်။
ဒီလို ယူဆရတဲ့ အကြောင်းရင်းတွေကတော့ —
၁။ မြေကျွံကျင်း (Sinkhole) ဆိုတာ နေရာတစ်ခုရဲ့ အောက်ဘက်မှာ မြေအောက်ရေပြင် နိမ့်ကျသွားလို့ ဖြစ်လာတာပါ။ မြေအောက်ရေ နိမ့်လာတဲ့အခါ သူနဲ့အတူ သတ္ထုဓါတ်တွေကိုပါ ပျော်ဝင်သွားစေပြီး မြေအောက်ထဲမှာ အခေါင်းပွတစ်ခု ဖြစ်လာစေပါတယ်။ ဒီလို အခေါင်းပွနေရာဟာ အပေါ်ဘက်မြေသားရဲ့ အလေးချိန်ကို မခံနိုင်တဲ့အတွက် အောက်ကို ကျွံကျသွားပြီး မြေကျွံကျင်းတွေ ဖြစ်လာပါတယ်။ ဒါပေမဲ့ ပုံထဲက ဖြစ်ရပ်မှာတော့ မြေကျွံကျင်းတွေရဲ့ လက္ခဏာကို မတွေ့ရပါဘူး။ မြေကျွံကျင်းဖြစ်မယ်ဆိုရင် ကျွံကျတဲ့နေရာတစ်နေရာကပဲ မြေသားပျော့ပြောင်းရမှာဖြစ်ပြီး အခုပုံမှာတော့ ဧရိယာတစ်ခုလုံးမှာ မြေသားပျော့ပြောင်းနေတာကို မြင်တွေ့ရမှာပါ။
၂။ ပုံထဲက ကျင်းဘေးနား မြေဆီလွှာတွေဟာ မြေအရည်ပျော်ခြင်းရဲ့ လက္ခဏာတွေနဲ့ ဆင်တူနေပါတယ်။ ဧရိယာတစ်ခုလုံးနီးပါးဟာ ရေပြည့်ဝတဲ့ မြေဆီလွှာ ဖြစ်နေပြီး မြေအရည်ပျော်ခြင်းရဲ့ သင်္ကေတတစ်ခုအဖြစ် ယူဆလို့ရပါတယ်။
၃။ မြေအရည်ပျော်တဲ့အခါ မြေအောက်က ရေတွေက ငလျင်ဒဏ်ဖိအားကြောင့် အပေါ်ကို တိုးထွက်လာပြီး မြေလွှာထဲက သဲတွေကိုပါ အပေါ်ကို တွန်းတင်ပေးထားပါတယ်။ ဒါကြောင့် မြေအရည်ပျော်ခြင်း ဖြစ်ပေါ်တဲ့နေရာမှာ သဲပွင့်တောင် (Sand Volcano) လေးတွေကို မြင်တွေ့ရမှာဖြစ်ပြီး ဒီပုံဟာ သဲပွင့်တောင်တစ်ခုသာ ဖြစ်တယ်လို့ ကောက်ချက်ချနိုင်ပါတယ်။ အဝါရောင်ကတော့ သဲတွေ အပေါ်ကို တွန်းတင်ခံရရင်း ဆားအချို့နဲ့ သတ္ထုဓါတ်တွေပါ ဆွဲခေါ်ခံရတာကြောင့်လို့ ယူဆထားပါတယ်။
၄။ အဖွဲ့သားတွေအနေနဲ့ ပုံထဲက ဧရိယာကို ကိုယ်တိုင်ကွင်းဆင်းလေ့လာတာမျိုး မလုပ်နိုင်ပေမဲ့ မြေအရည်ပျော်ခြင်းလို့ ယုံကြည်ရတဲ့ နောက်ထပ်တစ်ချက်ကတော့ အိန္ဒိယ အာကာသသုတေသနအဖွဲ့အစည်း (ISRO) ရဲ့ မြေကမ္ဘာလေ့လာရေးဂြိုဟ်တုပုံရိပ်တွေကြောင့်ပါ။ မတ်လ ၂၉ ရက်နေ့က ISRO ပိုင် CATPRO-3 ဂြိုဟ်တုဟာ ငလျင် မဖြစ်ပွားမီနဲ့ ငလျင် ဖြစ်ပွားပြီး အခြေအနေတွေအတွက် အနီအောက်ရောင်ခြည်သုံး ဂြိုဟ်တုဓါတ်ပုံ ၅ ပုံထုတ်ပြန်ခဲ့ပြီး စစ်ကိုင်းနဲ့ မန္တလေးကြား ဧရာဝတီမြစ်အနီးအနားမှာ မြေအရည်ပျော်ခြင်း ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကိုပါ ဖော်ပြခဲ့ပါတယ်။ ဒါဟာလဲ ဒီကျင်းဖြစ်ပေါ်ပုံနဲ့ ပက်သက်ပြီး ယူဆထားတဲ့ အချက်တစ်ခုပါ။
ဒါကြောင့် ဒါဟာ မြေငလျင်လှုပ်ခတ်အပြီး ကြုံတွေ့ရတဲ့ ပုံမှန်ဘူမိအခြေအနေတွေ ဖြစ်ပြီး ဆူနာမီရဲ့ အကြိုလက္ခဏာ မဟုတ်သလို ငလျင်ကြီး လာမဲ့ ရှေ့ပြေးသင်္ကေတဆိုတာလဲ မဟုတ်ကြောင်း အချက်အလက် စစ်ဆေးသုံးသပ်ပါတယ်။ ။
(မှတ်ချက်။ ။ ပုံထဲက နေရာကို ဂြိုဟ်တုဒေတာတွေကတစ်ဆင့် အဆင့်ဆင့် စစ်ဆေးခြေရာကောက်ကြည့်တဲ့အခါ မန္တလေးရဲ့ အနောက်ဘက် ၂ မိုင်ဝန်းကျင်၊ ငလျင်ဗဟိုချက်ကနေ အရှေ့ဘက် ၉ မိုင်အကွာ၊ သမင်ခြံအနောက်ရွာ ဖြစ်မယ်လို့ အနီးစပ်ဆုံး ယူဆထားပါတယ်။)
Written by Julian Htet Aung
Visual located and cross-checked by NoonYuki
Released from Fact Hub Go: Content Writer Desk, Earthquake Response©️ 𝟮𝟬𝟮𝟰-𝟮𝟬𝟮𝟱 | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿
Fact_Hub #Earthquake_Response_15
Fact Hub Myanmar
Proudly powered by FH Editor Team
This content is licensed under CC BY-NC-ND 4.0
