ရုပ်ရှင်ကြည့်ရင်း မုန့်စားတဲ့အခါ၊ မီးဖိုချောင်ထဲမှာ ဟင်းချက်တဲ့အခါ ဒါမှမဟုတ် ငယ်ငယ်က မုန့်စားလိုက်၊ ပြေးဆော့လိုက် လုပ်နေချိန်မှာ ကိုယ်စားနေတဲ့ အစားအစာတွေက လက်ထဲကဖြစ်ဖြစ်၊ လက်နဲ့ တိုက်မိပြီးဖြစ်ဖြစ် တစ်ခါတလေ ပြုတ်ကျဖူးကြပါတယ်။ စာဖတ်သူက အဲဒီလို ပြုတ်ကျသွားတဲ့ အစားအစာတွေကို ပြန်ကောက်စားလေ့ရှိသူလား၊ ဒါမှမဟုတ် လွှင့်ပစ်လေ့ရှိသူလား . . . ?
အများစုကတော့ ကြမ်းပြင်ပေါ်က အစားအစာကို တစ်ချက်ကြည့်မယ်၊ ပြီးရင် ဖြစ်လာနိုင်တဲ့ အန္တရာယ်ကို ချင့်တွက်ကြပြီး ပြန်ကောက်စားဖို့ မသင့်တဲ့နေရာမှာ ပြုတ်ကျသွားတာဆိုရင်တော့ လွှင့်ပစ်လိုက်နိုင်ပါတယ်။ ဒါကလဲ လုံခြုံစိတ်ချရတဲ့ နည်းလမ်းတစ်ခုပေါ့လေ။ ဒါပေမဲ့ ပြုတ်ကျသွားတဲ့ အစားအစာက စာဖတ်သူရဲ့ အကြိုက်ဆုံးဖြစ်နေရင်၊ ဒါမှမဟုတ် ထပ်သွား၀ယ်ဖို့ ပျင်းနေရင်၊ အလုပ်များနေတဲ့အခါတွေဆိုရင်တော့ တော်ရုံနဲ့ ဘယ်လွှင့်ပစ်ချင်ပါတော့မလဲ။ အဲဒီမှာ လူတွေပြောနေကျ ‘ကြမ်းပြင်ပေါ် ပြုတ်ကျသွားရင် သုံးစက္ကန့်အတွင်း ပြန်ကောက်စားလို့ ရတယ်’ ဆိုတဲ့စကား ခေါင်းထဲ ပေါ်လာပြီး တစ်ခါတလေ ပြန်ကောက်စားလိုက်တာမျိုး ရှိလာနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီစကားက တကယ်ရော သိပ္ပံနည်းကျ မှန်ကန်ရဲ့လား၊ အများစုပြောကြသလို သုံးစက္ကန့်အတွင်း ပြန်ကောက်စားလို့ရတာလား၊ မှန်ကန်တဲ့ အချက်အလက်တစ်ခုလား၊ ဒါမှမဟုတ် ပါးစပ်ပြော ယုံတမ်းသာသာလား . . . ? ဒီဆောင်းပါးတိုမှာ စိတ်ကူးထဲ အစားအစာတွေကို Fact Hub နဲ့အတူ ပစ်ချကြည့်ကြရအောင်။
ပြုတ်ကျသွားတဲ့ အစားအစာတွေကို သုံးစက္ကန့်အတွင်း ပြန်ကောက်စားရင် အန္တရာယ်ကင်းတယ်လို့ ထင်တတ်သူထဲ စာဖတ်သူ ပါပါသလား။ အဲဒီမေးခွန်းအတွက် အဖြေကို တန်းပြီး မဆုံးဖြတ်လိုက်ခင်မှာ သိထားဖို့ လိုတာလေးတွေ အရင် ပြောပြချင်ပါတယ်။ နေရာတိုင်းမှာ ဘက်တီးရီးယားတွေ ရှိနေပြီး ဘယ်အစားအစာမဆို ကြမ်းပြင်ပေါ် ကျသွားတာနဲ့ ဘက်တီးရီးယားတွေနဲ့ ထိတွေ့နိုင်ပါတယ်။ ဘက်တီးရီးယားအမျိုးအစားနဲ့ ဘယ်လောက် များသလဲသာ ကျွန်တော်တို့ မသိနိုင်တာပါ။ နောက်တစ်ချက်အနေနဲ့ ပြုတ်ကျသွားတဲ့ အစားအစာကို လက်လိုမျိုး ဆပ်ပြာနဲ့ ပြန်ဆေးကြောလို့ မရပါဘူး။ ဒီလောက်ဆိုရင် “ကြမ်းပြင်ပေါ်မှာ ပြုတ်ကျသွားတဲ့ အစားအစာကို သုံးစက္ကန့်အတွင်းဆို ပြန်ကောက်စားလို့ရပါတယ်” ဆိုတာ သိပ္ပံနည်းကျ အချက်အလက်တစ်ခု မဟုတ်ဘဲ ယုံတမ်းစကားတစ်ခုသာသာဖြစ်ကြောင်း အကြမ်းဖျင်း သိလောက်ပါပြီ။
စင်ကာပူနိုင်ငံ အစားအသောက်အေဂျင်စီရဲ့ ဖော်ပြချက်အရဆိုရင် ဘက်တီးရီးယားလို အဏုဇီဝသက်ရှိတွေဟာ သုံးစက္ကန့်ထက် နည်းတဲ့ အချိန်အတောအတွင်းမှာတောင် အစားအစာတွေထဲ ကူးပြောင်းသွားနိုင်တယ် ဆိုပါတယ်။ အဲဒီဖော်ပြချက်နဲ့ ဆက်စပ်လာတာက အစားအစာ ညစ်ညမ်းတယ်ဆိုတဲ့ နေရာမှာ ပြုတ်ကျတဲ့ မျက်နှာပြင်ပေါ် မူတည်ပြီး အတိုင်းအတာပမာဏ ကွဲသွားတာပါ။ သန့်ရှင်းလုံခြုံတဲ့ တချို့နေရာတွေ၊ မျက်နှာပြင်တွေဆိုရင် ပြုတ်ကျပြီးတာတောင် စိတ်ချလက်ချ ပြန်ကောက်စားလို့ရတဲ့ အခြေအနေတွေ ရှိနိုင်ပါတယ်။ ဒါပေမဲ့ သေချာပေါက် သတိထားဖို့တော့ လိုပါမယ်။
အမေရိကန်ရဲ့ ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်တဲ့ ရက်တ်ဂါး (Rutger) က ပညာရှင်တွေက အဲဒီကိစ္စနဲ့ ပတ်သက်ပြီး သုတေသနတစ်ခု လုပ်ခဲ့ပါတယ်။ သုတေသနရဲ့ ရလဒ်အရ ပြုတ်ကျတဲ့ အစားအစာရဲ့ ညစ်ညမ်းမှုဟာ အဲဒီအစာရဲ့ အစိုဓာတ်၊ ပြုတ်ကျတဲ့ မျက်နှာပြင်နဲ့ ကြာချိန်တွေအပေါ် မူတည်တယ်လို့ ဆိုတာပါ။ စမ်းသပ်ချက်ထဲမှာ ပါဝင်တဲ့ အချက်အလက်တွေကို ချိန်ထိုးကြည့်တဲ့အခါမှာ အမျိုးအစား မတူတဲ့ အစားအစာတွေ အောက်ပြုတ်ကျတဲ့အခါ မတူညီတဲ့ ရလဒ်တွေ တွေ့ရတယ်လို့ သုတေသနဖော်ပြချက်မှာ ပြောထားပါတယ်။ တချို့အစားအစာတွေက အညစ်အကြေးတွေ၊ ဖုန်တွေရဲ့ ချဉ်းကပ်ငြိတွယ်မှုကို တားဆီးခုခံနိုင်ပေမဲ့ တချို့ကတော့ တမဟုတ်ချင်း ညစ်ညမ်းသွားနိုင်တယ်လို့ ဆိုတာပါ။ ကျသွားတဲ့ နေရာရဲ့ မျက်နှာပြင် အမျိုးအစားအပေါ် မူတည်ပြီးတော့လဲ ညစ်ညမ်းမှုနှုန်းက ကွာသွားနိုင်တာပေါ့။
ပြုတ်ကျသွားတဲ့ အစားအစာတစ်ခု ညစ်ညမ်းသွားခြင်း ရှိ၊ မရှိဆိုတာ အဲဒီအစားအစာရဲ့ အစိုဓာတ်နဲ့ တိုက်ရိုက်ဆက်စပ်နေပြန်ပါတယ်။ အပေါ်မှာ ပြောခဲ့တဲ့ သုတေသနထဲမှာဆိုရင် ဖရဲသီးကို နမူနာသုံးပြီး စမ်းခဲ့တာပါ။ ဖရဲသီးက သူ့ရဲ့ နဂိုမူလ သဘာဝအတိုင်း အစိုဓာတ်များတာဖြစ်လို့ ကြမ်းပေါ် ပြုတ်ကျတဲ့အခါမှာ တခြားအစိုဓာတ်နည်းနဲ့ အစားအစာတွေနဲ့ ယှဉ်ရင် ပိုပြီး ညစ်ညမ်းလွယ်တာကို တွေ့ခဲ့ကြပါတယ်။ မျက်နှာပြင်တွေမှာဆိုရင်လဲ ကော်ဇော်လို နေရာမျိုးက အစားအစာ ညစ်ညမ်းစေနိုင်မှုနှုန်း နည်းပြီး ကြွေပြား၊ သံမဏိနဲ့ သစ်သားလို နေရာတွေကတော့ ပြုတ်ကျသွားတဲ့ အစားအစာကို ပိုညစ်ညမ်းစေနိုင်တယ် ဆိုပါတယ်။ တချို့ဖြစ်ရပ်တွေမှာဆိုရင် ပြုတ်ကျသွားတဲ့ အစားအစာထဲ ဘက်တီးရီးယား ဝင်လာတဲ့နှုန်း၊ ကပ်တွယ်တဲ့နှုန်းက တစ်စက္ကန့်တောင် ကြာလေ့မရှိကြောင်း ပညာရှင်တွေ ပြောထားတာပါ။
ဒါကြောင့် စာဖတ်သူဟာ ကြမ်းပြင်ပေါ်က အစားအစာကို ပြန်ကောက်စားတတ်တဲ့သူပဲဖြစ်နေဖြစ်နေ၊ လွှင့်ပစ်တတ်တဲ့သူပဲဖြစ်နေဖြစ်နေ သေချာတာ တစ်ခုကတော့ နေရာတိုင်းမှာ ဘက်တီးရီးယားတွေ ရှိနေပြီး ပြုတ်ကျသွားတဲ့ ဘယ်အစားအစာမဆို အဲဒီဘက်တီးရီးယားတွေ ထိတွေ့ကပ်တွယ်သွားနိုင်ပါတယ်။ အစားအစာ ညစ်ညမ်းမှု လို့ ဆိုရာမှာလဲ အဲဒီအစားအစာရဲ့ အစိုဓာတ်နဲ့ ကျသွားတဲ့ မျက်နှာပြင်အပေါ်လဲ အများကြီး မှီတည်နေတာပါ။ မြင်သာအောင် ပြောရရင် ကြွေပြားပေါ် ကျသွားတဲ့ ငှက်ပျောသီးတစ်လုံးက နေရာတူ ပြုတ်ကျသွားတဲ့ မုန့်ကြွပ်လေးထက် ဘက်တီးရီးယားတွေ ပိုကပ်နေမှာ အသေအချာပါ။ ဒီ့အတွက်ကြောင့် တကယ်လို့သာ ကိုယ်က ကြမ်းပေါ်ကျသွားတဲ့ မုန့်လေးကို ဘာလုပ်ရမှန်းမသိဘဲ တွေဝေနေရင် ကျွမ်းကျင်သူတွေ အကြံပေးထားတဲ့ အကောင်းဆုံးနည်းကတော့ ‘လွှင့်ပစ်လိုက်ပါ’ တဲ့။ ။
References (click to view)
– Singapore Goverment Singapore Food Agency. (n.d.). The “three-second” rule. Food for Thought.
– Lindberg, S. (2019, November 6). Is the 5-Second Rule an Urban Legend? Healthline.
Written by – Khant Nyar Thar
Copy-edited by – Nyan Win Htet
Edited and Reviewed by – Fact Hub Editor Team and H of C
Fact Hub Myanmar
Proudly powered by FH Editor Team
This content is licensed under CC BY-NC-ND 4.0
