
Epigenetics ဆိုတာ မျိုးရိုးဗီဇ DNA မှာ ပြောင်းလဲမှု မရှိဘဲ အပြင်ပိုင်း လွှမ်းမိုးမှုတွေကြောင့် ဗီဇသတ္တိကြွမှုပုံစံ ပြောင်းလဲသွားရတာကို လေ့လာတဲ့ ဘာသာရပ် ဖြစ်ပါတယ်။
ဇီဝပြင်ပသက်ရောက်မှုဗေဒ (Epigenetics)
Epigenetics ဘာသာရပ်ကို မြင်သာအောင် ပြောရရင် မျိုးရိုးဗီဇပိုင်း (Gene) တွေရဲ့ အဖွင့်အပိတ်ကို လေ့လာခြင်းပါ။ ဆဲလ်တွေရဲ့ နျူကလိယထဲက DNA မှာ ထွေထူးပြောင်းလဲတာမျိုး မရှိပေမဲ့ လုပ်ဆောင်မှု (Function) ပြောင်းလဲသွားလို့ ဗီဇထုတ်ဖော်ပုံ (Gene Expression) ပြောင်းသွားတာကို အနုစိပ်လေ့လာတာ ဖြစ်ပါတယ်။ လူတစ်ဦးတစ်ယောက်ဟာ သူ့ရဲ့ ပတ်ဝန်းကျင်၊ နေပုံထိုင်ပုံနဲ့ အစားအသောက် . . . စသဖြင့် ထိန်းချုပ်လို့ ရတဲ့ ကဏ္ဍတွေကြောင့် DNA မှာ သီးခြားပြောင်းလဲသွားတာ မရှိပေမဲ့ ဗီဇထုတ်ဖော်ပုံ ပြောင်းလဲသွားရတာမျိုးကို Epigenetics က အထူးပြုတာပါ။
ဗီဇထုတ်ဖော်ပုံလို့ ဆိုရာမှာ ဆဲလ်တွေ အားလုံးဟာ တူညီတဲ့ DNA ပေါ် အခြေခံပြီးပဲ အလုပ်လုပ်ကြရပါတယ်။ မျက်လုံးမှာ ရှိတဲ့ ဆဲလ်ရဲ့ မျိုးဗီဇဆိုင်ရာ ညွှန်ကြားချက်နဲ့ နှလုံးမှာ ရှိတဲ့ ဆဲလ်ရဲ့ မျိုးဗီဇညွှန်ကြားချက်ဟာ အတူတူပါပဲ။ တခြားနေရာတွေက ဆဲလ်တွေရဲ့ မျိုးဗီဇတွေဟာလဲ ကွဲပြားခြင်း မရှိပါဘူး။ ဒါပေမဲ့ မျက်လုံးဆဲလ်ကတော့ မျက်လုံးနဲ့ ဆိုင်တဲ့ အလုပ်ကိုပဲ လုပ်ရမှာမို့ မလိုတဲ့ ဗီဇပိုင်းတွေကို ပိတ်ထားပါတယ်။ နှလုံးဆဲလ်၊ ကြွက်သားဆဲလ်၊ နာ့ဗ်ဆဲလ်၊ အရိုးဆဲလ် . . . စတာတွေဟာလဲ သူတို့ လုပ်ရမဲ့ အလုပ်နဲ့ ဆိုင်တာကိုပဲ ဦးလှည့်နိုင်ဖို့ မဆိုင်တာတွေကို ပိတ်ထားကြရတာပေါ့။ ဒါကို ဗီဇထုတ်ဖော်တယ်၊ မျိုးရိုးဗီဇ သတ္တိကြွတယ် . . . စသဖြင့် သုံးနှုန်းကြတာပါ။ တချို့ဗီဇပိုင်းတွေကတော့ အလုပ်လုပ်ရမဲ့ အချိန်ကျမှ ပွင့်လာတာမျိုးတွေလဲ ရှိပါတယ်။
| Writer | Min Z |
| Copy-editor | Aung Min Khant |
Scientific Terms Explanation Program ဆိုတာ လူသိနည်းပြီး ရင်းနှီးကျွမ်းဝင်မှု သိပ်မရှိကြတဲ့ သိပ္ပံဆိုင်ရာ ဝေါဟာရတွေအကြောင်း Fact Hub ကနေ နေ့စဉ် ရှင်းပြတင်ဆက်ပေးသွားမဲ့ ပရိုဂရမ်အသစ်တစ်ခုပဲ ဖြစ်ပါတယ်။
Fact Hub Myanmar
Proudly powered by FH Editor Team
This content is licensed under CC BY-NC-ND 4.0
