
မြေငလျင်တစ်ခု လှုပ်ခတ်ပြီးသွားရင် မြေသားအတွင်းပိုင်းမှာ ရှိတဲ့ အမှုန်လေးတွေက တုန်ခါမှုကြောင့် မြေသားရဲ့ တည်ဆောက်ပုံကို ပြောင်းလဲသွားစေပါတယ်။ ဒါက မြေသားရဲ့ ကြံ့ခိုင်မှုလို့ ခေါ်တဲ့ Shear-Strength ကို အတိုင်းအတာတစ်ခုအထိ လျော့ကျသွားစေပါတယ် (Shear-Strength ဆိုတာက မြေသားကို ဘေးတိုက် ရွေ့လျားစေတဲ့ အားတွေကို ပြန်ခုခံခြင်းလို့ အကြမ်းဖျင်း မှတ်လို့ရပြီး ဒီ S-S မြင့်ရင် မြင့်သလောက် မြေသားကြံ့ခိုင်မှု ကောင်းတဲ့အတွက် မြေပြိုနိုင်မှုလဲ နည်းစေပါတယ်)။ တစ်နည်းပြောရရင် ပုံစံတကျရှိပြီးသား မြေမှုန်တွေက ငလျင်ကြောင့် ပရမ်းပတာဖြစ်ကုန်တာမျိုးပေါ့။
ရေပါ၀င်မှုများတဲ့ မြေသားမှာဆိုရင် ဒီဖြစ်စဉ်ကြောင့် မြေသားဖွဲ့စည်းမှု လုံး၀ ပျက်ယွင်းသွားပြီး မြေအရည်ပျော်ခြင်း (Liquefaction) ကို ဖြစ်ပေါ်စေပါတယ်။ လက်ရှိ Fact Hub Myanmar က စာရင်းပြုစုထားရသလောက် ငလျင်လှုပ်ခတ်မှုကြောင့် မြေအရည်ပျော်ခြင်း ဖြစ်ပွားတဲ့ နေရာတွေက
— အင်း၀တံတား (ငလျင်ပြီးနောက် မြစ်အောက်ကြမ်းပြင် မြေအရည်ပျော်မှုကြောင့် အောက်ခြေတိုင် ဖောင်ဒေးရှင်းတွေ ပြိုလဲသွားတယ်လို့ ယူဆရတယ်)
— မန္တလေးနဲ့ စစ်ကိုင်းအနီးတစ်ဝိုက် (ဒီနေရာတွေရဲ့ မြေအရည်ပျော်တာကို အိန္ဒိယ အာကာသ သုတေသနအဖွဲ့အစည်း (ISRO) ရဲ့ CARTOSAT-3 ဂြိုဟ်တု ပုံရိပ်တွေကနေ အတည်ပြုထားပါတယ်)
— မြစ်သားမြို့နယ် (Facebook မှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုတွေအရ သိရပါတယ်) တွေပဲ ဖြစ်ပါတယ်။
လက်ရှိ မိုးလေ၀သခန့်မှန်းမော်ဒယ်တွေအရ ဧပြီလ လဆန်းပိုင်း ၅ ရက်နဲ့ ၆ ရက်နေ့တွေမှာ မိုးထစ်ချုန်းရွာမယ်လို့ သိရပါတယ်။ ငလျင်ဒဏ်ခံရတဲ့ မြေသားဟာ ကြံ့ခိုင်မှု နည်းနေပြီးဖြစ်တဲ့အတွက် မိုးရွာလာတဲ့အခါ မြေပြိုမှုတွေ ပိုပြီး ဖြစ်ပွားနိုင်ချေများတယ်လို့ ယူဆရပါတယ်။
၂၀၂၄ ခုနှစ် ရမည်းသင်းမြို့ ရေကြီးခဲ့စဉ်က မြေပြိုမှုကြောင့် လူပေါင်း ရာနဲ့ချီ အသက်ဆုံးရှုံးခဲ့ပါတယ်။ ဒီနှစ် ၂၀၂၅ ငလျင်မှာလဲ ရမည်းသင်းဟာ အသက်များစွာကို ဆုံးရှုံးထားရပြီး နောက်ထပ်ရက်ပိုင်းအတွင်းမှာ မိုးရွာလာခဲ့မယ်ဆိုရင် မြေသားအတွင်း ရေစိမ့်၀င်မှုတွေကြောင့် မြေကြံ့ခိုင်မှုလျော့ကျလာပြီး ငလျင်အသေးစားတွေ လှုပ်ခတ်တာနဲ့ မြေပြိုကျမှုတွေ ဖြစ်လာနိုင်ပါတယ်။ လွန်ခဲ့တဲ့ နာရီပိုင်းအတွင်း မန္တလေးမြို့နဲ့ ၁၅ ကီလိုမီတာအကွာ၊ မြေအောက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ၅ အဆင့်ရှိတဲ့ ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ပါတယ်။ ဒီလို ငလျင်မျိုးက ဇောက်တိမ်ငလျင် ဖြစ်တဲ့အတွက် အင်အားသိသာပြီး မိုးရွာသွန်းမှုကြောင့် ရေပြည့်၀နေတဲ့ မြေသားတွေမှာ မြေပြိုမှု ဖြစ်ပေါ်လာစေဖို့ ရာခိုင်နှုန်း များစေပါတယ်။
ဆက်ပြီး မိုးလေ၀သကျွမ်းကျင်သူ ဦး၀င်းနိုင်က ဧပြီလ ၃ ရက်နေ့မှာ မုန်တိုင်း စတင်ဖြစ်ပေါ်ဖို့ ၄၀ ရာခိုင်နှုန်းရှိပြီး ဧပြီလ ၅ ရက်နဲ့ ၆ ရက်နေ့တွေမှာ မုန်တိုင်းဖြစ်ပေါ်ဖို့ ၆၀ ရာခိုင်နှုန်းအထိ ရှိတယ်လို့ မိုးလေဝသမော်ဒယ်တွေကို လေ့လာပြီး ခန့်မှန်းပေးထားပါတယ်။ ဒီတော့ မုန်တိုင်းသာ အမှန်တကယ် ၀င်လာခဲ့မယ်ဆိုရင် မိုးကြောင့် ငလျင်ဒဏ်သင့်မြေသားတွေမှာ မြေပြိုမှုနှုန်း ပိုပြီး များလာနိုင်ပါတယ်။
ဒါကြောင့် ငလျင်ဒဏ်သင့်ဒေသတွေက ပြည်သူတွေအနေနဲ့ မိုးလေ၀သသတင်းအပြင် မုန်တိုင်းသတင်းကိုပါ စဉ်ဆက်မပြတ် နားစွင့်ထားရမှာဖြစ်သလို မြေပြိုနိုင်တယ်ဆိုတဲ့ အခြေအနေကိုလဲ သတိပြုမိဖို့ လိုအပ်လှပါတယ်။
Written by Julian Htet Aung
Released from Fact Hub Go: Content Writer Desk, Earthquake Response
©️ 𝟮𝟬𝟮𝟰-𝟮𝟬𝟮𝟱 | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿
Fact_Hub #Earthquake_response_11
Fact Hub Myanmar
Proudly powered by FH Editor Team
This content is licensed under CC BY-NC-ND 4.0
