ကမ္ဘာ့တိုက်ကြီးခုနစ်တိုက်မှာ အန္တာတိကတိုက်ဟာ အလွန်အေးတဲ့ တိုက်ဖြစ်ပြီး သူ့ရဲ့ အေးခဲပြီးကြမ်းတမ်းတဲ့ ရာသီဥတုကြောင့် အဲ့ဒီဒေသမှာ အပင်တွေ ပေါက်ဖို့၊ ပန်းတွေ ပွင့်ဖို့ အတော်ခက်ခဲကြပါတယ်။ အန္တာတိကမှာ အခြားအပင်မျိုးစိတ် များများစားစား ရှင်သန်ပေါက်ရောက်နိုင်ခြင်း မရှိဘဲ Antarctic Hair Grass နဲ့ Antarctic Pearlwort ဆိုတဲ့ ဒေသမျိုးရင်း ပန်းမျိုးစိတ်နှစ်မျိုးတည်းကသာ အရေအတွက်အနည်းငယ်နဲ့ ရှိနေတာပါ။
ဒါပေမဲ့ မကြာသေးခင်အချိန်ကပဲ အန္တာတိကမှာ ပန်းပွင့်တွေ ပိုမိုပေါများစွာ လျင်လျင်မြန်မြန်နဲ့ ပေါက်ရောက်လာကြတယ်လို့ လေ့လာတွေ့ရှိချက်တွေအရ ဖော်ပြထားပါတယ်။ ဒီလက္ခဏာဟာ ကမ္ဘာကြီးပိုမိုသာယာဝပြောလာပြီး စိမ်းလန်းစိုပြေလာတယ်လို့ ယူဆရတဲ့ သတင်းကောင်းတစ်ခုတော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ နှစ်အနည်းငယ်က စလို့ ကမ္ဘာကြီးပူနွေးမှု မြင့်လာတာကြောင့် ရာသီဥတုပြောင်းလဲမှုတွေ ဖြစ်လာခဲ့ပြီး ဝင်ရိုးစွန်းဒေသက ရေခဲပြင်တွေဟာလဲ အရည်ပျော်တာတွေ များပြားလာခဲ့ပါတယ်။ သုတေသနစစ်တမ်းရလဒ်တွေအရဆိုရင် ဒီအပင်မျိုးစိတ်နှစ်ခုရဲ့ ၂၀၀၉ – ၂၀၁၉ ခုနှစ်အတွင်းက ကြီးထွားပေါက်ပွားမှုနှုန်းနဲ့ ပျံ့နှံ့မှုနှုန်းဟာ လွန်ခဲ့တဲ့ အနှစ် ၅၀ က နှုန်းထက် ပိုမိုလျင်မြန်စွာ မြင့်တက်လာပြီး တစ်နှစ်ထက်တစ်နှစ် ဆထက်တိုး များပြားလာရင်း လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေကထက် ငါးဆကနေ ဆယ်ဆလောက်ထိကို ပိုလာကြောင်း တွေ့ရှိခဲ့ရပါတယ်။ ဒီပန်းမျိုးစိတ်တွေတင် မကသေးဘဲ ရေညှိနဲ့ Algae တို့ဟာလဲ ပြီးခဲ့တဲ့ နှစ်တွေနဲ့ ယှဉ်ကြည့်ရင် အဲ့ဒီ့ဒေသမှာ ပေါက်ရောက်မှုတွေ များပြားလာခဲ့ပါသေးတယ်။
ကမ္ဘာကြီးပူနွေးလာတာကြောင့် ရေခဲပြင်တွေ အရည်ပျော်လာတာနဲ့အမျှ တစ်ဆက်တည်းမှာပဲ အစာကွင်းဆက်ယိုယွင်းပြီး အမဲလိုက်ဖို့ ခက်ခဲလာကြတာကြောင့် ဒေသတိရစ္ဆာန်တွေအနေနဲ့ အစာငတ်မွတ်ခေါင်းပါးမှုဒဏ်ကို ဆိုးဆိုးရွားရွားခံနေရပြီး မျိုးသုဉ်းမှုအန္တရာယ်တွေပါ အဆမတန်မြင့်တက်လာတာပါ။ ဒါတွေကို ကြည့်ခြင်းအားဖြင့် ကမ္ဘာကြီးပူနွေးလာမှု (Global Warming) ဟာ လူသားတွေရဲ့ ပေါ့ဆမှုတွေကြောင့် ဆိုးသထက်ဆိုးလာတာကို တွေ့နိုင်ပြီး ယခုအချိန်မှာဆိုရင် ကမ္ဘာကြီးကို ပိုမိုထိန်းသိမ်းကာကွယ်စောင့်ရှောက်ဖို့ အရေးစိုက်သင့်ကြောင်း အသိပေးချင်ပါတယ်ခင်ဗျာ။
#Fact_Hub #Short_Fact #Anartica_Flowers #Climate_Change
Fact Hub Myanmar
Proudly powered by FH Editor Team
This content is licensed under CC BY-NC-ND 4.0
