Close Menu
Fact Hub Myanmar
    Archives
    • April 2025
    • March 2025
    • January 2025
    • November 2024
    • October 2024
    • September 2024
    • July 2024
    • May 2024
    • March 2024
    • January 2024
    • December 2023
    • November 2023
    • October 2023
    • September 2023
    • August 2023
    • July 2023
    • June 2023
    • May 2023
    • April 2023

    ရှင်သန်ကျန်ရစ်သူရဲ့ အပြစ်ရှိစိတ် (Survivor Guilt) ကို ဘယ်လို သက်သာစေမလဲ . . .

    April 4, 2025

    ငလျင်ကို ဘာကြောင့် ကြိုတင်ခန့်မှန်းလို့ မရတာလဲ . . . ?

    April 4, 2025

    မန္တလေးကျုံးက ပလတ်စတစ်နဲ့ ဖော့ဘူးခွံတွေ

    April 4, 2025

    မြစ်ရေခမ်းတာလား . . . မြေအရည်ပျော်တာလား . . . ?

    April 4, 2025
    Facebook X (Twitter) Instagram
    Fact Hub Myanmar
    • In-depth Articles
    • News
    • Contri Column
    Fact Hub Myanmar
    Home»Uncategorized»ချာနိုဘယ်ဓာတ်ပေါင်းဖို ဘာလို့ ပေါက်ကွဲခဲ့ရတာလဲ
    Uncategorized

    ချာနိုဘယ်ဓာတ်ပေါင်းဖို ဘာလို့ ပေါက်ကွဲခဲ့ရတာလဲ

    Zwe Thukha MinBy Zwe Thukha MinMay 3, 2023Updated:January 15, 2024No Comments7 Mins Read
    ချာနိုဘယ်ဓာတ်ပေါင်းဖို ဘာလို့ ပေါက်ကွဲခဲ့ရတာလဲ
    Share
    Facebook Email Telegram

    ချာနိုဘယ်ဓာတ်ပေါင်းဖို ဘာလို့ ပေါက်ကွဲခဲ့ရတာလဲ

    လွန်ခဲ့တဲ့ ၃၇ ခုနှစ် .. ၁၉၈၆ ခုနှစ် ဧပြီလ ၂၆ ရက်နေ့မှာ သမိုင်းမှာအဆိုးရွားဆုံးနဲ့ အကြီးမားဆုံး နျူကလီးယားဓာတ်ပေါင်းဖို ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီးတော့ အဲ့ဒီဖြစ်ရပ်ကို နျူကလီးယား ကပ်ဘေးလို့တောင် တင်စားခေါ်ဝေါ်ရလောက်တဲ့ အထိ ပြင်းထန်ခဲ့ပါတယ်။ အဲ့ဒီဖြစ်ရပ်ဆိုးက ဆိုဗီယက်ပြည်ထောင်စုပိုင် ယူကရိမ်းနိုင်ငံ ပရီပြာ့တ်မြို့မှာ ဖြစ်ပွားခဲ့တဲ့ ကမ္ဘာကျော် ချာနိုဘယ်ပေါက်ကွဲမှုပါပဲ။ ဒီပေါက်ကွဲမှုကြောင့် ဖြစ်စဉ်ပြီးပြီးချင်း နာရီပိုင်းကာလအတွင်းကနေ ရက်အနည်းငယ်အတွင်းမှာပဲ ပေါက်ကွဲမှုနဲ့ ပြင်းထန်တဲ့ ရေဒီယိုသတ္တိကြွအဆိပ်သင့်မှုတွေကြောင့် ဓာတ်ပေါင်းဖိုအလုပ်သမားတွေ၊ အနီးနားက မီးသတ်ဝန်ထမ်းတွေနဲ့ အခြားလုပ်သား စုစုပေါင်း အယောက် ၃၀ ကနေ ၅၀ ခန့်သေဆုံးခဲ့ပါတယ်။ နောက်ဆက်တွဲဆိုးကျိုတွေအနေနဲ့ ရေဒီယိုသတ္တိကြွမှုတွေက ယူကရိမ်းနိုင်ငံကနေ အိမ်နီးချင်းကပ်လျက် ဘယ်လာရုစ်စ်နိုင်ငံအပြင် ဉရောပတိုက်နိုင်ငံအချို့အထိပါ ပြန့်နှံ့ခဲ့ပါတယ်။ ရေဒီယိုသတ္တိအဆိပ်သင့်မှုကြောင့် ခန့်မှန်းချေ ပြည်သူ လေးထောင်ကနေ တစ်သိန်းခန့်ကြား သေဆုံးခဲ့ကြသလို ပြည်သူအယောက် နှစ်သိန်းခန့် ရေတာရှည်ရောဂါဝေဒနာတွေ ခံစားခဲ့ရပါတယ်။ (၃၁ ယောက်သေတယ်ဆိုတာ ဆိုဗီယက်ထုတ်ပြန်ချက်ပါ။)

    ဒီဖြစ်ရပ်ဆိုးကြီး ဖြစ်ပွားရခြင်းရဲ့ နောက်ကွယ်မှာ လူသိပ်မသိတဲ့ အကြောင်းအရင်းတွေ အများကြီးပါဝင်ပါတယ်။ ဆိုရှယ်လစ်အစိုးရရဲ့ တစ်ပါတီ ကွန်မြူနစ် အာဏာရှင်စနစ်ကြောင့် မြစ်ဖျားခံလာစေတဲ့ ဘေးထွက်ဆိုးကျိုးတွေ၊ စစ်အေးတိုက်ပွဲကာလအတွင်း အင်အားကြီးနိုင်ငံ အချင်းချင်း အားပြိုင်ခဲ့ကြတဲ့ အခြေအနေတွေနဲ့ ဖြစ်တည်လာတဲ့ နိုင်ငံရေးပဋိပက္ခတွေ၊ သတင်းအချက်အလက်လွတ်လပ်စွာ စီးဆင်းနိုင်မှု မရှိတာတွေအပြင်.. အဆိုးဆုံးက အမှန်တရားကို မျက်ကွယ်ပြုတာတွေ စတာတွေအကုန်လုံးဟာ ဒီဖြစ်ရပ်ဆိုးကြီး ဖြစ်ပွားရခြင်းရဲ့ နောက်ကွယ်မှာ တည်ရှိလို့နေပါတယ်။ ဒါဆိုရင် ဒီ ချာနိုဘယ်ဓာတ်ပေါင်းဖိုက ဘယ်လို အကြောင်းအရင်းတွေကြောင့် ပေါက်ကွဲခဲ့ရတာလဲ၊ အုပ်ချုပ်သူအစိုးရတွေနဲ့ ဘယ်လိုသက်ဆိုင်နေတာလဲ၊ နျူကလီးယားစွမ်းအင်သုံး RBMK ဓာတ်ပေါင်းဖိုတွေရဲ့ အကြီးမားဆုံး ဒီဇိုင်းအမှားနဲ့ ဓာတ်ပေါင်းဖိုအော်ပရေတာတွေရဲ့ ကိုင်တွယ်ပုံတွေကရော ဘယ်လိုသက်ရောက်စေခဲ့တာလဲ။ ဒီအကြောင်းအရာတွေကို ဒီဆောင်းပါးမှာ စာဖတ်သူတွေနဲ့ အတူတူ ဆွေးနွေးကြည့်ကြရအောင်ပါ။

    မစခင်မှာ ဒီဆောင်းပါးကို ဖတ်ဖို့အတွက် နျူကလီးယားဓာတ်ပေါင်းဖိုတွေရဲ့ အလုပ်လုပ်ပုံကို သေချာနားလည်ထားဖို့ လိုအပ်ပါတယ်။ မသိသေးတဲ့သူတွေဆိုရင် ဒီလင့်ခ်ကတဆင့် ဖတ်ရှူနိုင်ပါတယ်။ အခြေခံအသိရှိထားတဲ့သူတွေဆိုရင် ဆက်ဖတ်နိုင်ပါတယ်။

    အဲ့ဆောင်းပါးကိုအရင် အေးအေးဆေးဆေးဖတ်ပြီး နားလည်ပြီးမှ ဒီဟာကို ဆက်ဖတ်ရင် ဖတ်လို့ ပိုကောင်းနိုင်ပါတယ်။ (နျူဓာတ်ပေါင်းဖိုတွေနဲ့ ပတ်သက်လို့ အလုပ်လုပ်ပုံ အသေးစိတ်ကို ဒီမှာထည့်မရေးတော့ပါဘူး။)

    ပရီပြာ့တ်မြို့မှာရှိတဲ့ ချာနိုဘယ်နျူကလီးယားစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံဇုံမှာ ဓာတ်ပေါင်းဖို ယူနစ် လေးခုရှိပါတယ်။ ယူနစ်နံပါတ်လေးက ၁၉၈၃ ခုနှစ်မှာ စတင်လည်ပတ်ခဲ့ပြီးတော့ ချာနိုဘယ်နျူကလီးယားပေါက်ကွဲမှုက အဲ့ဒီဓာတ်ပေါင်းဖိုမှာ ဖြစ်ပွားခဲ့တာပါ။ ဖြစ်ရပ်တစ်ခုချင်းစီနဲ့ ကြည့်ကြည့်ရအောင်ပါ။

    ဆိုဗီယက်အစိုးရပိုင် RBMK ဓာတ်ပေါင်းဖိုတွေမှာ မဖြစ်မနေလုပ်ရတဲ့ လုံခြုံရေးစမ်းသပ်ချက်တစ်ခုရှိပါတယ်။ နျူကလီးယားဓာတ်ပေါင်းဖိုတွေမှာ လောင်စာဓာတ်ပြုမှုကြောင့် နျူကလီးယားဖစ်ရှင်ကနေ အူတိုင်မှာ အပူတွေဖြစ်စေတယ်၊ အအေးခံအရည်ကန်တွေက pump တွေကနေတဆင့် အူတိုင်ဆီကို ရေအေးတွေ ပေးလွှတ်တယ်။ အဲ့ဒီအပူတွေကို ရေအေးတွေနဲ့ စုပ်ယူစေပြီး စုပ်ယူထားတဲ့ ရေတွေက အပူချိန်ကြောင့် ရေနွေးငွေ့အဖြစ်ကို ပြောင်းတယ်၊ အဲ့ဒီကနေမှ တာဘိုင်တွေကို ရေနွေးငွေ့နဲ့ လည်စေပြီး လျှပ်စစ်ထုတ်တယ်။ အဲ့ဒီလိုလည်ပတ်နေတဲ့ နျူကလီးယားဓာတ်အားပေးစက်ရုံမှာ ဓာတ်အားပြတ်တောက်ခဲ့မယ်ဆိုရင် အကြီးအကျယ် ပြဿနာရှိနိုင်ပါတယ်၊ စက်ပစ္စည်းချို့ယွင်းတာ၊ ဓာတ်အားပြတ်တောက်တာ၊ ဒါမှမဟုတ် တခြားနိုင်ငံတစ်နိုင်ငံက စတင်ကျူးကျော်တိုက်ခိုက်တာ စသဖြင့် ဖြစ်နိုင်ချေရှိတဲ့ အခြေအနေတွေကို မှန်းဆပြီး အကယ်၍သာ ခေတ္တခဏ ဓာတ်အားပြတ်တောက်ခဲ့မယ်ဆိုရင် ဘယ်လိုဆက်လုပ်မလဲ၊ ဓာတ်ပေါင်းဖိုလည်ပတ်နိုင်တဲ့ အခြေအနေရှိနိုင်လားဆိုတာကို စမ်းသပ်တာဖြစ်ပါတယ်။ ဓာတ်အားသာ မိနစ်အနည်းငယ်ပြတ်တောက်ခဲ့မယ်ဆိုရင် အချိန်တိုအတွင်း ဖစ်ရှင်ကြောင့်ဖြစ်တဲ့ အပူတွေကနေတဆင့် အူတိုင်အရည်ပျော်ပြီး နျူကလီးယား ကပ်ဘေးဆိုက်မှာပါ၊ ဒါကြောင့် ဒီလုံခြုံရေးစမ်းသပ်ချက်ကို လုပ်ရပါတယ်။ ချာနိုဘယ်ဓာတ်အားပေးစက်ရုံရဲ့ လုံခြုံရေးစမ်းသပ်ချက်ကို ၁၉၈၂ မှာတစ်ကြိမ်၊ ၁၉၈၄ မှာတစ်ကြိမ်၊ ၁၉၈၅ မှာတစ်ကြိမ် သုံးကြိမ်တိုင်တိုင်ပြုလုပ်ပြီးပါပြီ။ မအောင်မြင်ခဲ့ပါဘူး၊ အဲ့ဒီအခါမှာ ၁၉၈၆ ခုနှစ် ဧပြီလမှာ ထပ်မံစမ်းသပ်ဖို့ လုပ်ကြပါတယ်။ နျူကလီးယားဓာတ်ပေါင်းဖိုတစ်ခု လည်ပတ်နိုင်ဖို့အတွက် လျှပ်စစ်ဓာတ်အား (ပါဝါ) လိုအပ်ပါတယ်။ အကယ်၍ ဓာတ်ပေါင်းဖိုကို ပေးနေတဲ့ ပါဝါသာ ရုတ်တရတ် ပြတ်တောက်သွားခဲ့မယ်ဆိုရင် ဓာတ်အားပေးနိုင်ဖို့အတွက် အရံအစီအစဉ်အနေနဲ့ ရည်ရွယ်ပြီး ဒီဇယ်ဓာတ်အားပေးစက်သုံးလုံးကို ချာနိုဘယ်မှာ ထားထားပါတယ်။ ပြဿနာက အဲ့ဒီဒီဇယ်ဂျင်နရေတာတွေက စတင်လည်ပတ်ဖို့အတွက် ၁၅ စက္ကန့်ခန့်သာ ကြာမြင့်ပေမယ့် ဓာတ်ပေါင်းဖိုရဲ့ အအေးခံအရည်ပေး pump တွေ အလုပ်လုပ်နိုင်ဖို့အတွက် လိုအပ်တဲ့ မီဂါဝက်ပါဝါကို ရောက်ရှိဖို့ စက္ကန့် ၆၀ ကနေ ၇၅ စက္ကန့်အထိ ကြာမြင့်ပါတယ်။ စမ်းသပ်ချက်က အဲ့ဒီ ကြားထဲက လစ်လပ်သွားတဲ့ အချိန်ကာလလေးအတွင်းမှာ ပါဝါမရှိတော့တဲ့အခါ ရေနွေးငွေ့တာဘိုင်က နှေးပြီး ရပ်သွားဖို့ အချိန်အနည်းငယ်ကြာပါတယ်။ အဲ့အရှိန်လျော့ပြီး လည်ပတ်နေတဲ့ အချိန်ကာလလေးအတွင်းမှာ တာဘိုင်ကနေပြီး ဓာတ်ပေါင်းဖိုရဲ့ အအေးခံအရည်ပေး pump တွေကို ဂျန်နရေတာဆီက ပါဝါအပြည့်မရောက်လာခင် အချိန်ခဏတာ ပါဝါပေးထားနိုင်မလားဆိုတာကို စမ်းတာ ဖြစ်ပါတယ်။ အဲ့ဒီစမ်းသပ်ချက်က နျူကလီးယားဓာတ်ပေါင်းဖို တည်တည်ခြင်းမှာ လုပ်ရတဲ့စမ်းသပ်ချက်ဖြစ်ပေမယ့် စနစ်ဆိုးရဲ့ ထုံးစံအတိုင်း ဖြတ်စား လာဘ်စားတွေနဲ့ အထက်ကို ဖော်လန်ဖား လုပ်ချင်တာကြောင့် ဓာတ်ပေါင်းဖိုရဲ့ လုံခြုံရေးစမ်းသပ်ချက်ကို အမှန်တကယ်ပြီးမြောက်ခြင်းမရှိသေးဘဲနဲ့ စက်ရုံဒါရိုက်တာ ဗစ်တာဘူခါနော့ဗ်က ၁၉၈၃ ခုနှစ်မကုန်ခင် ဒီဇင်ဘာ ၂၀ ရက်နေ့မှာ ချာနိုဘယ် နျူကလီးယား ဓာတ်အားပေး စက်ရုံကြီးတည်ဆောက်တာ အောင်အောင်မြင်မြင်ပြီးမြောက်ပါကြောင်းဆိုပြီး document ပေါ် လက်မှတ်ရေးထိုးလိုက်ပါတယ်၊ တစ်ဖက်မှာတော့ ချာနိုဘယ်က လုံခြုံရေးစမ်းသပ်ချက်မပြီးသေးဘဲနဲ့ စတင်လည်ပတ်နေခဲ့တာပါ။

    စမ်းသပ်ချက်က သုံးကြိမ်တိုင်တိုင် မအောင်မြင်ခဲ့တာကြောင့် စက်ရုံရဲ့ ခေါင်းကြီးတွေအပေါ်ကို အထက်က ဖိအားပေးလာတယ်။ နောက် သူတို့အနေနဲ့ ဧပြီလမကုန်ခင် ဒီစမ်းသပ်ချက်ကို အပြီးသတ်နိုင်ရင် ရာထူးတိုးနိုင်မယ့်အခွင့်အရေးကလည်း ရှိနေပါတယ်။ ဒါ့အပြင် ဒီတစ်ခေါက်စမ်းသပ်ချက်သာ မအောင်မြင်ခဲ့ရင် နောက်သုံးနှစ်နေမှ စမ်းသပ်ချက်ကို ထပ်လုပ်နိုင်တော့မှာ ဖြစ်လို့ မရရတဲ့ နည်းနဲ့ ပြီးအောင်လုပ်ဖို့ကိုသာ ခေါင်းထဲရှိနေခဲ့ကြတာပါ။ ဒါကြောင့် လုံခြုံရေးစမ်းသပ်ချက်ကို ဧပြီလ ၂၆ ရက်နေ့မှာ ထပ်မံပြုလုပ်ဖို့အတွက် ပြင်ဆင်ထားပါပြီ။

    ပေါက်ကွဲမှုမဖြစ်ခင် ဧပြီ ၂၅ ရက်နေ့ကို သွားကြည့်ကြရအောင်ပါ။ အစပိုင်းမှာတော့ ဒီစမ်းသပ်ချက်ကို မနက်ပိုင်းအပြီးလုပ်ဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။ စမ်းသပ်ချက်ကို ပြုလုပ်ဖို့အတွက် ဓာတ်အားပမာဏကို မူလထက် ၂၅% တိတိလျှော့ချပြီး အနိမ့်မှာထားရမှာပါ။ ဓာတ်အားပြတ်တောက်တာကို အစမ်းအနေနဲ့ နမူနာဖန်တီးဖို့ ဖြစ်ပါတယ်။ ပေါက်ကွဲမှု မဖြစ်ခင် ဆယ်နာရီအလို ဧပြီလ ၂၅ ရက် နေ့လယ်နှစ်နာရီမှာ ဓာတ်ပေါင်းဖိုရဲ့ မူလဓာတ်အားပမာဏဖြစ်တဲ့ ၃၂၀၀ မီဂါဝက်ကနေ ၁၆၀၀ မီဂါဝက်တိတိကို လျှော့ချလိုက်ပါပြီ။ သာမန်အားဖြင့်တော့ ဓာတ်အားပမာဏလျှော့ချလိုက်တာနဲ့ အူတိုင်က မငြိမ်မသက်ဖြစ်လာတတ်ပါတယ်၊ ဓာတ်ပြုမှုတွေ ဆက်တိုက်ဖြစ်လာတဲ့အခါ ဇီနွန်လို့ခေါ်တဲ့ ဒြပ်စင်တွေ ဖြစ်ပေါ်စေပါတယ်၊ ဇီနွန်က နျူထရွန်တွေကို စုပ်ယူစားသုံးလို့ ဓာတ်ပေါင်းဖိုရဲ့ အူတိုင်မှာ ဓာတ်ပြုမှုတွေ တည်ငြိမ်စေပါတယ်၊ ဒါကြောင့် ဓာတ်ပေါင်းဖိုအော်ပရေတာတွေက မီးအားကို ၁၆၀၀ ကနေ ၇၀၀ မီဂါဝက်ကို ဆက်လျှော့ပြီး စမ်းသပ်ချက်စဖို့ စိုင်းပြင်းနေပါပြီ။ သူတို့ဆက်လုပ်ဖို့ ပြင်နေတဲ့ အချိန်အတွင်းမှာပဲ ကီးရက်ဗ်ဓာတ်အားပေး အဖွဲ့ဆီက ဖုန်းဝင်လာပါတယ်။ အဲ့တာက ချာနိုဘယ်နားမှာရှိတဲ့ ကျောက်မီးသွေးလျှပ်စစ်ဓာတ်အားပေး စက်ရုံမှာ လျှပ်စစ်ပြတ်တောက်သွားတာဖြစ်လို့ အနီးအနားက အိမ်တွေနဲ့ စက်ရုံတွေ ဆက်လည်ပတ်နိုင်ဖို့ ချာနိုဘယ်အနေနဲ့ လျှပ်စစ်ဓာတ်အားဆက်ပေးထားရမှာဖြစ်ပါတယ်။ သန်းခေါင်မတိုင်ခင်အချိန်အထိ ဓာတ်အားလျှော့ချခွင့်မပေးနိုင်ဘူးလို့ သူတို့က ဆိုပါတယ်၊ လကုန်ရက်ဖြစ်လို့ စက်ရုံတွေကလည်း ကုန်ထုတ်လုပ်နှုန်းပြည့်မီဖို့လိုတာဖြစ်လို့ အချိန်ပြည့်လည်ပတ်နေရသလို ဝန်ထမ်းတေွကပါ အချိန်ပိုဆင်းနေရပါတယ်။ ဒါကြောင့် ဆယ်နာရီစောင့်ပြီးမှ ဓာတ်အားလျှော့ချတာကို ဆက်လုပ်ဖို့ ဖြစ်ပါတယ်။ သာမန်ခေါင်းဆောင်တွေဆိုရင်တော့ စမ်းသပ်ချက်ကို ပယ်ဖျက်မှာဖြစ်ပေမယ့် စက်ရုံဒါရိုက်တာ ဗစ်တာဘူခါနော့ဗ်၊ အော်ပရေတာချုပ်နဲ့ စမ်းသပ်ချက်တာဝန်ခံ အနာတိုလီဒီရာတလော့ဗ်နဲ့ အင်ဂျင်နီယာချုပ်ဖိုမင်တို့က ဆက်လက်ပြုလုပ်စေခဲ့ပါတယ်၊ “၁၉၈၆ ခုနှစ် ချာနိုဘယ်ဓာတ်ပေါင်းဖို လုံခြုံရေးစမ်းသပ်ချက်ကျရှုံးကြောင်း’ ဆိုတဲ့ စာရွက်မှာ သူတို့နာမည်မပါချင်လို့ ဖြစ်ပါလိမ့်မယ်။

    ချာနိုဘယ်ပေါက်ကွဲမှုရဲ့ အဓိကအကြောင်းအရာတွေထဲက တစ်ခုက လူသားပြဿနာဖြစ်ပါတယ်။ မူလက စမ်းသပ်ချက်ကို နေ့ဆိုင်းအဖွဲ့နဲ့ အပြီးသတ်လုပ်ဖို့ စီစဉ်ထားခဲ့ပေမယ့် ဓာတ်အားပြဿနာကြောင့် ချာနိုဘယ်က တစ်နေ့လုံး မီးအားတစ်ဝက်နဲ့ပဲ လည်ပတ်နေခဲ့ရပြီးတော့ ကျန်တဲ့ မီးအားဆက်ချဖို့နဲ့ စမ်းသပ်ချက်စတင်ဖို့ကိုတော့ ညဆိုင်းအဖွဲ့က ဆက်လုပ်ရဖို့ အကြောင်းဖန်လာပါတယ်။ ညဆိုင်းအဖွဲ့က စမ်းသပ်ချက်လုပ်ရမယ့်အကြောင်း လုံးဝကြိုမသိခဲ့ကြသလို သူတို့ကို စမ်းသပ်ချက်နဲ့ ပတ်သက်လို့ လေ့ကျင့်ပေးထားခြင်းလည်း မရှိခဲ့ပါဘူး။ ပိုဆိုးတာက အဲ့ဒီညက ဓာတ်ပေါင်းဖိုရဲ့ အူတိုင်ကို တည်ငြိမ်အောင်ထိန်းချုပ်ဖို့ကိုင်တွယ်ရတဲ့ လီယိုနစ်တော့တူနော့ဗ်က အသက် ၂၅ နှစ်အရွယ်ပဲ ရှိသေးသလို အလုပ်အတွေ့အကြုံက လေးလပဲရှိသေးတာပါ။ လုံခြုံရေးစမ်းသပ်ချက်အတွက် လမ်းညွှန်စာရွက်မှာလည်း အမှားခြစ်ထားတဲ့ အမှတ်အသားတွေ တပြုံတခေါင်းနဲ့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိတဲ့ အခြေအနေမှာရှိနေပါတယ်။

    ပထမ – ဓာတ်ပေါင်းဖိုက တစ်နေကုန် ဓာတ်အားနည်းနည်းနဲ့ပဲ လည်ပတ်နေခဲ့ပါတယ်

    ဒုတိယ – စမ်းသပ်ချက်ကို လုပ်ရမယ့်အဖွဲ့က စမ်းသပ်ချက်နဲ့ ပတ်သက်တဲ့ လေ့ကျင့်မှုမျိုးမရှိထားသလို လုပ်ရမယ်ဆိုတာကိုပါ ကြိုမသိပါဘူး

    တတိယ – လမ်းညွှန်ချက်တွေက မတိမကျဖြစ်နေတဲ့ အပြင် ဓာတ်ပေါင်းဖို တည်ငြိမ်ဖို့ အဓိကတာဝန်ရှိတဲ့ အော်ပရေတာက အသက် ၂၅ နှစ်နဲ့ လုပ်သက် လေးလပါ။

    ဒီပြဿနာတွေက ပိုဆိုးတဲ့ အကြောင်းအရာတွေကို ဦးတည်နေတာ အသေအချာပါပဲ၊ တစ်ဖက်မှာလည်း ဓာတ်ပေါင်းဖိုရဲ့ အူတိုင်မှာ တော်တော်ကြမ်းကြမ်းတမ်းတမ်းတွေ ဖြစ်တည်နေပါပြီ။

    နျူကလီးယားဓာတ်ပေါင်းဖိုတွေက ဖစ်ရှင်ကနေဖြစ်ပေါ်တဲ့ အပူကြောင့် ရေနွေးငွေ့ဖြစ်ပေါ်စေပြီး အဲ့ကနေမှ လျှပ်စစ်ကိုထုတ်လုပ်ပါတယ်။ ချာနိုဘယ်ဓာတ်ပေါင်းဖို ၄ က တစ်နေ့ခင်းလုံး ဓာတ်အားတစ်ဝက်နဲ့ လည်ပတ်နေရတာဖြစ်လို့ အူတိုင်ကို အအေးခံမယ့် ရေ pump တွေက ဓာတ်အားမလုံလောက်တာကြောင့် အရှိန်အဟုန်ကောင်းကောင်းနဲ့ ရေ မပေးနိုင်နေပါဘူး။ ရေလုံလုံလောက်လောက်မပေးနိုင်တဲ့အခါကျ အူတိုင်မှာ အပူတွေစုလာစေပါတယ်။ ချာနိုဘယ်က RBMK လို့ခေါ်တဲ့ Light water graphite-moderated reactor အမျိုးအစားဖြစ်ပါတယ်၊ ဘိုရွန်ထိန်းချုပ်တံက ဓာတ်ပြုမှုကို ထိန်းပြီး ရေနဲ့ အပူချိန်လျော့စေပါတယ်။ ဗလာ‌နယ်ကြောင့် ဓာတ်ပြုမှုနှုန်းမြင့်တက် (positive void coefficient) တဲ့ ဖြစ်စဉ်နဲ့ အလုပ်လုပ်ပါတယ်၊ အပူကြောင့်ဖြစ်တဲ့ ရေနွေးတွေ အထဲမှာများလေလေ ဓာတ်ပြုနှုန်းများလေလေပါ။ အဲ့ကနေ အပူချိန် ပိုတက်ပြီး ရေနွေးငွေ့တွေ ပိုများလာတယ်.. Negative temperature coefficient ဖြစ်စဉ်ကြောင့် နျူကလီးယားလောင်စာတွေက ပူလာတာနဲ့အမျှ ဓာတ်ပြုနှုန်းကျဆင်းလာပါတယ်။ ယူရေနီယမ်လောင်စာအချင်းချင်း တိုက်မိပြီး ပြိုကွဲလာတဲ့အခါ ဇီနွန်လို့ခေါ်တဲ့ ဒြပ်စင်တစ်ခုဖြစ်ပေါ်လာပါတယ်၊ ဇီနွန်က နျူထရွန်တွေကို ဖျက်ဆီးပစ်ပါတယ်၊ သာမန်အားဖြင့် ပါဝါအပြည့်နဲ့လည်ပတ်နေတဲ့ ဓာတ်ပေါင်းဖိုတွေမှာဆိုရင် အဲ့ဇီနွန်တွေက လောင်ကျွမ်းကုန်ပါတယ်။ ဒါက ပုံမှန်အခြေအနေမှာ လည်ပတ်ပုံပါ၊ ဒါပေမဲ့ ချာနိုဘယ်က မီးအားတစ်ဝက်နဲ့ လည်ပတ်နေရတာဖြစ်ပါတယ်။ အဲ့ဒီအခါကျ ဇီနွန်တွေက ပြိုကွဲပျက်စီးသွားခြင်းမရှိဘဲ ပိုပိုများလာပြီး အူတိုင်မှာ စုပုံပြီး အဆိပ်သင့်နေစေခဲ့ပါတယ်။ အဲ့ဒီကနေစပြီး ဓာတ်ပေါင်းဖိုက စတင်ဟန်ချက်ပျက်နေပါပြီ။

    ဧပြီလ ၂၆ ရက်နေ့ သန်းခေါင်ကျော် ၁၂ နာရီ ၂၈ မိနစ်အချိန်ခန့်မှာ ဓာတ်ပေါင်းဖိုကို မီးအားထပ်လျှော့ချပြီး စမ်းသပ်ချက်ကို စတင်ဖို့ လုပ်ကြပါတယ်။ မူလပမာဏ ၁၆၀၀ မီဂါဝက်ကနေ ၇၀၀ မီဂါဝက်အထိရောက်ဖို့ လျှော့ချနေပါပြီ။ လျှော့ချနေတဲ့အချိန်အတွင်းမှာ ဓာတ်ပေါင်းဖို အော်ပရေတာတွေက မူမမှန်တာကို သတိထားမိပါတယ်၊ မီးအားက ၇၀၀ ကိုအရောက်မှာ ရပ်တန့်မသွားတဲ့ ဆက်လက်ထိုးကျနေခဲ့တာပါ။ မီးအားကျလာတဲ့အခါ ဇီနွန်တွေ ပိုစုလာပြီး နျူထရွန်တွေကို ချေဖျက်ပစ်ပါတယ်၊ နျူထရွန်တွေမရှိတော့ ဖစ်ရှင်ဖြစ်ပေါ်မှု တစ်နည်း ဓာတ်ပြုမှု လျော့ကျသွားပါပြီ။ ဓာတ်ပြုမှုနည်းပါးလာလို့ အပူချိန်လျော့နည်းလာတဲ့အခါ ရေနွေးငွေ့ကို မဖြစ်ပေါ်စေနိုင်လို့ ပါဝါက ထပ်ထပ်လျော့လာပါတယ်။ ဒီအခြေအနေမှာ မီးအားကို အန္တရာယ်ကင်းကင်း ပြန်တင်နိုင်ဖို့ဆိုရင် ၂၄ နာရီကြာအောင် ဖြည်းဖြည်းချင်း ပြန်ဆွဲတင်ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီရာတလော့ဗ်က အမြန်ပြီးချင်တာဖြစ်လို့ အော်ပရေတာတွေကို မဖြစ်ဖြစ်တဲ့နည်းနဲ့ ဓာတ်အားဆွဲတင်ဖို့ စေခိုင်းခဲ့ပါတယ်။ အအေးခံစနစ်ကို ကိုင်တွယ်တဲ့ အော်ပရေတာက Emergency Cooling System ကို ပိတ်ချလိုက်ပါပြီ။ ဇီနွန်တွေက နျူထရွန်တွေကို ဆက်တိုက်စားသုံးနေလို့ ဖစ်ရှင်ကို လျော့ကျစေခဲ့ပါတယ်။ ဖစ်ရှင်မရှိတဲ့အတွက် လောင်စာတွေအပူချိန်လျော့ကျလာပါတယ်။ Negative temperature coefficient ဖြစ်စဉ်အရ နျူကလီးယားလောင်စာတွေက ပူလာတာနဲ့အမျှ ဓာတ်ပြုနှုန်းကျဆင်းလာပါတယ် တစ်နည်း အေးလာတာနဲ့ ဓာတ်ပြုနှုန်းမြင့်တက်စေတာပါ။ ထိန်းချုပ်တံတွေကို ကိုင်တွယ်ရတဲ့ အော်ပရေတာက ဘိုရွန်ထိန်းချုပ်တံ ၂၁၁ ချောင်းထဲက ၂၀၅ ချောင်းကို တစ်ကြိမ်မှာ ၁၂ ချောင်းနှုန်းနဲ့ တပြိုင်တည်း အများအပြားဆွဲထုတ်လိုက်ပါတယ်။ မှတ်မိပါရဲ့လား၊ ထိန်းချုပ်တံတွေက ဓာတ်ပြုမှုနှုန်းကို လျော့ကျစေတာပါ၊ ထိန်းချုပ်တံတွေ မရှိတော့ ဓာတ်ပြုမှုကို အဟန့်အတားဖြစ်စေတာ မရှိတော့ဘဲ ဖစ်ရှင်အမြောက်အမြားဖြစ်ပေါ်စေပြီး အပူဖြစ်ပေါ်စေပါတယ်၊ ပါဝါပြန်တက်အောင်လုပ်တာပါ။ ဒါပေမဲ့ ၂၀၅ ချောင်းလုံး ထုတ်ပြီးတဲ့ အချိန်အထိ မီးအားက ပြန်တက်မလာခဲ့ပါဘူး။ ဖစ်ရှင်ကို ထိန်းချုပ်တာမရှိတော့တာတောင်မှ ဇီနွန်တွေကြောင့် မီးအားကို ၂၀၀ မီဂါဝက်အထိပဲ တင်နိုင်သေးတာ ဖြစ်ပါတယ်။

    ထိန်းချုပ်တံတွေ အကုန်ထုတ်လိုက်ပြီးပါပြီ၊ အရေးပေါ်အအေးခံစနစ်လည်း ပိတ်လိုက်တာဖြစ်လို့ နျူကလီးယားဓာတ်ပြုမှုက အထိန်းအချုပ်မဲ့နေပါပြီ။ ဒီတော့ ဓာတ်ပြုမှုတွေကို ဆက်ထိန်းထားတာက ရေနဲ့ ဇီနွန်ပဲ ကျန်ပါတော့တယ်။ စမ်းသပ်ချက်စဖို့ မိနစ်ပိုင်းပဲ လိုပါတော့တယ်။ စမ်းသပ်ချက်အတွက် လိုအပ်တာက ၇၀၀ မီဂါဝက်ဖြစ်ပေမယ့် အခုထိ ၂၀၀ မီဂါဝက်ကနေ မတင်နိုင်သေးပါဘူး။ ဒီရာတလော့ဗ်က စမ်းသပ်ချက်စဖို့ အမိန့်ပေးပါတယ်။ မီးအားမလုံလောက်တာဖြစ်လို့ ရေ pump တွေက လုံလုံလောက်လောက် ရေအားပေးနိုင်မှာမဟုတ်တဲ့အပြင် အူတိုင်ထဲမှာ ရေနွေးငွေ့ကလည်း ရှိတယ်ဆိုရုံလောက်သာ ကျန်ပါတော့တယ်။ ဒီအချိန်မှာစမယ်ဆိုရင် တာဘိုင်တွေအနေနဲ့ လုံလုံလောက်လောက် လည်ပတ်နိုင်မှာမဟုတ်လို့ စမ်းသပ်ချက်အောင်မြင်မှာမဟုတ်ပါဘူး။ ဒါကို စက်ခန်းတာဝန်ခံအင်ဂျင်နီယာ အက်ကီးမော့ဗ်က ပြောပေမယ့် ဒီရာတလော့ဗ်အနေနဲ့ စမ်းသပ်ချက်စဖို့ ပြောပါတယ်။ သူလိုချင်တာ စမ်းသပ်ချက်ပြီးတယ်ဆိုတဲ့ အဖြေပဲမဟုတ်လား။

    ၁ နာရီ ၂၂ မိနစ်မှာ ပင်မရေပိုက်လိုင်းတွေကို ဓာတ်ပေါင်းဖိုဆီ ပေးလွှတ်လိုက်ပါပြီ။ ၁ နာရီ ၂၂ မိနစ်နဲ့ ၃၀ စက္ကန့်မှာ ဓာတ်ပေါင်းဖိုရဲ့ SKALA ကွန်ပြူတာကနေပြီး ထိန်းချုပ်တံတွေ မလုံလောက်တာဖြစ်လို့ ဓာတ်ပေါင်းဖိုကို ပိတ်ချဖို့ အကြံပြုတဲ့စာ ထွက်လာပါတယ်။ ၁ နာရီ ၂၃ မိနစ် ၄ စက္ကန့်မှာ စမ်းသပ်ချက် စတင်ပါတယ်။ ရေပေးနေတဲ့ ပိုက်တွေ အကုန်ပိတ်သွားပါပြီ။ အူတိုင်ထဲက ယူရေနီယမ်လောင်စာတွေဆီ ရေအေးဆက်မရောက်တော့ပါဘူး။ ထိန်းချုပ်တံတွေလည်း အကုန်အပြင်ဆွဲထုတ်ထားတာပါ။ စမ်းသပ်ချက်စတဲ့ စက္ကန့်ပိုင်းလေးအတွင်းမှာပဲ ဓာတ်အားက ကြောက်ခမန်းလိလိ ဆောင့်တက်လာခဲ့ပါတယ်၊ အူတိုင်ထဲက လက်ကျန်ရေတွေ အကုန် အငွေ့ပျံကုန်ပြီး ဗလာနယ်အဖြစ်နဲ့ ကျန်ရစ်ခဲ့ပါတယ်၊ အဲ့နေရာကို အသစ်ဖြည့်ဖို့အတွက် ရေကတော့ မရောက်လာပါဘူး၊ ရေနွေးငွေ့ကြောင့် ဓာတ်ပြုမှုနှုန်းမြင့်တက်ပြီး အပူမြင့်တက်လာပါတယ်၊ အပူချိန်မြင့်လေ၊ ရေနွေးငွေ့တွေ များလေ ဓာတ်ပြုနှုန်းများလေ အပူချိန်မြင့်လေနဲ့ အထဲမှာ တော်တော်ကို ကြမ်းတမ်းတဲ့ ဟန်ချက်ပျက်မှုကြီး ဖြစ်ပေါ်နေပါပြီ။ ပါဝါကလည်း ဆက်တိုက် မြင့်တက်နေခဲ့ပါတယ်။ အလွန်အန္တရာယ်များတဲ့ အခြေအနေကိုရောက်ရှိနေပါပြီ။

    ဓာတ်ပေါင်းဖိုတိုင်းမှာ တူညီတဲ့ရည်ရွယ်ချက်တစ်ခုတည်းနဲ့ ထားထားတဲ့ ခလုတ်တစ်ခုရှိပါတယ်၊ SCRAM လို့ခေါ်ပြီးတော့ ဆိုဗီယက်ဓာတ်ပေါင်းဖိုတွေမှာ AZ5 လို့ခေါ်ပါတယ်။ ဓာတ်ပေါင်းဖိုကို အရေးပေါ်ပိတ်ချတဲ့ ခလုတ်ပါ။ စမ်းသပ်မှုတာဝန်ခံ အော်ပရေတာချုပ် ဒီရာတလော့ဗ်အနေနဲ့ လိုက်နာရမယ့် စည်းကမ်းတွေအကုန်လုံးကို ဖောက်ဖျက်ခဲ့ပြီးတော့ ရဲရဲတင်းတင်းရှေ့ဆက်လုပ်နေတာက အဲ့ဒီအရေးပေါ်ပိတ်ချတဲ့ခလုတ်ကို ယုံကြည်လို့ဖြစ်ပါတယ်။ ဒါပေမဲ့ သူမသိတာက အဲ့ဒီပိတ်ချတဲ့ စနစ်မျိုးက သူဖန်တီးခဲ့တဲ့ အခြေအနေမှာ မဖြစ်နိုင်တော့ပါဘူး။ ၁ နာရီ ၂၃ မိနစ် ၄၀ စက္ကန့်မှာ အက်ကီးမော့ဗ်က AZ5 ခလုတ်ကို နှိပ်ခဲ့ပါတယ်။ AZ5 ခလုတ်ကိုနှိပ်လိုက်တာနဲ့ တပြိုင်နက် ထိန်းချုပ်တံတွေ အကုန်လုံးပြိုင်ဝင်လာပြီး ဓာတ်ပြုမှုအကုန်လုံးကို ရပ်တန့်စေမှာပါ။ ဒါပေမဲ့ ဆိုဗီယက်ပိုင် RBMK ဓာတ်ပေါင်းဖိုတွေရဲ့ အရေးပေါ်ပိတ်ချတဲ့စနစ်က အတော်ကြီးမားတဲ့ ချို့ယွင်းချက်ရှိနေပါတယ်။ အဲ့ဒါက ထိန်းချုပ်တံတွေကို ဓာတ်ပြုမှုလျော့စေတဲ့ ဘိုရွန်နဲ့ လုပ်ထားတာဖြစ်ပြီးတော့ ထိပ်ကိုတော့ ဂရက်ဖိုက်အုပ်ထားတာပါ။ ဘိုရွန်တွေက ဓာတ်ပြုမှုကို လျော့ကျစေပေမယ့် ထိန်းချုပ်တံရဲ့ ထိပ်က ဂရက်ဖိုက်တွေက အဲ့လိုမဟုတ်ပါဘူး။ ဂရက်ဖိုက်ကို Moderator လို့ ခေါ်ကြပါတယ်၊ သူက နျူထရွန်တွေရဲ့ အရှိန်ကို လျော့ကျစေတာဖြစ်ပါတယ်။ အရင်ပိုစ့်မှာ ရှင်းပြခဲ့ဖူးပါတယ်။ နျူထရွန်တွေက အလင်းအလျင်နဲ့ ယှဉ်သာနိုင်တဲ့ အမြန်နှုန်းနဲ့ လောင်စာတွေဆီက ဖြာထွက်နေတာဖြစ်လို့ အက်တမ်ကို ဝင်တိုက်မိဖို့ ခဲယဉ်းပါတယ်၊ အမြန်နှုန်းမြင့်လေ – အက်တမ်ကိုတိုက်မိဖို့ နည်းလေ – နျူကလိယဓာတ်ပြုမှုနှုန်းနည်းလေပါ။ ဒါပေမဲ့ ဂရက်ဖိုက်ကတော့ နျူထရွန်တွေရဲ့ အရှိန်ကိုလျှော့ပေးတာဖြစ်လို့ အရှိန်နည်းသွားတဲ့ နျူထရွန်အနေနဲ့ အချင်းချင်းတိုက်မိပြီး ဖစ်ရှင်ဖြစ်ပေါ်စေဖို့ အခွင့်အရေးများလာစေပါတယ်။ ဂရက်ဖိုက်က နျူထရွန်အရှိန်ကို လျော့စေတယ် တစ်နည်းအားဖြင့် နျူထရွန်အရှိန်လျော့တာဟာ ဓာတ်ပြုနှုန်းမြင့်တာ .. ဓာတ်ပေါင်းဖိုထဲကို ထိပ်မှာ ဂရက်ဖိုက်တပ်ဆင်ထားတဲ့ control rod တွေ အများကြီးပြုံဝင်လာတဲ့အခါ ခုနက နျူထရွန်အရှိန်မြန်မြန်နဲ့ ဓာတ်ပြုမှုဖြည်းဖြည်းဖြစ်နေရာကနေ နျူထရွန်အရှိန်လျော့ပြီး ဓာတ်ပြုမှုနှုန်း မြင့်တက်လာပြီး နျူကလီးယားဗုံးတစ်လုံးလို ဖြစ်စေခဲ့တာပါ။

    ပုံမှန်အားဖြင့် ဓာတ်ပေါင်းဖိုကို မီးအားအပြည့်နဲ့ လည်ပတ်စေချင်တဲ့အခါ ထိန်းချုပ်တံတွေကို ဆွဲထုတ်လိုက်ပါတယ်။ ဘိုရွန်ပါတဲ့အပိုင်းတွေကို အပေါ်ကိုဆွဲတင်လိုက်ပြီး အူတိုင်ထဲက ဗလာနယ်ထဲမှာတော့ ဂရက်ဖိုက်တွေကို ကျန်ရစ်စေခဲ့ပါတယ်၊ ဓာတ်ပြုမှုနှုန်း မြင့်တက်စေဖို့ပါ။ အဲ့ဒီအခါကျ AZ5 ခလုတ်နှိပ်လိုက်တဲ့အချိန်မှာ ထိန်းချုပ်တံတွေက ပြန်ဝင်လာပါတယ်၊ ဒါပေမဲ့ ဓာတ်ပြုမှုကိုလျော့စေတဲ့ ဘိုရွန်တွေအစား ထိပ်မှာရှိတဲ့ ဂရက်ဖိုက်တွေက အူတိုင်ထဲကို အရင်ဝင်လာတာဖြစ်ပါတယ်၊ အဲ့မှာ ပြဿနာအကြီးအကျယ်တက်ကုန်ပါတယ်။ ဓာတ်ပြုမှုတွေက အတိုင်းအဆမရှိအောင် မိုးလုံးပြည့်ဆောင့်တက်သွားပြီးတော့ အူတိုင်ထဲက လက်ကျန်ရေတွေအကုန် အင်မတန်လျင်မြန်တဲ့ အရှိန်နဲ့ ရေနွေးငွေ့အဖြစ်ကို ပြောင်းသွားပါတယ်။ ဖိအားအင်မတန်မြင့်တက်လာတာကြောင့်နဲ့ လောင်စာချောင်းတွေ အပူလွန်တာကြောင့် လောင်စာချောင်းရဲ့အပေါက်တွေ ကျယ်ဟကုန်ပြီး ဂရက်ဖိုက်ထိပ်တွေနဲ့ အချင်းချင်းညှပ်ကုန်ပါတယ်။ ဘိုရွန်တွေ အထဲရောက်မလာတဲ့အတွက် ဓာတ်ပြုမှုက အဆုံးမရှိမြင့်တက်သွားပါပြီ။ ဒုတိယကမ္ဘာစစ်တုန်းက ဂျပန်ပေါ်ပစ်ချခံရတဲ့ ဟီရီုရှီးမားဗုံးရဲ့ အဆလေးရာခန့် ပိုမိုပြင်းထန်တဲ့ ရေဒီယိုသတ္တိကြွအဆိပ်သင့်မှုတွေ ဖြစ်ပေါ်စေမယ့် နျူကလီးယားဗုံးတစ်လုံး အသွင်ကို လုံးလုံးလျားလျား ပြောင်းသွားခဲ့ပါပြီ။

    ဓာတ်ပေါင်းဖိုရဲ့ စက်အင်ဂျင်နီယာတွေ၊ ဓာတ်ပေါင်းဖိုအစောင့်တွေနဲ့ ရေနွေးငွေ့အော်ပရေတာတွေအကုန်လုံး ဒီစမ်းသပ်ချက်အကြောင်း လုံးဝမသိခဲ့ကြပါဘူး။ ၁ နာရီ ၂၃ မိနစ် ၄၂ စက္ကန့်မှာ ဓာတ်ပေါင်းဖိုအစောင့် ပါရာဗိုချန်ကိုက အူတိုင်ရဲ့ စတီးဖုံးမှာရှိတဲ့ ပေါင် ၇၀၀ စီ လေးတဲ့ ထိန်းချုပ်တံတွေက အပေါ်နဲ့ အောက် ခုန်နေတာကို တွေ့ခဲ့ရပါတယ်။ ၁ နာရီ ၂၃ မိနစ် ၄၄ စက္ကန့်မှာ ရေနွေးငွေ့က လောင်စာခန်းတွေကို ထပ်ပေါက်စေပါတယ်။ ဓာတ်အားပမာဏအနေနဲ့ အတိုင်းအဆမရှိထိုးတက်သွားပြီးတော့ စက်ပေါ်မှာ နောက်ဆုံးပြသွားတာအရ ၃၃၀၀၀ မီဂါဝက်အထိ တက်နေခဲ့ပါတယ်။ ချာနိုဘယ်ဓာတ်ပေါင်းဖို-၄ က ဓာတ်အားပမာဏ ၃၂၀၀ မီဂါဝက်နဲ့ လည်ပတ်ဖို့ တည်ဆောက်ထားတာဖြစ်ပါတယ်။ အူတိုင်ထဲက ဖိအားက ထိန်းသိမ်းမရတော့ဘဲနဲ့ ၁ နာရီ ၂၃ မိနစ် ၄၅ စက္ကန့်မှာ ပေါက်ကွဲသွားခဲ့ပါတယ်။ တန်တစ်ထောင်ခန့်လေးတဲ့ စတီးအဖုံးက ပေါက်ကွဲမှုကြောင့် လွင့်ထွက်သွားပြီး ပြင်ပက အောက်စီဂျင်တွေက အူတိုင်ထဲကို ဝင်ရောက်လာပါတယ်။ ချာနိုဘယ်မှာ containment building ဆိုတဲ့ အကာအကွယ်အဆောက်အဦးမရှိပါဘူး၊ ကွန်ကရစ်အဆောက်အဦးပဲ ရှိတာပါ။ ဒါကြောင့် ပြင်ပလေထုက ဟိုက်ဒြိုဂျင်နဲ့ အပူလွန်နေတဲ့ ဂရက်ဖိုက်တွေ ထိတွေ့ပြီး ပိုမိုကြီးမားတဲ့ နောက်ထပ်ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ပေါ်စေခဲ့ပါတယ်။ ပိတ်ချတဲ့စနစ်ကြီးတစ်ခုလုံးက ဗုံးဖောက်ခွဲတဲ့ ခလုတ်လိုဖြစ်နေခဲ့တာကို အဲ့ညက ဘယ်သူမှမသိခဲ့ကြပါဘူး၊ သူတို့မသိခဲ့တာကလည်း သူတို့မသိအောင် အစိုးရက ဖုံးကွယ်ထားလို့ဖြစ်ပါတယ်။ ဆိုဗီယက်ယူနီယမ်မှာ အဲ့ဒီလုံခြုံရေးစနစ်နဲ့လည်ပတ်နေတဲ့ ဓာတ်ပေါင်းဖိုပေါင်း ၁၆ ခုရှိပြီး အဲ့ ၁၆ ခုလုံးက အနောက်နိုင်ငံက ဓာတ်ပေါင်းဖိုတွေလို အကာအကွယ်အဆောက်အဦးမျိုး မရှိပါဘူး။ အားဖြည့်ထားတဲ့လောင်စာတွေအစား ပေါပေါလောလောတွေ့ရတဲ့ သာမန်ယူရေနီယမ်တွေကို အသားပေးသုံးပြီး positive void coeffecient နဲ့ လည်ပတ်စေတဲ့ တပ်ဆင်ခနည်းပါးတဲ့ ဓာတ်ပေါင်းဖိုတွေကို အသုံးပြုခဲ့တဲ့ အစိုးရရဲ့ ညံ့ဖျင်းမှု၊ စနစ်ဆိုးအောက်က ဝန်ထမ်းတွေရဲ့ အကျင့်ပျက်မှုတွေ၊ အမှန်တရားကိုမျက်ကွယ်ပြုမှုတွေနဲ့ မုသားတွေကြောင့် အခုလိုဖြစ်ရပ်ဆိုးကြီး ပေါ်ပေါက်ခဲ့ရတာပါ။

    တရားခွင်မှာ ဒီကိစ္စတွေကို ဖော်ထုတ်ပြောကြားခဲ့တဲ့ နျူကလီးယားသိပ္ပံပညာရှင် ဗယ်လာရီလီဂါဆော့ဗ်က သူ့ရဲ့ ထွက်ဆိုချက်တွေကြောင့် ဆိုဗီယက်ကေဂျီဘီအဖွဲ့ရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရပြီးတော့ ချာနိုဘယ်ပေါက်ကွဲမှုအပြီး ၂ နှစ်တိတိအကြာမှာ နေအိမ်မှာ ဆွဲကြိုးချသတ်သေခဲ့ပါတယ်။ သူသေဆုံးပြီးတဲ့နောက် ဖြစ်ရပ်ဆိုးကြီးနဲ့ ပတ်သက်လို့ နောက်ကွယ်က အမှန်တရားတွေနဲ့ ဆိုဗီယက်ဓာတ်ပေါင်းဖိုတွေရဲ့ ချို့ယွင်းချက်တွေကို အစိုးရအနေနဲ့ လက်သင့်ခံပြီး ပြန်လည်ပြင်ဆင်ခဲ့ကြပါတယ်။ ၂၀၁၇ ခုနှစ်မှာ ချာနိုဘယ်ဓာတ်ပေါင်းဖို ၄ ကို Sarcophagus အမည်ရှိ နှစ် ၁၀၀ ခန့်တည်ရှိနိုင်တဲ့ အလုံပိတ် ဧရာမလုံခြုံရေးအမိုးအကာကြီးတည်ဆောက်ခဲ့ပြီး ဒေါ်လာ ၂ ဘီလျံကုန်ကျခဲ့ပါတယ်။ ချာနိုဘယ်ဓာတ်ပေါင်းဖိုကို ဗဟိုပြုပြီး ဧရိယာစတုရန်းမိုင် ၁၀၀၀ ပတ်လည်ကို အထူးဇုံအဖြစ်ကန့်သတ်ခဲ့ပြီးတော့ ပရီပြာ့တ်မြို့ကိုစွန့်ခွာခဲ့ရတဲ့ ပြည်သူတွေအနေနဲ့ အခုချိန်ထိ သူတို့နေရပ်ကို ပြန်လာမနေနိုင်သေးပါဘူး။

    ဒီဆောင်းပါးကို ချာနိုဘယ်စီးရီးထဲက စကားတစ်ခွန်းနဲ့ အဆုံးသတ်ချင်ပါတယ်။ အဲ့တာက ‘သိပ္ပံပညာရှင်တွေဟာ အမှန်ကိုရှာဖွေချင်ဇောများနေတာနဲ့ အမှန်တရားကို သိချင်တဲ့သူ ဘယ်လောက်နည်းလဲဆိုတာ မေ့သွားတတ်ကြပါတယ်’ တဲ့။

    (ချာနိုဘယ်စီးရီးကို ကြည့်ကြည့်ဖို့ အကြံပေးပေမယ့် အချက်အလက်မှားတချို့ပါဝင်တာ၊ အလွန်အကျူးချဲ့ကားပုံဖော်တာမျိုး တွေ့ရလို့ entertainment တစ်ခုအနေနဲ့ပဲ ကြည့်ရှုခံစားသင့်ပါတယ်။)

    References : World Nuclear Org, Britannica, Infographic Journal, IAEA

    Image – Freepik
    Written by – Zwe Thukha Min
    Edited by – Fact Hub Editor Team

    𝟮𝟬𝟮𝟯-𝟮𝟬𝟮𝟰 𝗖𝗼𝗽𝘆𝗿𝗶𝗴𝗵𝘁 ©️ | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿

    #Fact_Hub #Why_did_the_Chernobyl_reactor_explode #Chernobyl #Diaster #1986 #Reactor #Soviet #Design_flaw #Nuclear #Powerplant #Science #Article

    Fact Hub Myanmar

    Proudly powered by FH Editor Team

    This content is licensed under CC BY-NC-ND 4.0

    Share. Facebook Email Telegram
    Previous Articleနျူကလီးယား ဓာတ်ပေါင်းဖိုများရဲ့ အလုပ်လုပ်ပုံကို နားလည်ခြင်း
    Next Article အော်ရီယွန်တာရာ (ခ) မောင်ရင်ဆိုင်းထမ်းတာရာ
    Zwe Thukha Min

    Related Posts

    ရှင်သန်ကျန်ရစ်သူရဲ့ အပြစ်ရှိစိတ် (Survivor Guilt) ကို ဘယ်လို သက်သာစေမလဲ . . .

    April 4, 2025

    ငလျင်ကို ဘာကြောင့် ကြိုတင်ခန့်မှန်းလို့ မရတာလဲ . . . ?

    April 4, 2025

    မန္တလေးကျုံးက ပလတ်စတစ်နဲ့ ဖော့ဘူးခွံတွေ

    April 4, 2025

    မြစ်ရေခမ်းတာလား . . . မြေအရည်ပျော်တာလား . . . ?

    April 4, 2025

    ငှက်အုပ်ပျံတာက မုန်တိုင်းရဲ့ ရှေ့ပြေးလား

    April 4, 2025

    မိုးလေဝသပညာရှင် ဦးဝင်းနိုင် ပြောတဲ့ မုန်တိုင်းအလားအလာ

    April 4, 2025
    Add A Comment
    Leave A Reply Cancel Reply

    Categories
    • Astronomy & Space (1)
      • Astrobiology (1)
    • Uncategorized (248)
    Archives

    At Fact Hub, we are dedicated to sharing trustworthy and reliable information that empowers people through knowledge. As a fact-checking organization, our mission is to distinguish truth from misinformation, and to uphold accuracy, integrity, and responsibility in the information we share.

    Facebook YouTube Telegram
    Archives
    • April 2025 (7)
    • March 2025 (10)
    • January 2025 (2)
    • November 2024 (4)
    • October 2024 (14)
    • September 2024 (3)
    • July 2024 (1)
    • May 2024 (1)
    • March 2024 (4)
    • January 2024 (17)
    • December 2023 (14)
    • November 2023 (26)
    • October 2023 (18)
    • September 2023 (23)
    • August 2023 (20)
    • July 2023 (13)
    • June 2023 (11)
    • May 2023 (28)
    • April 2023 (32)

    ရှင်သန်ကျန်ရစ်သူရဲ့ အပြစ်ရှိစိတ် (Survivor Guilt) ကို ဘယ်လို သက်သာစေမလဲ . . .

    April 4, 2025

    ငလျင်ကို ဘာကြောင့် ကြိုတင်ခန့်မှန်းလို့ မရတာလဲ . . . ?

    April 4, 2025

    မန္တလေးကျုံးက ပလတ်စတစ်နဲ့ ဖော့ဘူးခွံတွေ

    April 4, 2025

    မြစ်ရေခမ်းတာလား . . . မြေအရည်ပျော်တာလား . . . ?

    April 4, 2025
    Copyright © 2026. Fact Hub Myanmar. All rights reserved.

    Type above and press Enter to search. Press Esc to cancel.