ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ ဖြစ်နိုင်ဖွယ်ရှိတဲ့ အချက်အလက်တွေကို တင်ပြပါ့မယ်။
– ဘင်္ဂလားပင်လယ်အော်ဟာ အိန္ဒိယသမုဒ္ဒရာထဲကတခြားနေရာတွေထက် ပိုပြီးပူနွေးပါတယ်။ ဒါကတော့ ဘင်္ဂလားပင်လယ်အော်ရဲ့တည်နေရာက လတ္တီတွဒ်အနိမ့်မှာ တည်ရှိနေတဲ့အတွက် နေရောင်ခြည်ကိုအများဆုံးရရှိလို့ပါ။ နောက်ပြီး သူ့ရဲ့ဘူမိတည်ဆောက်ပုံက ကုန်းတွင်းနိုင်ငံ (၃) နိုင်ငံ (မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ)နဲ့ တစ်ဘက်ပိတ်ပုံစံ ဖြစ်နေတဲ့အတွက် ပူနွေးမှုကို တစ်ခြားရေထုတွေဆီ အလွယ်တကူမစီးဆင်းနိုင်ပါဘူး။ အထက်ပါနိုင်ငံ ၃ ခုရဲ့ကုန်းမြေတွေကနေ အပူစီးဆင်းမှုကိုရရှိတာကလည်း ဒီပင်လယ်အော် ပူနွေးစေတဲ့ အကြောင်းရင်းတစ်ခုပါ (ရေဟာ အပူသိပ်သည်းဆများတဲ့အတွက် အပူချိန်တော်ရုံ မမြင့်တက်ပါဘူး၊ ကုန်းမြေကတော့ အပူသိပ်သည်းဆနည်းလို့ ရေထက်စာရင် အပူချိန်မြင့်တက်တာမြန်ပြီး ဒီအပူတွေကို ရေထုဆီကို စီးဆင်းစေပါတယ်)။
– ဘင်္ဂလားပင်လယ်အော်ထဲကို ဂင်္ဂါ၊ ဗြဟ္မပုတြ၊ ဧရာဝတီအပါအဝင် မြစ်ပေါင်းများစွာ စီးဝင်နေကြတဲ့အတွက် ရေချိုအရင်းအမြစ်ကို များစွာရရှိပါတယ်။ ဒါကြောင့် ဒီရေထုရဲ့ ဆားငန်ပါဝင်မှုနှုန်းဟာ တစ်ခြားရေထုတွေ (ဥပမာ – အာရေးဘီးယန်းပင်လယ်) ထက် နည်းပါတယ်။ ယေဘုယျအားဖြင့် ဆားငန်ပါဝင်နှုန်းနည်းတဲ့ရေဟာ အပူချိန်နိမ့်ကျဖို့ခက်တယ်လို့ နိုအာ (NOAA) ရဲ့ သုတေသနတွေအရ သိရပါတယ်။ ဒါကြောင့် ဆားငန်ပါဝင်နှုန်းနည်းပါးတဲ့ ဘင်္ဂလားပင်လယ်အော်ဒေသဟာ အပူချိန်ကိုအချိန်အကြာကြီး ထိန်းသိမ်းထားနိုင်ပြီး မုန်တိုင်းဖြစ်ပေါ်မှုအတွက် အခြေအနေတစ်ခု ဖန်တီးထားတာပါ။ ဒီဖြစ်ရပ်နဲ့ ပုံစံတူကို အတ္တလန္တိတ်သမုဒ္ဒရာနဲ့ ကာရစ်ဘီယန်ပင်လယ် အနောက်ဘက်ပိုင်းတွေမှာ တွေ့နိုင်တယ်လို့ နိုအာ (NOAA)က ဆိုပါတယ်။ အထက်ပါဒေသတွေမှာ အမေဇုန်မြစ်၊ မစ္စစ္စပီမြစ်လို ကြီးမားတဲ့ ရေချိုအရင်းအမြစ်တွေ ရှိနေတဲ့အတွက် အပူချိန်ကို အချိန်ကြာကြာထိန်းထားနိုင်ပြီး အားကောင်းတဲ့မုန်တိုင်းတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။
– အချိန်အပိုင်းအခြားတစ်ခုအလိုက် ဖြစ်ပေါ်တဲ့ မုတ်သုံလေဟာ အိန္ဒိယသမုဒ္ဒရာထဲက ပူနွေးစိုစွတ်တဲ့လေဟာ ဘင်္ဂလားပင်လယ်အော်ကို ဖြတ်သန်းပြီး အရှေ့တောင်အာရှဆီကို တိုက်ခတ်ပါတယ်။ ဒီလေစီးကြောင်းဟာ ရေငွေ့အမြောက်အများကို သယ်ဆောင်တာဖြစ်လို့ မုန်တိုင်းဖြစ်ပေါ်စေတဲ့ အခြေအနေတစ်ခုကိုဖန်တီးနိုင်ပါတယ်။ ဒီဒေသရဲ့ မုန်တိုင်းအများစုဟာလည်း မုတ်သုံလေဝင်ရောက်ချိန်ဖြစ်တဲ့ မေလနဲ့ အောက်တိုဘာလအတွင်း အဖြစ်များလေ့ရှိပါတယ်။
အထက်ပါအချက်တွေအပြင် ဘူမိကမ်းရိုးတန်းတည်ဆောက်ပုံ၊ သမုဒ္ဒရာရေနွေးစီးကြောင်း၊ လေတိုက်ခတ်ပုံ စတာတွေကြောင့် ဘင်္ဂလားပင်လယ်အော်ဒေသဟာ တစ်နှစ်မှာ ဆိုင်ကလုန်းမုန်တိုင်း ၇ ခုခန့်ဖြစ်ပေါ်လေ့ရှိပါတယ်။ ဒါဟာ အာရေးဘီးယန်းပင်လယ်ထက် ၄ ဆခန့်ပိုများပြီး ကမ္ဘာပေါ်မှာ ဆိုင်ကလုန်းအဖြစ်များဆုံးဒေသတွေထဲက တစ်ခုအဖြစ် ရပ်တည်နေတာပါ။
Source – NOAA, Wikipedia, National Institute of Oceanography of India
Image – Let’s talk Geography
Written by – Julian Htet Aung
Edited by – Fact Hub Editor Team
𝟮𝟬𝟮𝟯-𝟮𝟬𝟮𝟰 𝗖𝗼𝗽𝘆𝗿𝗶𝗴𝗵𝘁 ©️ | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿
Fact Hub Myanmar
Proudly powered by FH Editor Team
This content is licensed under CC BY-NC-ND 4.0
