![]() |
လေအိတ်တွေ၊ ပျော့ပျော့အိအိတွေ ဘယ်လိုအလုပ်လုပ်ကြသလဲ။ သေနိုင်လောက်တဲ့ကားအက်ဆီးဒင့်တွေမှာ လေအိတ်ကြောင့် ဘာကြောင့်ထိခိုက်မှုလျော့ကျသွားတာလဲ၊ ကလေးတွေအနေနဲ့ ပျော့ပျော့အိအိပေါ်ကို အမြင့်တစ်နေရာရာကနေ ခုန်ချဆော့ကစားတာတောင် ဘာကြောင့်ထိခိုက်ဒဏ်ရာမရတာလဲ။ ဒီမေးခွန်းတွေအတွက် အဖြေကတော့ Impulse-Momentum Theorem မှာရှိပါလိမ့်မယ်။ ပထမပိုင်းကို ဒီက ဖတ်ပါ –> [Impulse_Mometum_1_01]
ပုံကတော့ Impulse-Momentum Theorem ရဲ့ သရုပ်ဖော်ပုံတစ်ခုပဲ။ Collisionတွေ Interaction တွေမှာ ဖြစ်ပေါ်တဲ့ အားပမာဏက အရမ်းများတယ်၊ ဒါပေမဲ့ သက်ရောက်တဲ့အချိန်ပမာဏက တကယ်နည်းနည်းလေးပဲရှိတယ်။
ဥပမာ – ဘီလီယက်ဘောလုံး (၂) လုံး ဝင်တိုက်ပြီဆိုပါစို့၊ သူတို့ (၂) ခု ထိတွေ့တဲ့အချိန် ဒါမှမဟုတ် တစ်ခုက တစ်ခုအပေါ် အားသက်ရောက်တဲ့ အချိန်ဟာ မီလီစက္ကန့်လောက်ပဲ ကြာမြင့်တယ်။ ဒါပေမဲ့ အဲ့ဒီမီလီစက္ကန့်အတွင်း ဖြစ်ပေါ်တဲ့အားပမာဏကတော့ ကြီးမားတယ်။ တိတိကျကျဆိုရရင်တော့ အားပမာဏက ထိတွေ့မှုအချိန်ကာလရဲ့အလယ်မှာ အမြင့်ဆုံးကိုရောက်ပြီး ထိတွေ့မှုစတင်ချိန် ထိတွေ့မှုပြီးဆုံးချိန် စတာတွေမှာ နည်းသွားလေ့ရှိတယ်။ ပုံမှာဆိုရင် အစ t1 နဲ့ အဆုံး t2 မှာ အားပမာဏနည်းနည်းလေးပဲရှိတယ်။ ဒါပေမဲ့ သူတို့ရဲ့ကြားအလယ်မှာ အားပမာဏအများကြီးကိုတွေ့နိုင်တယ်။
အရင်ပို့စ်မှာ ပြောခဲ့ဖူးသလိုပဲ Collision တစ်ခုမှာ ဖြစ်ပေါ်တဲ့ အားပမာဏကို F = ma နည်းနဲ့ တိုက်ရိုက်တွက်ထုတ်လို့မရဘူးဆိုပေမဲ့ ဒီလို Impulse သဘောတရားကိုသုံးပြီး သွယ်ဝိုက်တွက်ထုတ်လို့ရတယ် (နားလည်လွယ်အောင်သာပြောတာ၊ နယူတန်ရဲ့ မူရင်းဒုတိယနိယာမက အရှိန်နဲ့ဆက်စပ်တဲ့ F = ma မဟုတ်ဘူး၊ အဟုန်ပြောင်းလဲခြင်းနဲ့ ဆက်စပ်တဲ့ F = dp/dt ဖြစ်နေတာ၊ အဲ့ဒီမူရင်းညီမျှခြင်းနဲ့ Motion အားလုံးကို တွက်ထုတ် ရှင်းပြလို့ရတယ်၊ ဒါပေမဲ့ မြန်မာအခြေခံ ရူပဗေဒသင်ရိုးမှာတော့ အဲ့ဒီ ညီမျှခြင်းကို ဖော်ပြမထားလို့ အဆင်ပြေသလို ရှင်းပြတာ)။ ဝတ္ထုတွေရဲ့ မူရင်းအဟုန်ပမာဏကိုသိမယ်။ ထိတွေ့အချိန်၊ သက်ရောက်အချိန်ပမာဏကိုလဲ တိုင်းတာနိုင်မယ်ဆိုရင် အဲ့ဒီ Collision or Interaction မှာဖြစ်ပေါ်တဲ့ အားပမာဏကို သိနိုင်ပြီ (တိတိကျကျတွက်ပြဖို့ကတော့ အင်တီဂရယ်ကဲကုလပ်စ်ကို သုံးရမှာ)။
![]() |
| Physics Library |
နောက်တစ်ခု၊ ဂရပ်ဖ်ကိုသေချာကြည့်မယ်ဆိုရင် ခရမ်းရောင်ဧရိယာ (ထောင့်မှန်စတုဂံ) နဲ့ အစိမ်းရောင်ဧရိယာ (ခေါင်းလောင်းပုံ) တို့ ထပ်တူညီနေတာကို မြင်တွေ့ရမယ်။ အစိမ်းရောင်ဧရိယာမှာ အားပမာဏက တသမတ်တည်းမရှိပဲ t1 နဲ့ t2 ကြား အလယ်တည့်တည့်မှာ အမြင့်ဆုံးပမာဏရှိနေတယ် (ဒါကြောင့်အလယ်မှာမြင့်နေတဲ့ ခေါင်းလောင်းပုံအဖြစ်မြင်ရတာ)။ ခရမ်းရောင်ဧရိယာမှာတော့ အားပမာဏက တသမတ်တည်းရှိနေပြီး t1 ကနေ t2 အထိ လုံးဝကိန်းသေဖြစ်နေတယ်။ (ထောင့်မှန်စတုဂံရဲ့အပေါ်ဆုံးအနားဟာ ဒါကိုကိုယ်စားပြုတယ်)။ (၂) ခုလုံးရဲ့ ဧရိယာက ညီမျှနေတဲ့အတွက် ပါဝင်တဲ့ Impulse ပမာဏက တူညီတယ်။ အားသက်ရောက်ပုံသက်ရောက်နည်းပဲ ကွဲပြားနေကြတာ။
ကားတစ်စီးက အရှိန်ပြင်းပြင်းနဲ့မောင်းလာပြီဆိုပါစို့၊ ကားမောင်းသူမှာ အရမ်းမြင့်တဲ့အဟုန်တစ်ခုရှိနေမှာပဲ။ ဓာတ်တိုင် တစ်ခုခုကို ဝင်တိုက်တာ၊ နံရံတစ်ခုခုကိုဝင်ဆောင့်တဲ့အခါမှာ အင်နားရှားအရ ကားမောင်းသူက ကားစတီယာရင် ဒါမှမဟုတ် ကားရှေ့မှန်နဲ့ မိတ်ဆက်မိလိမ့်မယ်။ သူ့ရဲ့မူရင်းအဟုန်က အရမ်းမြင့်နေတဲ့အတွက် စတီယာရင်နဲ့ ထိတွေ့တဲ့အခါ ကြီးမားတဲ့ အားကို ခံစားရလိမ့်မယ်၊ ဒါပေမယ့် ထိတွေ့အချိန်ပမာဏကတော့ နည်းနည်းလေးပဲ (ဝင်ဆောင့်ပြီး မီလီစက္ကန့်အတွင်းမှာပဲ စတီယာရင်ကနေ ပြန်ခွာမှာပေါ့)။ အဲ့တော့ အားပမာဏ အရမ်းများလို့ ကားမောင်းသူအတွက် သေစေလောက်မယ့် ဒဏ်ရာတွေရနိုင်တယ်။
အကယ်၍ ဒီဖြစ်ရပ်မှာ ကားလေအိတ်က ကောင်းကောင်းအလုပ်လုပ်ခဲ့မယ်ဆိုရင် ကားမောင်းသူက စတီယာရင်အစား လေအိတ်ကို ထိတွေ့မှာပဲ။ လေအိတ်ဟာ အားပမာဏအများကြီးကို အချိန်ခနလေးအတွင်း ခံစားရစေမယ့်အစား တသမတ်အားပမာဏကို ထိတွေ့အချိန်ပမာဏတစ်ခုလုံးမှာ ကိန်းသေအဖြစ် ခံစားရစေတယ်။ ဒါကြောင့်မို့ ကားမောင်းသူဟာ ထိခိုက်ဒဏ်ရာရနိုင်ချေ နည်းသွားတယ်။ ဒါက Impulse သဘောတရားကိုအသုံးချထားတဲ့ လေအိတ်ရဲ့ အလုပ်လုပ်ပုံပဲ။
အစိမ်းရောင်ဂရပ်ဖ်ဟာ လေအိတ်မပါတဲ့အခြေအနေမှာ ကားမောင်းသူခံစားရမဲ့အားပမာဏကို ကိုယ်စားပြုပြီး ခရမ်းရောင်ဂရပ်ဖ်ဟာ လေအိတ်အလုပ်လုပ်တဲ့အခြေအနေမှာ ခံစားရမဲ့ အားပမာဏကို ကိုယ်စားပြုတယ်။ အစိမ်းရောင်ဂရပ်ဖ်ဟာ ကလေးတစ်ယောက် အမြင့်ကနေခုန်ချပြီး မြေပြင်ကိုဝင်ဆောင့်တဲ့အခါ ခံစားရတဲ့အားကို ကိုယ်စားပြုတယ်။ ခရမ်းရောင်ဂရပ်ဖ်ကတော့ အဲ့ဒီကလေး ပျော့ပျော့အိအိပေါ်ကိုရောက်တဲ့အခါ ခံစားရတဲ့အားကို ကိုယ်စားပြုတယ်။
(အဆင်ပြေမယ်ဆိုရင် ကျွန်တော်တို့ အခုပေ့ချ်ကို ရီဗျူးလေးဝင်ရေးပေးဖို့ တောင်းဆိုချင်ပါတယ်ခင်ဗျာ၊ ပေ့ချ်နီနေလို့ပါ။)
Telegram – t.me/facthub_mm
Written by – Julian Htet Aung
Edited by – Fact Hub Editor Team
©️ 𝟮𝟬𝟮𝟯-𝟮𝟬𝟮𝟰 | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿
#Fact_Hub #Physics #Impulse_Mometum_Theorem #Part_2
Fact Hub Myanmar
Proudly powered by FH Editor Team
This content is licensed under CC BY-NC-ND 4.0

