Close Menu
Fact Hub Myanmar
    Archives
    • April 2025
    • March 2025
    • January 2025
    • November 2024
    • October 2024
    • September 2024
    • July 2024
    • May 2024
    • March 2024
    • January 2024
    • December 2023
    • November 2023
    • October 2023
    • September 2023
    • August 2023
    • July 2023
    • June 2023
    • May 2023
    • April 2023

    ရှင်သန်ကျန်ရစ်သူရဲ့ အပြစ်ရှိစိတ် (Survivor Guilt) ကို ဘယ်လို သက်သာစေမလဲ . . .

    April 4, 2025

    ငလျင်ကို ဘာကြောင့် ကြိုတင်ခန့်မှန်းလို့ မရတာလဲ . . . ?

    April 4, 2025

    မန္တလေးကျုံးက ပလတ်စတစ်နဲ့ ဖော့ဘူးခွံတွေ

    April 4, 2025

    မြစ်ရေခမ်းတာလား . . . မြေအရည်ပျော်တာလား . . . ?

    April 4, 2025
    Facebook X (Twitter) Instagram
    Fact Hub Myanmar
    • In-depth Articles
    • News
    • Contri Column
    Fact Hub Myanmar
    Home»Uncategorized»ဖန်ဆင်းရှင်ပါတစ်ကယ် (သို့) ဟစ်ဂ်ဘိုဆွန်
    Uncategorized

    ဖန်ဆင်းရှင်ပါတစ်ကယ် (သို့) ဟစ်ဂ်ဘိုဆွန်

    Zwe Thukha MinBy Zwe Thukha MinSeptember 25, 2023Updated:March 3, 2024No Comments5 Mins Read
    ဖန်ဆင်းရှင်ပါတစ်ကယ် (သို့) ဟစ်ဂ်ဘိုဆွန်
    Share
    Facebook Email Telegram
    ဖန်ဆင်းရှင်ပါတစ်ကယ် (သို့) ဟစ်ဂ်ဘိုဆွန်

    ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ နေ့စဉ် မြင်နေရ၊ တွေ့နေရသမျှ အရာဝတ္ထုတွေက ဘာလို့ ဒြပ် (Mass) ရှိနေရတာလဲ ဆိုပြီး တွေးမိဖူးပါသလား။ အလင်းကို သယ်ဆောင်တဲ့ ဖိုတွန်တွေကရော ဘာလို့ ဒြပ်မဲ့ (Massless) ဖြစ်နေရတာလဲ။ အကယ်၍ စကြာဝဠာထဲမှာ ဘာဒြပ်မှ မရှိဘူးဆိုရင်ရော ဘယ်လိုဖြစ်မှာလဲ။

    ဒီမေးခွန်းတွေ အကုန်လုံးက အခု ကျွန်တော်တို့ ဟစ်ဂ်ဘိုဆွန် လို့ သိထားတဲ့ ခပ်ဆန်းဆန်း အမှုန်ရဲ့ တည်ရှိမှုလမ်းကို ဦးတည်နေပါတယ်။

    _______

    ဟစ်ဂ် အတွေးအကြံ

    ―――――――

    ဇာတ်လမ်းစတာကတော့ လွန်ခဲ့တဲ့ နှစ်ငါးဆယ် ပတ်ဝန်းကျင်လောက် ဖြစ်ပါလိမ့်မယ်။ အဲ့ဒီအချိန်တုန်းက သိပ္ပံပညာရှင်တွေက Elementary Particle လို့ခေါ်တဲ့ အခြေခံအမှုန်တွေအကြောင်းကို လေ့လာနေတာပါ။ စကြာဝဠာအတွင်းက ဒြပ်တွေ စွမ်းအင်တွေကို ဖွဲ့စည်းထားတဲ့ အခြေခံအုတ်မြစ် .. အစအန ယူနစ်ကလေးတွေပေါ့။ ပညာရှင်တွေက အဲ့ဒီ အခြေခံအမှုန်လေးတွေကို လေ့လာပြီး အမျိုးအစားခွဲထုတ်တယ်၊ နောက် မော်ဒယ်တစ်ခုတည်ဆောက်ပြီး အဲ့ဒီ မော်ဒယ်ကိုတော့ ကျွန်တော်တို့က ‘Standard Model’ ဆိုပြီး သိကြပါတယ်။

    အဲ့ဒီမော်ဒယ်မှာ အဓိက အမှုန်အမျိုးအစားက နှစ်မျိုး ရှိပါတယ်။ ဒြပ်တွေကို ဖြစ်စေတဲ့၊ ဒြပ်တွေကို ဖွဲ့စည်းထားတဲ့ – Matter particle တွေနဲ့ အားတွေ/စွမ်းအင်တွေကို သယ်ဆောင်တဲ့ Force carrier particle ဆိုပြီးပါ။

    စကြာဝဠာထဲက ဒြပ်တွေ၊ စွမ်းအင်တွေ ဖြစ်တည်ဖို့အတွက် အဓိက တည်ဆောက်ပေးတဲ့ လက်သည်လို့ ခေါ်လို့ရနိုင်တဲ့ အခြေခံအားကတော့ လေးမျိုး – four fundamental forces ဆိုပြီး ရှိပါတယ်။ အဲ့ဒီမော်ဒယ်ထဲမှာတော့ အခြေခံအား သုံးမျိုးကိုပဲ ဖော်ပြထားပါတယ်။ လျှပ်စစ်သံလိုက်အား (Electromagnetic)၊ နျူကလီးယားအပြင်းအား (Strong Nuclear) နဲ့ နျူကလီးယားအပျော့အား (Weak Nuclear) တို့ပါ၊ ဒြပ်ဆွဲအား (Gravity) ကိုတော့ မထည့်ထားပါဘူး။ မော်ဒယ်ထဲက အခြေခံအား သုံးမျိုးက သင်္ချာ၊ ကွမ်တမ်ရူပဗေဒနဲ့ အထူးနှိုင်းရသီအိုရီဆိုတဲ့ နယ်ပယ်သုံးခု အပေါ် မူတည်ပြီး သူတို့ကိုယ်ပိုင် နည်းဥပဒေသတွေ၊ နိယာမတွေ တည်ရှိနေပါတယ်။

    ယေဘုယျပြောရရင်တော့ အဲ့ဒီ နည်းဥပဒေသ တစ်စုံစီကို ကွမ်တမ်စက်ကွင်းသီအိုရီလို့ ခေါ်ကြပါတယ်။ ဥပမာ လျှပ်စစ်သံလိုက်အားအတွက် သင်္ချာ၊ ကွမ်တမ်ရူပဗေဒ၊ အထူးနှိုင်းရ .. ဒီလို သုံးခု တစ်စုံရှိမယ်လို့ အကြမ်း ပြောနိုင်မယ်။ ဒီလို တစ်စုံက ကွမ်တမ်စက်ကွင်း သီအိုရီပေါ့။ အားသုံးခုရှိတယ်ဆိုတော့ ကွမ်တမ်စက်ကွင်းသီအိုရီက သုံးစုံစီ ရှိမယ်လို့ ပြောနိုင်ပါတယ်။

    အဲ့ဒါက Standard Model တည်ဆောက်နေတဲ့ အချိန်တုန်းကပါ၊ အားတစ်ခုချင်းစီအတွက် ကွမ်တမ်စက်ကွင်း သီအိုရီတွေ တည်ဆောက်နေကြတာဖြစ်ပါတယ်။ ဒါပေမဲ့ အဲ့ဒီကိစ္စလုပ်နေကြတုန်း သိပ္ပံပညာရှင်တွေက ထူးဆန်းတာ တစ်ခုကို သတိထားမိခဲ့ကြတယ်။ အဲ့တာက အခြေခံအားနှစ်မျိုးထဲက လျှပ်စစ်သံလိုက်လှိုင်းနဲ့ နျူကလီးယားအပျော့အား နှစ်ခုက တူညီတဲ့ ကွမ်တမ်စက်ကွင်းသီအိုရီရှိနေကြတယ်။ သဘောက သူတို့ အားနှစ်ခုက တူညီတဲ့ ဇာစ်မြစ်ရှိကြတယ်ပေါ့လေ၊ ဒါကို သူတို့က Electroweak force လို့ နာမည်ပေးခဲ့ကြတယ်။

    ပြဿနာက အဲ့ဒီက စတာပေါ့။ ဖိုတွန်တွေက လျှပ်စစ်သံလိုက်လှိုင်း .. တစ်နည်း အလင်းကို သယ်ဆောင်တဲ့ အားသယ်ဆောင်အမှုန် (Force-carrier) တွေဖြစ်ပြီး သူတို့မှာ ဒြပ်မရှိပါဘူး (ဒြပ်မရှိလို့လဲ အလင်းအလျင်နဲ့ သွားလာနိုင်တာပါ)။ တခြားတစ်ဖက်မှာကျတော့ W နဲ့ Z ဘိုဆွန်အားတွေက နျူကလီးယားအပျော့အားကို သယ်ဆောင်တဲ့ အားသယ်ဆောင်အမှုန်တွေ ဖြစ်တယ်။ နောက် သူတို့က ဒီ မော်ဒယ်ထဲမှာ ဒြပ်ထု အများဆုံး ပါရှိတဲ့ အမှုန်စာရင်း ဝင်ပါတယ်။

    ဒီ အားနှစ်ခုက တူညီတဲ့ ဇာစ်မြစ်ရှိကြတယ်ဆိုရင် ဘာလို့ သူတို့ အားနှစ်ခုက မတူညီရတာလဲ၊ ဘာလို့ အမျိုးအစားကွဲထွက်သွားရတာ .. တစ်ခုက ဒြပ်ရှိပြီး တစ်ခုကျတော့ ဒြပ်မဲ့နေရလဲ။ ဒါက ပညာရှင်တွေ ခေါင်းစားစရာ ဖြစ်လာပါတယ်။

    ရူပဗေဒပညာရှင် Robert Brout, François Englert နဲ့ Peter Higgs တို့က ဒီ Electroweak အားကို အဲ့လို မတူညီတဲ့ အရာနှစ်ခု အဖြစ် ကွဲထွက်စေတဲ့ ပြင်ပအားတစ်ခုရှိနိုင်တယ်၊ နောက် အဲ့ဒီအားကြောင့်ပဲ W, Z ဘိုဆွန်အားတွေက ဒြပ်တစ်ခုရှိနေရတယ်ဆိုပြီး သူတို့က အဆိုပြုခဲ့ကြပါတယ်၊ သူတို့က အဲ့ဒါကို Higgs Field စက်ကွင်းအားလို့ ခေါ်ခဲ့ကြပါတယ်။

    _______

    Higgs Field က ဘာလဲ။

    ―――――――

    အထည်ရွက် .. fabric ရွက် ပြားကြီး တစ်ပြားကို Higgs Field လို့ တွေးမြင်ယောင်ကြည့်ပါ။ အဲ့ဒီပေါ်မှာ ဖြစ်လာတဲ့ လှုပ်ရှားမှု တစ်ခုခု .. ဥပမာ တွန့်ရာခေါက်ရာပဲ ဖြစ်ဖြစ်၊ လှိုင်းပဲဖြစ်ဖြစ်၊ ချိုင့်ခွက်ပဲ ဖြစ်ဖြစ် .. ဒါကို Higgs boson – ဟစ်ဂ်ဘိုဆွန်လို့ ခေါ်နိုင်ပါတယ်။

    နောက်ပြီး အဲ့ဒီ ကွင်းပြင်ပေါ်မှာ ရွေ့လျားနေတဲ့ ဂေါ်လီလုံးတစ်လုံးရှိတယ်လို့ မြင်ယောင်ကြည့်ပါ။ အဲ့ဒီဂေါ်လီလုံးလေးက ပါတစ်ကယ် အမှုန်အမွှားလေး ဖြစ်ပါမယ်။ ကျွန်တော်တို့ အားလုံး သိကြပါတယ်၊ ဒီဂေါ်လီလုံးက အထည်ရွက်ပေါ်မှာ ချိုင့်ခွက်လေး တစ်ခု အဖြစ်နဲ့ ချိုင့်ဝင်သွားပါလိမ့်မယ်။ ဒါမှမဟုတ် ရွေ့လျားမှု နည်းနည်းလဲ ရှိရင်ရှိနိုင်ပါတယ်။ ရွေ့လျားမှုရှိရင်တော့ အထည်ရွက်က ဒီဂေါ်လီသွားတဲ့ တလျောက် ချိုင့်ဝင်လှုပ်ရှားမယ်လို့ မြင်ကြည့်နိုင်ပါတယ်။ ဒီနေရာမှာ အဲ့ဒီ အထည်ရွက်ပေါ်က ဖြစ်ပေါ်လာတဲ့ disturbance – ပုံပြောင်းလဲမှု/ပုံယွင်းမှု (တွန့်ခေါက်တာ၊ ချိုင့်ဝင်တာ) မှန်သမျှက ဟစ်ဂ်ဘိုဆွန်ဖြစ်ပါတယ်။ အတိုပြောရရင် ဒီ Higgs Field ထဲမှာ ဖြစ်ပေါ်တဲ့ ပုံပြောင်းမှု မှန်သမျှက ဟစ်ဂ်ဘိုဆွန်ကြောင့်ဖြစ်တယ်လို့ ဆိုလိုတာပါ။ ဒါကြောင့် ပါတစ်ကယ်တစ်ခုခုက အဲ့ဒီ Higgs field ပေါ်ရောက်တာ၊ ဒါမှမဟုတ် သူ့ဟာသူ တည်ရှိနေရင်းနဲ့ သက်ရောက်မှုရှိလာတာ မှန်သမျှ၊ disturb ဖြစ်လာသမျှက ဟစ်ဂ််ဘိုဆွန် အမှုန်နဲ့ ထိတွေ့မှု ဖြစ်လို့လို့ ဒီပညာရှင်တွေက ပြောပါတယ်။

    ဟစ်ဂ်ဘိုဆွန်အမှုန်တွေကြောင့် ဖြစ်လာတဲ့ ပုံယွင်းမှုတွေ များလေလေ ဖြတ်သန်းစီးဆင်းတဲ့ ဒြပ်မှုန်တွေရဲ့ အရှိန်က နှောင့်နှေးလေလေ ဖြစ်ပါတယ်။ သဘောက ခုနက အထည်ရွက်ပေါ်က ဂေါ်လီလုံးက ခပ်ကြီးကြီးဖြစ်လို့ အရွက်ပေါ်ကို သက်ရောက်တဲ့ ပုံယွင်းမှုက များ (ပိုကြီး ပိုလေး ပိုချိုင့်ဝင်) ပြီး ရွေ့လျားတဲ့ အရှိန်ကလဲ ပိုနှေးသွားမှာပေါ့။ အခြေခံအမှုန်တွေမှာလဲ ဒီသဘော တူတူပဲလို့ ဆိုပါတယ်။

    အဲ့တော့ တစ်ဖက်က တွေးကြည့်ရင် Higgs field ကို သက်ရောက်စေတဲ့ ပါတစ်ကယ်တွေ များလေလေ ရွေ့လျားနှုန်းနှေးလေ ဒြပ်ထု ပိုများ – ပိုရလေ ဖြစ်လာမှာပါ။ ဒါကြောင့် ကျွန်တော်တို့ အနေနဲ့ ပါတစ်ကယ်တွေရဲ့ ဒြပ်ထုတွေကို ကြည့်မယ်ဆိုရင် ဒြပ်ထုပိုများများရှိနေတဲ့ ပါတစ်ကယ်တွေက Higgs field နဲ့ ထိတွေ့မှု ပိုများနေလို့ ဖြစ်ပြီး ဒြပ်မဲ့ပါတစ်ကယ်တွေကတော့ ထိတွေ့မှု မရှိဘူးလို့ ဆိုရနိုင်ပါတယ်။

    ဒါပေမဲ့ Higgs field က တခြား စက်ကွင်းအား – force field တွေနဲ့ မတူနေရတာလဲ။ ဒါကိုတော့ စက်ကွင်းအား အမျိုးအစားနှစ်ခုဖြစ်တဲ့ စကေလာ (Scalar) နဲ့ ဗက်တာ (Vector) တွေကို သိထားဖို့ လိုအပ်ပါတယ်။

    ဗက်တာစက်ကွင်းတွေမှာက ဦးတည်ရာ direction ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီ အားတစ်ခုက ဘယ်လိုဦးတည်ချက်နဲ့ ရွေ့လျားနေလဲ ဆိုတာ သိရှိနားလည်နိုင်တယ်၊ နမူနာ ပြောရရင် လျှပ်စစ်သံလိုက်လှိုင်းတွေလိုပါ။

    စကေလာစက်ကွင်းကကျတော့ ဗက်တာနဲ့ ပြောင်းပြန် .. direction မရှိပါဘူး။ ဒီ Higgs field ကို မတွေ့ခင်အချိန် .. အရင့်အရင်တွေတုန်းက ကျွန်တော်တို့ အဲ့သလို အလားတူ စကေလာစက်ကွင်းတွေကို တစ်ခါမှ မမြင်ခဲ့ဖူးပါဘူး။ ဒါကြောင့်လဲ ဒီ Higgs field က အထူးခြားဆုံး force field တစ်မျိုး ဖြစ်နေပြီးတော့ ပါတစ်ကယ်တွေကို ဒြပ်တွေ ရှိလာစေဖို့ လုပ်ဆောင်ပေးတဲ့ အားတစ်မျိုး ဖြစ်တယ်ဆိုပြီး ပညာရှင်တော်တော်များများက ပြောကြတာပါ။

    _______

    ဒါဆို ဟစ်ဂ် စက်ကွင်းအားက စကြာဝဠာမှာ ဒြပ်ရှိလာအောင် ဘယ်လိုလုပ်ဆောင်ပေးတာလဲ။

    ―――――――

    Big Bang ပေါက်ကွဲမှု ပြီးပြီးချင်မှာ စကြာဝဠာတစ်ခွင်လုံးရဲ့ အပူချိန်က အလွန်အင်မတန် ပြင်းထန်နေပါတယ်။ တပြင်လုံးမှာလဲ ဒြပ်မဲ့ အခြေခံအမှုန်လေးတွေ၊ ကွာခ့်လေးတွေက လွဲပြီး တခြားဘာဆို ဘာမှ မရှိပါဘူး။ အပေါ်မှာ ပြောခဲ့တဲ့ Electroweak – လျှပ်ပျော့အားကလဲ ခြေရာလက်ရာမပျက် ဒီတိုင်းလေး အကောင်းအတိုင်း ရှိနေသေးသလို ဖိုတွန်တွေ၊ W, Z ပါတစ်ကယ်တွေကလဲ ဒြပ်မဲ့နေသေးတဲ့ အခြေအနေဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာ Higgs field က ဘယ်ရောက်နေလဲ ဆိုတော့ကာ ..

    ပညာရှင်တချို့ ပြောတာကို လေ့လာကြည့်ရသလောက် Higgs field ဟာ စကြာဝဠာ သက်တမ်း အစထဲက ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဒီ စက်ကွင်းအား အလုပ်လုပ်ဖို့ရာအတွက်တော့ စကြာဝဠာက ပူလွန်းနေသေးတာကြောင့် အစပိုင်းမှာ သူ့လုပ်ကွက်သိပ်မရှိဘူးလို့ ဆိုရပါမယ်။

    အချိန်တွေလဲကြာရော စကြာဝဠာလဲ ပြန့်ကားထွက်လာပြီးတော့ အပူချိန်တွေလဲ တဖြည်းဖြည်းကျလာတယ်။ Higgs field သက်ဝင်လှုပ်ရှားဖို့အတွက် သင့်တင့်မျှတတဲ့ အပူချိန်တစ်ခုလဲ ရောက်ရော သူ့ရဲ့ အခန်းကဏ္ဍ စပါတော့တယ်။ ဒီ စက်ကွင်းနဲ့ ထိတွေ့သက်ရောက်မှုရှိပြီး interactive ဖြစ်သမျှ ပါတစ်ကယ်တိုင်းက ဒြပ်တွေ ကိုယ်စီရှိလာကြတယ်။ ဟစ်ဂ်ဘိုဆွန်နဲ့ ထိတွေ့သက်ရောက်မှုများလေလေ .. ဒီ ပါတစ်ကယ်ရဲ့ ရွေ့လျားမှု နှေးကျလာလေလေ .. တစ်နည်းအားဖြင့် ကျွန်တော်တို့ သိထားသလို ပါတစ်ကယ်တွေရဲ့ ဒြပ်ထုရှိလာတယ်/များလာပါတယ်။

    W နဲ့ Z ဘိုဆွန်လိုမျိုး ပါတစ်ကယ်တွေကကျ ဟစ်ဂ်ဘိုဆွန်နဲ့ ထိတွေ့မှုများပြီး ဒြပ်ထု ကြီးကြီး ပိုင်ဆိုင်သွားတယ်၊ ဒါပေမဲ့ ဖိုတွန်တွေကျတော့ ဒီကောင်နဲ့ ထိတွေ့မှုမလုပ် .. interact မဖြစ်ဘူး။ အကျိုးဆက်အနေနဲ့ ဖိုတွန်တွေက စကြာဝဠာထဲမှာ အလင်းအလျင်နဲ့ သွားလာနိုင်တဲ့ အားသယ်ဆောင်အမှုန်ဖြစ်လာပြီး သူတို့မှာ ဒြပ်ထုလဲ မရှိတော့ပါဘူး။ အလယ်မှာပြောခဲ့တဲ့ ဥပမာအရတော့ အထည်စ (Higgs field) ပေါ် ဘယ်တော့မှ မကျခဲ့တဲ့ ဂေါ်လီလုံး (ပါတစ်ကယ်) ဖြစ်ပြီး ဘာဒြပ်မှာ မရှိတော့တာပေါ့။ တစ်ဖက်မှာတော့ W နဲ့ Z ဘိုဆွန်တွေက ဒီ အထည်စနဲ့ ထိတွေ့မှုများတဲ့ ခပ်လေးလေး ဂေါ်လီလုံးပေါ့။

    အဲ့သလိုနဲ့ စကြာဝဠာ ပဟေဠိတွေထဲက တစ်ခုဖြစ်တဲ့ Electroweak အားက ဘာလို့ နှစ်မျိုး ကွဲထွက်သွားလဲဆိုတာ အတွက် သင့်တော်တဲ့ အဖြေတစ်ခုကို ရခဲ့တယ်။

    စဉ်းစားစရာတစ်ခုက အကယ်၍ အဲ့ Higgs Field ဆိုတာကြီး မရှိဘူးဆိုရင်ရော …

    ဒီမေးခွန်းကြောင့်ပဲ ဒီဆောင်းပါးရဲ့ ခေါင်းစဉ်ကို ဖန်ဆင်းရှင်ပါတစ်ကယ်လို့ ပေးဖြစ်တာပါ။ (အမှုန်ရူပဗေဒမှာလဲ ဟစ်ဂ်ဘိုဆွန်ကို အဲ့လို တင်စားခေါ်ဝေါ်ပါတယ်။) ကျွန်တော်တို့ ခန္ဓာကိုယ်ကို ကြယ်တာရာတွေ ပေါက်ကွဲတာကနေ လွင့်စင်လာတဲ့ အမျိုးမျိုးသော ဒြပ်စင်တွေနဲ့ ဖွဲ့စည်းထားတယ်။ ဒီအက်တမ်တွေမှာ ခပ်လေးလေး နျူးကလီးယပ်စ် ခေါ် အက်တမ်ဝတ်ဆံကို လှည့်ပတ်နေတဲ့ အီလက်ထရွန်ရှိတယ်။ တကယ်လို့သာ Higgs Field ဆိုတာ မရှိခဲ့ဘူးဆိုရင် နျူးကလီးယပ်စ်တွေ မရှိနိုင်သလို သူ့ကို တွဲဆက်လည်ပတ်နေမဲ့ အီလက်ထရွန်လဲ မရှိနိုင်တော့ဘူး။

    တစ်နည်းအားဖြင့် ဘာအက်တမ်မှ မရှိတော့ဘဲ စကြာဝဠာထဲက ကြယ်တွေ၊ ဂြိုဟ်တွေ၊ ဒြပ်တွေ၊ စွမ်းအင်တွေ ဘာဆို ဘာမှ မရှိနိုင်တော့ဘူးပေါ့။ ဒါကြောင့် အဲ့ဒီ ဟစ်ဂ်ဘိုဆွန်ကို ပညာရှင်တွေက God Particle လို့ ခေါ်ဝေါ်ကြတာ ဖြစ်ပါတယ်။

    အနှစ်ချုပ်အနေနဲ့ ပြောရရင် ဒီ ဟစ်ဂ်ဘိုဆွန် သီအိုရီက လွန်ခဲ့တဲ့ နှစ်ငါးဆယ်လောက်ကတည်းကပေမဲ့ ဓာတ်ခွဲခန်းထဲမှာ ရှာဖွေတွေ့ရှိခဲ့တာ ဆယ်စုနှစ် နှစ်ခုစာပဲ ရှိပါသေးတယ်။ အမှုန်ရူပဗေဒနဲ့ ပတ်သက်လို့ နာမည်ကြီးတဲ့ ထိပ်တန်းသုတေသနအဖွဲ့အစည်း CERN က အကွင်းသဏ္ဍာန်ရှိ collider (အမှုန်အရှိန်မြှင့်စက်တစ်မျိုး) ထဲမှာ ပရိုတွန်တွေကို အချင်းချင်း ပစ်တိုက်ပြီး ဟစ်ဘိုဆွန်တွေ ဖွဲ့စည်းပုံနဲ့ ပြိုကွဲပုံတွေကို လေ့လာနိုင်ခဲ့ကြပါတယ်။

    သုတေသနတွေကနေ တိကျသေချာသလောက်ရှိတဲ့ ရလဒ်တစ်မျိုး ရပြီးတဲ့နောက်တော့မှ ဟစ်ဂ်ဘိုဆွန်ကို Standard Model ထဲ ထည့်ပြီး အမှုန်အဖြစ် သတ်မှတ်ခဲ့ကြတာပါ။

    အခုတော့ အမှုန်ရူပဗေဒပညာရှင်တွေက သီအိုရီထဲပဲ ရှိသေးတဲ့ dark matter နဲ့ magnetic monopoles တို့လို ခပ်ဆန်းဆန်း အမှုန်တစ်မျိုး နောက် လိုက်နေကြပါတယ်။ နောက်မကြာခင်နှစ်အတွင်းမှာ ဒီ ဟစ်ဂ်ဘိုဆွန်လိုမျိုး ပါတစ်ကယ်တစ်မျိုး ထပ်မတွေ့နိုင်ဘူးလို့ ဘယ်သူမှလဲ ကံသေကံမ မပြောနိုင်သေးပါဘူး။ စကြာဝဠာကြီးက ဆန်းကျယ်မှုတွေ အတိပြီးနေတာပဲမဟုတ်လား။

    မှတ်ချက်။ ။ ဒီဆောင်းပါးဟာ စာဖတ်သူတွေကို အလွယ်နားလည်စေနိုင်မဲ့ ပုံစံအဖြစ် ရည်ရွယ်ရေးသားထားတာကြောင့် အထင်အမြင်လွဲစေနိုင်မဲ့ သဘောတရားတချို့ ပါကောင်းပါသွားနိုင်ပါတယ်၊ အကြောင်းအရာအပြည့်အစုံကိုတော့ အောက်မှာဖော်ပြထားတဲ့ citation တွေကနေ အသေးစိတ် ဝင်ရောက်လေ့လာနိုင်ပါတယ်။

    References – What’s so special about the Higgs boson? (2023, September 25). CERN. https://home.cern/science/physics/higgs-boson/what

    – Sutton, C. (2023, August 18). Higgs boson | Physics, Particle Physics & Standard Model. Encyclopedia Britannica. https://www.britannica.com/science/Higgs-boson

    – What exactly is the Higgs boson? Have physicists proved that it really exists? (1999, October 21). Scientific American. https://www.scientificamerican.com/article/what-exactly-is-the-higgs/

    – The Higgs boson. (2023, September 25). CERN. https://home.cern/science/physics/higgs-boson

    – Mogarkar, M. (2022). What Is The Higgs Boson? Science ABC. https://www.scienceabc.com/pure-sciences/what-is-the-higgs-boson.html

    Written by – Zwe Thukha Min
    Edited by – Fact Hub Editor Team

    ©️ 𝟮𝟬𝟮𝟯-𝟮𝟬𝟮𝟰 | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿

    #Fact_Hub #Higgs_Boson #Standard_Model #Particle_Physics #Particle #Physics #Article #Science #The_God_Particle

    Fact Hub Myanmar

    Proudly powered by FH Editor Team

    This content is licensed under CC BY-NC-ND 4.0

    Share. Facebook Email Telegram
    Previous Articleအပူဒဏ်နဲ့ အအေးဒဏ် ဘယ်ဟာက ပိုပြီး အန္တရာယ်ပေးနိုင်သလဲ။
    Next Article ငလျင်ဘာ​ကြောင့်လှုပ်
    Zwe Thukha Min

    Related Posts

    ရှင်သန်ကျန်ရစ်သူရဲ့ အပြစ်ရှိစိတ် (Survivor Guilt) ကို ဘယ်လို သက်သာစေမလဲ . . .

    April 4, 2025

    ငလျင်ကို ဘာကြောင့် ကြိုတင်ခန့်မှန်းလို့ မရတာလဲ . . . ?

    April 4, 2025

    မန္တလေးကျုံးက ပလတ်စတစ်နဲ့ ဖော့ဘူးခွံတွေ

    April 4, 2025

    မြစ်ရေခမ်းတာလား . . . မြေအရည်ပျော်တာလား . . . ?

    April 4, 2025

    ငှက်အုပ်ပျံတာက မုန်တိုင်းရဲ့ ရှေ့ပြေးလား

    April 4, 2025

    မိုးလေဝသပညာရှင် ဦးဝင်းနိုင် ပြောတဲ့ မုန်တိုင်းအလားအလာ

    April 4, 2025
    Add A Comment
    Leave A Reply Cancel Reply

    Categories
    • Astronomy & Space (1)
      • Astrobiology (1)
    • Uncategorized (248)
    Archives

    At Fact Hub, we are dedicated to sharing trustworthy and reliable information that empowers people through knowledge. As a fact-checking organization, our mission is to distinguish truth from misinformation, and to uphold accuracy, integrity, and responsibility in the information we share.

    Facebook YouTube Telegram
    Archives
    • April 2025 (7)
    • March 2025 (10)
    • January 2025 (2)
    • November 2024 (4)
    • October 2024 (14)
    • September 2024 (3)
    • July 2024 (1)
    • May 2024 (1)
    • March 2024 (4)
    • January 2024 (17)
    • December 2023 (14)
    • November 2023 (26)
    • October 2023 (18)
    • September 2023 (23)
    • August 2023 (20)
    • July 2023 (13)
    • June 2023 (11)
    • May 2023 (28)
    • April 2023 (32)

    ရှင်သန်ကျန်ရစ်သူရဲ့ အပြစ်ရှိစိတ် (Survivor Guilt) ကို ဘယ်လို သက်သာစေမလဲ . . .

    April 4, 2025

    ငလျင်ကို ဘာကြောင့် ကြိုတင်ခန့်မှန်းလို့ မရတာလဲ . . . ?

    April 4, 2025

    မန္တလေးကျုံးက ပလတ်စတစ်နဲ့ ဖော့ဘူးခွံတွေ

    April 4, 2025

    မြစ်ရေခမ်းတာလား . . . မြေအရည်ပျော်တာလား . . . ?

    April 4, 2025
    Copyright © 2026. Fact Hub Myanmar. All rights reserved.

    Type above and press Enter to search. Press Esc to cancel.