ဒြပ် (Matter) ဟာ ရူပဗေဒ၊ ဓာတုဗေဒနဲ့ တခြားသိပ္ပံနယ်ပယ်တွေမှာ အခြေခံကျတဲ့အရာတစ်ခုဖြစ်ပါတယ်။ Matterတွေကို သေးငယ်တဲ့အမှုန် (tiny particle) တွေနဲ့ ဖွဲ့စည်းထားတာပါ။ အဲ့ဒီ ပါတစ်ကယ်တွေဟာ အက်တမ် (atom)လည်းဖြစ်နိုင်သလို၊ မော်လီကျူး (molecule) တွေလည်း ဖြစ်နိုင်ပါတယ်။ အမျိုးအစားတူညီတဲ့ အက်တမ်တွေ စုပေါင်းထားတာကို ဒြပ်စင်(element) လို့ခေါ်ပြီး အမျိုးအစားမတူညီတဲ့ အက်တမ်တွေ စုပေါင်းထားတာကိုတော့ ဒြပ်ပေါင်း (compound) လို့ခေါ်ပါတယ်။ အဲ့ဒီ element နဲ့ compound တွေဟာလည်း matter တွေဖြစ်ပါတယ်။ Matterတွေရဲ့ ဖြစ်တည်မှုအစဟာ အက်တမ်တွေပါပဲ။ အက်တမ်အကြောင်းသီးသန့်ဆောင်းပါးကို ကောမန့်က ကြည့်ပါ။
Matter တွေဟာ အခြေခံကျတဲ့ အက်တမ်တွေနဲ့ စုပေါင်းထားတဲ့အတွက်ကြောင့် သူတို့မှာ ဒြပ်ထု (mass) ဆိုတာလဲ ရှိနေပါတယ်။ Mass ဆိုတာ အရာဝတ္ထု တစ်ခုအတွင်းမှာရှိတဲ့ .. အရာဝတ္ထုတစ်ခုကို ဖွဲ့စည်းတည်ဆောက်ထားတဲ့ matterပမာဏလို့ အကြမ်းဖျင်း မှတ်ယူနိုင်ပါတယ်။ ဒါကြောင့် mass ရှိနေတဲ့ဝတ္ထုတွေကို matter တွေလို့ သတ်မှတ်နိုင်ပါတယ်။ Matter တွေဟာ နေရာယူနိုင်တဲ့ ဂုဏ်သတ္တိလည်းရှိကြပါတယ်။ ဥပမာ – ရေသန့်ဘူးအလွတ်ထဲကို ရေတွေ ဖြည့်လိုက်မယ်ဆိုရင် ရေတွေက ရေသန့်ဘူးထဲမှာပဲ နေရာယူပစ်သွားမှာဖြစ်တာကြောင့် ရေဟာလည်း matter တစ်ခုပါပဲ။ ကိုယ့်ပတ်ဝန်းကျင် အနီးနားမှာရှိတဲ့ အရာဝတ္ထုတွေ၊ ရေသန့်ဗူး၊ ထမင်းစေ့၊ ရေနွေးငွေ့၊ ရေခဲရေ၊ သဲမှုန်လေးတွေ စတာတွေဟာ မတူညီတဲ့ ပုံစံအခြေအနေ အမျိုးမျိုးနဲ့ရှိနေကြပေမဲ့ သူတို့တွေဟာလည်း matter တွေပါပဲ။
Matter တွေဟာ အပူချိန်နဲ့ ဖိအားကို လိုက်ပြီးတော့ အခြေအနေ (State) အမျိုးမျိုးကွဲပြားကြပါတယ်။ အခြေခံအားဖြင့် matter မှာ state သုံးခုရှိပါတယ်။ အဲ့ဒါတွေကတော့ အစိုင်အခဲ (Solid)၊ အရည် (Liquid) နဲ့ အငွေ့ (Gas) တို့ပဲဖြစ်ပါတယ်။ အဲ့ဒီ State တွေကို ရုပ်အခြေအနေ (Physical State) တွေလို့လည်း ခေါ်ပါတယ်။ State တစ်ခုချင်းစီမှာ မတူညီတဲ့ အက်တမ်ဖွဲ့စည်းပုံ၊ ပုံသဏ္ဍာန်တွေနဲ့ ကွဲပြားတဲ့ mass တွေရှိကြပါတယ်။
အစိုင်အခဲတစ်ခုထဲမှာပါတဲ့ ပါတစ်ကယ်တွေဟာ တစ်ခုနဲ့ တစ်ခုကို နီးနီးကပ်ကပ်ဖြစ်အောင် ဆွဲငင်နေကြပြီးတော့ အက်တမ်တွေရဲ့ လှုပ်ရှားမှုလည်း နည်းပါးကြပါတယ်။ ဒါကြောင့် အစိုင်အခဲတွေဟာ အရည်တွေလိုမစီးဆင်းနိုင်ကြပါဘူး။ အစိုင်အခဲတွေမှာ တိကျတဲ့ ပုံသဏ္ဍာန်နဲ့ ထုထည် (Volume) ရှိပါတယ်။ တိကျတဲ့ ထုထည်ရှိတဲ့အတွက်ကြောင့် တည်ငြိမ်စွာနဲ့ နေရာယူနိုင်ကြပါတယ်။ အစိုင်အခဲတွေဟာ အပူပေးလိုက်တဲ့ အခါမျိုးမှာဆိုရင်တော့ သူ့ထဲမှာပါဝင်နေတဲ့ ပါတစ်ကယ်တွေဟာ အပူကြောင့် တုန်ခါမှုတွေ ဖြစ်ပေါ်ပြီးတော့ ထုထည် ပြန့်ထွက်လာတတ်ပါတယ်။ အဲ့လိုဖြစ်စဥ်မျိုးတွေကိုတော့ ထုထည်ပွလာခြင်းလို့ ခေါ်ဆိုလေ့ရှိပါတယ်။ အစိုင်အခဲတစ်ခုကို အခုလိုအပူချိန်မြင့်မြင့်လေး ပေးလိုက်တာကြောင့် အစိုင်အခဲအခြေကနေ အရည်အခြေအနေကို ပြောင်းလဲသွားတာမျိုးကို အရည်ပျော်ခြင်း (Melting) လို့ခေါ်ပါတယ်။ ဥပမာ-အပူချိန်မြင့်ပေးလိုက်ခြင်းကြောင့် ရေခဲ (Solid State) ကနေ ရေ (Liquid State)အဖြစ်သို့ပြောင်းလဲသွားတာမျိုးပါ။
အရည်တွေမှာပါဝင်တဲ့ ပါတစ်ကယ်တွေဟာ အစိုင်အခဲလို တင်းတင်းကျပ်ကျပ် ဖွဲ့စည်းထားတာမျိုး မဟုတ်ဘဲ ပါတစ်ကယ် တစ်ခုနဲ့တစ်ခုကြားမှာ နေရာလွတ်လေးတွေရှိနေတာကြောင့် ဒီပါတစ်ကယ်တွေဟာ ကောင်းကောင်းရွေ့လျားနိုင်ပြီးတော့ စီးဆင်းနိုင်ကြပါတယ်။ အတွင်းထဲ ရွေ့လျားနေတဲ့ ပါတစ်ကယ်တွေကြောင့် အရည်တွေမှာ ပုံသဏ္ဍာန်အတိအကျမရှိပါဘူး။ ဒါပေမဲ့ အရည်တွေမှာ ထုထည်တိကျမှုတော့ရှိပါတယ်။ လေးထောင့်ဖန်ခွက်ထဲက အရည်ကို ရေသန့်ဘူးထဲ ထည့်တဲ့အခါမှာ ဒီအရည်တွေဟာ ရေသန့်ဘူးရဲ့ ပုံသဏ္ဍာန်အတိုင်း နေရာယူနိုင်ပြီး ထုထည်ပြောင်းလဲခြင်းလည်း မရှိပါဘူး။ အရည်တွေကို အပူချိန်မြှင့်တင်ပေးရင်တော့ အတွင်းပါတစ်ကယ် တုန်ခါမှုတွေ ဖြစ်ပေါ်ပြီး အရည်အခြေအနေကနေ အငွေ့အခြေအနေကို တစ်ခါကူးပြောင်းသွားမှာဖြစ်ပါတယ်။ အဲ့သလို ကူးပြောင်းတာကိုတော့ အငွေ့ပျံခြင်း (Vaporisation) လို့ခေါ်ပါတယ်။ ရေနွေးအိုးတည်တဲ့အခါမှာ အထဲကရေတွေဟာ အပူချိန် မြင့်တက်လာတာကြောင့် အငွေ့အခြေအနေကို ရောက်သွားပြီး အိုးထဲကနေ ရေငွေ့တွေထွက်လာတာမျိုးပါ။
အငွေ့တွေ ဆိုတာကတော့ သူ့ကိုဖွဲ့စည်းထားတဲ့ ပါတစ်ကယ်တွေဟာ တစ်နေရာတည်းမှာ အတည်တကျမရှိနေဘဲ ရွေ့လျားမှု အားကောင်းတဲ့အတွက်ကြောင့် ဖြစ်ပေါ်လာတဲ့ state တစ်ခုဖြစ်ပါတယ်။ အငွေ့တွေမှာပါရှိတဲ့ ပါတစ်ကယ်တွေဟာ တစ်ခုကိုတစ်ခု ဆွဲငင်အားနည်းကြပြီးတော့ ကြားမှာလည်း နေရာလွတ်တွေ အများကြီးရှိနေတာကြောင့် ပါတစ်ကယ်တွေက လွတ်လွတ်လပ်လပ်နဲ့ လှုပ်ရှားသွားလာနိုင်ကြပါတယ်။ အငွေ့တွေကိုမြင်နေရတယ်ဆိုတာဟာလည်း ပါတစ်ကယ်တွေ ခြေဦးတည့်ရာ ကြုံရာကျပမ်းရွေ့လျားနေတာကို မြင်နေရတာပါပဲ။ အငွေ့တွေမှာတော့ တိကျတဲ့ပုံသဏ္ဍာန်ရော ထုထည်ရော နှစ်ခုစလုံးမရှိပါဘူး။ အငွေ့တွေကို အပူချိန်နဲ့ ဖိအားထပ်တိုးပေးရင်တော့ အိုင်းယွန်း (Ion) အခြေအနေကို ရောက်ရှိသွားမှာ ဖြစ်ပါတယ်။ အိုင်းယွန်းတွေဆိုတာ လျှပ်စစ်ဆောင်အမှုန်တွေဖြစ်ပြီး အပူစွမ်းအင်အမြင့်ဆုံးကို ပိုင်ဆိုင်ထားတဲ့ state တစ်ခုဖြစ်ပါတယ်။ အဲ့ဒီ state ကိုတော့ ပလာစမာ (Plasma) လို့ခေါ်ပါတယ်။ အငွေ့ကို အပူချိန်ထပ်တိုးပေးလိုက်တာကြောင့် Plasma အခြေအနေကို ရောက်ရှိသွားတာကို Ionisation လို့ခေါ်ပါတယ်။
အဲ့ဒီ အစိုင်အခဲ၊ အရည်နဲ့ အငွေ့တွေအားလုံးကို စုပေါင်းပြီးတော့ ဒြပ် (Matter) လို့ ခေါ်ဆိုကြတာဖြစ်ပါတယ်။
References – The Editors of Encyclopaedia Britannica. (2023, October 2). Matter | Definition, Characteristics, States, Examples, & Facts. Encyclopedia Britannica.
– Helmenstine, A. (2021, August 23). What is matter? Definition and examples. Science Notes and Projects.
Written by – Aye Chan Oo
Edited by – Fact Hub Editor Team
©️ 𝟮𝟬𝟮𝟯-𝟮𝟬𝟮𝟰 | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿
#Fact_Hub #Article #Chemistry #Matter #Basics_Chemistry #General_Science
Fact Hub Myanmar
Proudly powered by FH Editor Team
This content is licensed under CC BY-NC-ND 4.0
