ပြီးခဲ့တဲ့ ရက်ပိုင်းက ဒါရိုက်တာ ခရစ်စတိုဖာ နိုလန်းရဲ့ အော့ပန်ဟိုင်းမား (Oppenheimer) ရုပ်ရှင် ဒစ်ဂျစ်တယ်အကြည်ထွက်လာလို့ ကြည့်လိုက်ရပါတယ်။ ခန့်မှန်းချေ အချိန် သုံးလေးလလောက် စောင့်ပြီးမှ ဒီလိုကားမျိုးကို ကွန်ပြူတာမော်နီတာ သေးသေးလေးနဲ့ ကြည့်လိုက်ရလို့ နည်းနည်း အောင့်သက်သက် ဖြစ်တာကလွဲရင် နိုလန်းရဲ့ လက်ရာကိုတော့ အပြည့်အဝနီးပါး ခံစားလို့ ရခဲ့ပါတယ်။
ချုံပြောရရင် ဇာတ်လမ်း စလယ်ဆုံး ပြည့်စုံကောင်းမွန်လွန်းပါတယ်။ အရိုးရှင်းဆုံးက အဆန်းပြားဆုံးဆိုတဲ့ သဘောသဘာဝကို ဒီဇာတ်ကားမှာ နိုလန်းသုံးသွားတယ်လို့ ထင်မိတယ်။ သုံးနာရီစာ ကြာတဲ့ ဇာတ်ကား တစ်လျှောက်လုံးမှာ ကြီးမားတဲ့ အလှည့်အပြောင်းတွေ၊ မထင်မှတ်ထားတဲ့ အချိုးအကွေ့တွေနဲ့ ရင်သပ်ရှုမောဖြစ်ရတဲ့ အကြောင်းအရာ (ဇာတ်လမ်းသွားကို ဆိုလိုတယ်) တွေ ဘာတစ်ခုမှ မပါဘူး။ ကျောရိုးယူပြီး ရိုက်ကူးဖော်ပြထားတာတွေက သမိုင်းနောက်ခံအကြောင်းအရာတွေနဲ့ သိပ်မစိမ်းတဲ့ သာမန်လူတွေဆိုရင် သိထားကြတာတွေချည်း ဖြစ်တယ်။ ဒါပေမဲ့ ရုပ်ရှင်သာ ပြီးသွားတယ်။ သုံးနာရီဆိုတဲ့ အချိန် ကုန်လို့ ကုန်သွားတယ်လို့ကို မခံစားလိုက်ရတဲ့အထိကို နိုလန်းရဲ့ လက်ရာထဲ စီးမြောပါဝင်သွားဖြစ်တာပါ။
ဒီရုပ်ရှင်က သမိုင်းကို နားလည်ထားရင် အတော်လေးကို ကြည့်လို့၊ ခံစားလို့ ကောင်းပါလိမ့်မယ်။ ထပ်တိုးအနေနဲ့ ရုပ်ရှင်ထဲမှာပါဝင်တဲ့ သိပ္ပံနဲ့ ဆိုင်တဲ့ .. အထူးသဖြင့် ရူပဗေဒနဲ့ နွယ်တဲ့ concept တွေကို နားလည်ထားမယ်ဆိုရင် ကြည့်ရတာ ပိုကောင်းမယ်လို့ ထင်တယ်။
ဒါကြောင့် ဒီဆောင်းပါးမှာ အော့ပန်ဟိုင်းမားရုပ်ရှင်ထဲ ပါဝင်သမျှ သိပ္ပံနဲ့ နွယ်ထားတဲ့ သဘောတရားတွေ အကုန်လုံးကို လူတိုင်း နားလည်နိုင်မဲ့ ပုံစံနဲ့ ရေးသားဖော်ပြပေးချင်ပါတယ်။ (စာတော့ အတော်လေးရှည်လို့ သည်းခံဖတ်ပေးကြပါဦးဗျာ။)
#Fact_Hub #Article #Oppenheimer #Science_behind_Oppenheimer #Science #Physics
၁၉၀၅ ခုနှစ်မှာ အိုင်းစတိုင်းက လက်ရှိအချိန်ထိ နားလည်ထားတဲ့ ရူပဗေဒအယူအဆတွေ အကုန်လုံးကို တစ်ခေတ်ဆန်း တိုးတက်စေမဲ့ စာတမ်းတစ်စောင် ထုတ်ဝေခဲ့တယ်။ အဲ့ဒီစာတမ်းမှာ အထူးပြုထားတာတော့ အထူးနှိုင်းရသီအိုရီနဲ့ ပတ်သက်တာပဲ။ ဒါပေမဲ့ စာတမ်းထဲ ပါလာတဲ့ နောက်ထပ်တစ်ခုက ဒြပ်ထု၊ စွမ်းအင် အချိုးကျ ညီမျှချက်ပါ။ E = mc^2 ဆိုပြီး ဖော်ပြကြတယ်။
လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၁၃.၈ ဘီလျံတုန်းက မဟာပေါက်ကွဲမှုကြီး (Big Bang) ဖြစ်ပြီး စကြာဝဠာကြီးတစ်ခုလုံး မွေးဖွားတည်ရှိလာခဲ့တယ်။ မဟာပေါက်ကွဲမှုကြီး အပြီးမှာ စကြာဝဠာ တစ်ခွင်လုံးမှာ ဘာဒြပ်မှ မတည်ရှိသေးဘူး။ စွမ်းအင်ပြင်ကျယ်ကြီးတစ်ခုလုံး ဖြန့်ကျက်တည်ရှိနေတာ။ နောက်နှစ်သိန်းချီကြာတော့မှ လျှပ်ဓာတ်ဆောင် ကွာ့ခ်တွေ ရှိလာတယ်၊ အဲ့ဒီကနေ ပရိုတွန်၊ နျူထရွန်တွေ ဖြစ်လာတယ်၊ ပြီးတော့ အီလက်ထရွန်နဲ့ ပေါင်းစည်းမိပြီး အက်တမ်တွေ ဖြစ်တည်လာကြတယ်။ ပထမဆုံး ပေါ်လာတဲ့ အက်တမ်ဟာ ဟိုက်ဒြိုဂျင် အက်တမ် ဖြစ်တယ်။ အဲ့ဒီကနေ ဟိုက်ဒြိုဂျင် အက်တမ်တွေ ပေါင်းစည်းစုကာမိပြီး ဓာတ်ငွေ့တိမ်တိုက်တွေ ဖြစ်လာတယ်၊ နောက် ကြယ်တွေ မွေးလာတယ်၊ ဂြိုဟ်တွေ ဖြစ်လာတယ်။ ကျွန်တော်တို့လို သက်ရှိတွေ ရှိလာတယ်။
ဒါတွေအားလုံးက မက်တာတွေ .. ဒြပ်တွေပဲ မဟုတ်လား။ စွမ်းအင်တည်မြဲမှုနိယာမအရ စွမ်းအင်တွေဟာ ဖျက်ဆီးလို့မရ၊ အသစ်ဖန်တီးလို့ မရ .. ဒါဆိုရင် မဟာပေါက်ကွဲမှုကနေ ထွက်လာတဲ့ စွမ်းအင်တွေကရော ဘယ်ရောက်သွားတာလဲ။ ဒြပ်ထုတွေအဖြစ် တည်ရှိပြောင်းလဲသွားတာဆို အဲ့ဒီစွမ်းအင်တွေကို ဘယ်လိုပြန်ထုတ်ယူနိုင်မလဲ။ ဒါတွေ ဆက်ဆက်လိုက်လာပါတယ်။
အိုင်းစတိုင်းရဲ့ စာတမ်းထဲမှာ မူလဖော်ပြထားတဲ့ အီကွေးရှင်းက m = L/v^2 (m = E/c^2) ဖြစ်တယ်။ ပြီးမှသာ ပြန်နေရာအပြောင်းအရွေ့ လုပ်လိုက်ကြတဲ့ သဘောပဲ။
ဟိုးအရင်တုန်းက ရူပနယ်ပယ်မှာ စွမ်းအင်နဲ့ ဒြပ်ထုဆိုတာ ဘာဆို ဘာမှ မဆိုင်ဘူးလို့ ယူဆထားကြတာ။ ဒါပေမဲ့ အိုင်းစတိုင်းရဲ့ ဒီညီမျှခြင်းမှာတော့ စွမ်းအင်နဲ့ ဒြပ်ထုဟာ တိုက်ရိုက်အချိုးကျညီမျှတယ်၊ ဝတ္ထုတစ်ခုဟာ သူ့နဂိုမူလ ရှိနေတဲ့ ဒြပ်ပြောင်းလဲရင် စွမ်းအင်လဲ ပြောင်းလဲတယ်ဆိုတဲ့ သဘောမျိုး ဖော်ပြထားတယ်။ အကြွေစေ့တစ်စေ့မှာဆိုရင် စွမ်းအင်နဲ့ ဒြပ်ထုဟာ ခေါင်းနဲ့ ပန်းလိုပဲ။ သူတို့ နှစ်ခုက ညီမျှတယ်။ မတူညီတဲ့ ပုံစံတွေနဲ့ တည်ရှိနေကြတာပဲ ကွာတယ်ပေါ့။
အဲ့ဒီညီမျှချက်ကို အခြေခံပြီး ဖြစ်လာတဲ့ အယူအဆက ဝတ္ထုတစ်ခုရဲ့ ဒြပ်ထုဟာ အဲ့ဒီဝတ္ထုတွင်းပါဝင်နေတဲ့ အစိတ်အပိုင်းတွေရဲ့ ပေါင်းလဒ်နဲ့ ညီမျှခြင်း မရှိဘူးလို့ ဆိုတယ်။ နမူနာအနေနဲ့ တူညီတဲ့ အလေးချိန်၊ ဒြပ်ထုရှိတဲ့ လက်ပတ်နာရီနှစ်ခုကို ယူပြီး တစ်ခုကို လည်နေစေမယ်၊ နောက်တစ်ခုကို ရပ်ထားမယ်။ နာရီတွေဟာ တူညီတဲ့ အမျိုးအစား၊ တူညီတဲ့ ဒြပ်ထုရှိရင်တောင် လည်နေတဲ့ကောင်ရဲ့ ဒြပ်ထု (Mass) က ပိုများမယ်။ ဘာလို့လဲဆိုတော့ သူရဲ့ နာရီလက်တံတွေဟာ ရွေ့နေတာ ဖြစ်လို့ Kinectic အရွေ့စွမ်းအင်ရှိမယ်၊ နာရီစက်အိမ်ထဲမှာဆိုရင် အတည်စွမ်းအင် (Potential) ပမာဏတစ်ခုရှိနေနိုင်တယ်။ နောက် နာရီအိမ်ထဲက စက်သွားတွေ လည်ပတ်ရာကနေ ထိတွေ့ပွတ်တိုက်မိပြီး အပူစွမ်းအင်ပမာဏတစ်ခုလောက်လဲ ရှိနေနိုင်တယ်။
အလားတူပဲ၊ တူညီတဲ့ လက်နှိပ်ဓာတ်မီးနှစ်ခုမှာ တစ်ခုကို ခလုတ်ဖွင့်ထားမယ်၊ နောက်တစ်ခုကို ပိတ်ထားမယ်ဆိုရင် ဖွင့်ထားတဲ့ ကောင်ရဲ့ ဒြပ်ထုက ပိတ်ထားတာထက် ပိုပြီး လျော့နည်းနေလိမ့်မယ်။ အကြောင်းက ဖွင့်ထားတဲ့ ကောင်သည် အလင်းစွမ်းအင်ကို ထုတ်လွှတ်ပေးနေရတာ ဖြစ်လို့ သူ့မှာ စွမ်းအင်ဆုံးရှုံးမှု ရှိနေတယ်၊ ညီမျှခြင်းအရ စွမ်းအင်ဆုံးရှုံးမှုဟာ ဝတ္ထုရဲ့ ဒြပ်ကိုလဲ ဆုံးရှုံးလျော့နည်းစေလိမ့်မယ်ဆိုတဲ့ သဘောပဲ။
အရာအားလုံးကို ဖွဲ့စည်းတည်ရှိထားတဲ့ အက်တမ်တွေ၊ အဏုမြူလယ်ဗယ်အထိ ဆင်းကြည့်မယ်ဆိုရင်လဲ တွေ့ရမှာ တစ်ခုရှိတယ်။ ဟိုက်ဒြိုဂျင်အက်တမ်မှာဆိုရင် သူ့ရဲ့ အတွင်းထဲက subatomic particle (အက်တမ်တွင်း အမှုန်) တွေ ဖြစ်တဲ့ ပရိုတွန်နဲ့ အီလက်ထရွန်တို့ရဲ့ ဒြပ်ထု ပေါင်းလဒ်ဟာ ဟိုက်ဒြိုဂျင်အက်တမ်တစ်ခုလုံးရဲ့ ဒြပ်ထုထက် များနေတယ်။ ဟိုက်ဒြိုဂျင်မှ မဟုတ်ဘူး၊ ဒြပ်စင်တိုင်းပဲ။ ဒါဆို ဘာလို့ များနေရတာ ..?
အက်တမ်တွေအတွင်းထဲမှာ နျူကလိယဖြစ်တည်တဲ့အခါ အဲ့ဒီနျူကလိယထဲက အမှုန်တွေကို စုစည်းပြီး ချည်နှောင်တွဲဆက် (Bind) ထားနိုင်ဖို့အတွက် အားတစ်ခု လိုအပ်တယ်။ ဒါကို ကျွန်တော်တို့က နျူကလိယအပြင်းအား (SNF) လို့ ခေါ်တယ်။ ဒီလိုအပ်တဲ့ စွမ်းအင်ကို ဘယ်ကရမလဲဆိုရင် အက်တမ်တွင်း ဒြပ်ထုထဲကပဲ ဖြစ်လိမ့်မယ်။ ဒီနေရာအတွက် သုံးလိုက်တဲ့ SNF ကြောင့် အက်တမ်ရဲ့ ဒြပ်ထုက လျော့နည်းသွားရတယ်။
တစ်နည်းအားဖြင့် ဒီသဘောဟာ အဏုမြူအဆင့်မှာ ဒြပ်ထုတွေကို စွမ်းအင်အဖြစ် ပြောင်းနိုင်တာပဲလေ။
ဒါဆို ကျွန်တော်တို့ စဉ်းစားစရာရှိတယ်။ ဝတ္ထုတစ်ခုထဲမှာဆိုရင် အက်တမ်ပမာဏ အများကြီးရှိမယ်။ မီလီယမ်၊ ထရီလီယမ်ချီပြီး ရှိနေနိုင်တယ်။ အဲ့ဒီအက်တမ်တွေကို ကျွန်တော်တို့ ခွဲပြီး အထဲက စွမ်းအင်ပမာဏကို ထုတ်မယ်ဆိုရင်ရော ..? ပမာဏအများကြီးဆို စွမ်းအင်လဲ အများကြီးပေါ့။
E=mc^2 အရ E (စွမ်းအင်) ဆိုတာ m (ဒြပ်ထု) ပဲ။ ဒြပ်ထုကို c ဆိုတဲ့ အလင်းအလျင်နှစ်ထပ်ကိန်းနဲ့ မြှောက်ချလိုက်မယ်ဆိုရင် E (စွမ်းအင်) မရဘူးလား။ အဲ့ဒီညီမျှချက်အရ တွက်ကြည့်မယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ ၁ ဂရမ် အလေးချိန်ရှိ စက္ကူညှပ်ကလစ်တစ်ခုရဲ့ ဒြပ်ထု၊ အက်တမ်မှန်သမျှကို စွမ်းအင်အဖြစ် ပြောင်းကြည့်(နိုင်)မယ်ဆိုရင် TNT ဗုံးပမာဏ 18 ကီလိုတန်နဲ့ညီတဲ့ စွမ်းအင်တစ်ရပ်ကိုတောင် ရနိုင်မယ်။ ဒါမျိုးတော့ မဖြစ်နိုင်တာ သေချာပေမဲ့ ခပ်ဆင်ဆင်လုပ်နိုင်တာ တစ်ခုတော့ ရှိတယ်။
(စကားမစပ် အိုင်းစတိုင်းက နျူဗုံးကို မဖြစ်နိုင်ဘူးလို့ တစ်ခါမှတ်ချက်ပြုဖူးတယ်။ ပညာရှင်တွေ အနေနဲ့ အက်တမ်တွေကို အဲ့ဒီလို ဆင့်ကဲပုံစံ ခွဲခြမ်းထုတ်နိုင်မှသာ ဖြစ်နိုင်မယ်လို့ သူက ဆိုတာ။)
၁၉၃၂ ခုနှစ်မှာ ဂျွန်ကော့ခ်ခရော့ဖ်နဲ့ အားနက်ဝယ်လ်တန်တို့ အက်တမ်တစ်လုံးရဲ့ နျူးကလီးယပ်စ်ကို ပရိုတွန်ပစ်တိုက်ပြီး ဖြိုခွဲနိုင်ခဲ့တယ်။ လွယ်လွယ်နဲ့ ရတာတော့ မဟုတ်ဘူး။ ပြဿနာလေးတစ်ခု ရှိတယ်။ အဲ့ဒါက ပရိုတွန်ဆိုတဲ့ အက်တမ်တွင်း အမှုန်က လျှပ်ဖိုဓာတ်ဆောင်တယ်။ Positive charge ပေါ့။ ပရိုတွန်ကို အရှိန်မြှင့်ပြီး ပစ်တိုက်စေမဲ့ နျူးကလိယပ်စ် (အက်တမ်ဝတ်ဆံ) ဟာလဲပဲ အဖိုဓာတ်ဆောင်တယ်။
(နျူးကလိယပ်စ်မှာ ပရိုတွန်၊ နျူထရွန်ရှိတယ်မလား။ ပရိုတွန်က လျှပ်ဖိုဓာတ်၊ နျူထရွန်က လျှပ်ဓာတ်ပြယ် (လျှပ်စစ်ဓာတ်မရှိ) တော့ အဖိုဓာတ်ပဲ သက်ရောက်နေတာ)
အဲ့တော့ ပစ်တိုက်မဲ့ ကောင်ကလဲ လျှပ်ဖိုပဲ၊ အတိုက်ခံရမဲ့ ကောင်ကလဲ အဖိုပဲဆိုတော့ မျိုးတူတာနဲ့ တွန်းကန်ကြကုန်ရောပေါ့။ အနားကပ်မိတိုင်း မတိုက်မိကြဘဲ လမ်းကြောင်းကနေ သွေဖည်သွားကြတာ။ ဒါကို ဖြေရှင်းဖို့ ဆရာသမားနှစ်ယောက်က ပရိုတွန်ကို ဗို့အား နှစ်သိန်းခွဲပေးပြီး အမှုန်တွေကို အရှိန်မြှင့်နိုင်သမျှ မြှင့်ပြီး ပစ်တိုက်တယ်။ ပရိုတွန်အလုံး ၁ ဘီလျံကျော်ပစ်တဲ့အထဲမှာ ပမာဏအကုန်လုံးနီးပါးဟာ အက်တမ်ရဲ့ ဝတ်ဆံကို မတိုက်မိနိုင်ကြဘူး။ လျှပ်တွန်းအားကြောင့် လမ်းတွေကနေ သွေဖည်ထွက်သွားတာ။ ဒါပေမဲ့ ကံကောင်းချင်တော့ ပရိုတွန်လေး တစ်လုံးက ရှားရှားပါးပါး ဝင်တိုက်မိပြီး အစမ်းသပ်ခံတဲ့ လီသီယမ်အက်တမ်ရဲ့ နျူးကလိယပ်စ်ကို ဖြိုခွဲနိုင်ခဲ့တယ်။ ဖြိုခွဲနိုင်တာကနေ စွမ်းအင်ပမာဏ ပိစိလေး ထွက်တာကိုလဲ သူတို့ ခန့်မှန်းမိကြတယ်။
ဖြိုခွဲနိုင်တာတော့ ဝမ်းသာစရာပါ။ ဒါပေမဲ့ အက်တမ်ဝတ်ဆံတွေ အကုန်လုံးကို ခဏလေးအတွင်းမှာတင် ဖြိုခွဲပစ်နိုင်မှသာ အဖျက်အားပြင်း စွမ်းအင်က ရမှာဆိုတော့ ဒီလိုပုံစံနဲ့ အဆင်မပြေပြန်ဘူး။ အလုပ်မဖြစ်ဘူးပေါ့လေ။
သိပ်မကြာခင်၊ ၁၉၃၂ ထဲမှာပဲ နျူထရွန်ကို ရှာဖွေတွေ့ရှိခဲ့ကြတယ်။ နျူထရွန်နဲ့ ပရိုတွန်က ဆိုဒ်တူတူ၊ ဒြပ်တူတူပဲ၊ နျူထရွန်က ဒဿမနည်းနည်းလေး အရွယ်ပိုကြီးတယ်။ မတူတာက သူက ပရိုတွန်လို အဖိုဓာတ်မဆောင်ဘူး။ လျှပ်ဓာတ်ပြယ်ဖြစ်တယ်။ ဘာလျှပ်ဓာတ်မှ မရှိမှတော့ နျူးကလိယပ်စ်ကို ခွဲချင်ရင် သူ့ပဲ accelerate လုပ်ပြီး ပစ်တိုက်မှာပေါ့၊ တွန်းကန်သွေဖည်တာမျိုး ဘယ်ရှိတော့မလဲ။
ပညာရှင်တွေ ဒါကို ရိပ်စားမိကြတယ်။ ဒီတော့ ခွဲတာတော့ ဟုတ်ပါပြီ။ စွမ်းအင်အလုံအလောက်ထွက်ဖို့ရာက ပစ်ခွဲခံရတဲ့ အက်တမ်ကနေ နျူထရွန်လေးတွေ ဆက်ထုတ်ပေးပြီး အဲ့ကောင်တွေကမှ တဆင့် ပတ်ပတ်လည်မှာ ရှိတဲ့ အက်တမ်တွေကို ဆက်တိုက်ပြီး ထပ်ထပ်ဆင့်ပွားဓာတ်ပြုနိုင်မှာ။
ဆိုတော့ ပစ်တိုက်လို့ ကွဲသွားတာကနေ နျူထရွန်ထပ်ထုတ်ပေးနိုင်မဲ့ အက်တမ်က ဘာရှိမလဲ။ အဲ့ဒီအက်တမ်က ဒြပ်ထုလဲ ကြီးရမယ်၊ မတည်မငြိမ် ဖြစ်နေရင် ပိုဖြိုခွဲရ လွယ်မယ်။ ရေဒီယိုသတ္တိကြွရင်တော့ ပိုအဆင်ပြေတယ်။ အရေးအကြီးဆုံးတစ်ချက်က သူ့ဆီကနေ ဆက်ထွက်မဲ့ နျူထရွန်တွေဟာ တခြားအက်တမ်တွေကို ဆတိုးနည်းနဲ့ ဆက်ဆက်ပစ်တိုက်ပြီး နျူကလီးယားကွင်းဆက်ဓာတ်ပြုမှု (Chain reaction) ကို လုပ်နိုင်ရမယ်။ ဒီအဆင့်အထိရောက်ရင် အကုန်ပြီးပြီ။
အဲ့ဒီအဆင့်အထိ မရောက်ခင် ပြဿနာအကြီးကြီးတစ်ခု ရှိတယ်။ အဲ့ဒါက အဲ့ဒီလို အခြေအနေမျိုးရှိတဲ့ ဒြပ်စင်က ဘာလဲဆိုတာ ဘယ်သူမှ မသိဘူး။
အော့ပန်ဟိုင်းမားဆိုတဲ့လူက အတော်လေး လက်ကြောမတင်းဘူးလို့ ခေတ်ပြိုင် လုပ်ဖော်ကိုင်ဘက်ပညာရှင်တွေက ဆိုကြတယ်။ သီအိုရီပိုင်း၊ concept ပိုင်းမှာ အရမ်းတော်သလောက် အတွက်အချက်ပိုင်း၊ လက်တွေ့ပိုင်းမှာ သူဟာ အတော်လေး ညံ့တယ်။ စာတမ်းတွေဆိုရင်လဲ ခပ်ကြာကြာမပြုစုချင်ဘူး။ သူ့အသိပညာရှင်တစ်ယောက်ဆိုရင် အော့ပန်ဟာ ဘယ်လိုအလုပ်ကိုမဆို အကြာကြီးထိုင်ပြီး တစိုက်မတ်မတ်လုပ်ချင်တာမျိုးမရှိဘူးလို့ ပြောတယ်။ သင်္ချာတွက်တဲ့ အခါကျရင်လဲ ရှည်လာရင် သူက ဆက်မတွက်တော့၊ ဒါပေမဲ့ ဒီလူဟာ သီအိုရီသမားစစ်စစ်ဖြစ်လို့ အတွေးအခေါ်၊ အယူအဆတွေ၊ concept ပိုင်းတွေက အတော်လေးကို ကောင်းတယ်။ သူ့အိုင်ဒီယာတွေနဲ့ ပတ်သက်လို့ လုပ်ဖူးတဲ့ စာတမ်းတွေဆိုရင် နိုဘယ်ဆုထဲ သုံးခါတိတိ nominate ဝင်ဖူးတယ်။ တစ်ခါမှတော့ မရသွားရှာဘူး။
ဒုတိယကမ္ဘာစစ်ကာလအစမှာ အမေရိကန်တို့ဟာ သူတို့နဲ့ အပြိုင် အင်အားစုတွေထက် တစ်ပန်းသာဖို့ရာအတွက် လက်ရှိရှိနေတဲ့ လက်နက်တွေထက် အဆအများကြီး ပိုသာတဲ့ အဖျက်အားပြင်း လက်နက်တစ်ခုကို စစမ်းလုပ်ကြည့်ချင်နေပြီ။ သေချာမသိပေမဲ့ ကြားမိတာအရ မက်ဟန်တန်မတိုင်ခင်မှာလဲ အဏုမြူစွမ်းအင်လေ့လာရေး ကော်မတီတွေ လျှို့ဝှက်ဖွဲ့ပြီး ပညာရှင်တွေ ခေါင်းထဲရှိတဲ့ ဖစ်ရှင်နည်းစနစ်နဲ့ အဏုမြူဗုံးထုတ်ဖို့ စီမံကိန်းအတွက် သုတေသနတွေ စထားဖူးတယ်။ ဒါပေမဲ့ သူတို့ကနေ တရားဝင် စလိုက်ရင် တခြားဆိုဗီယက်တို့၊ နာဇီတို့ကလဲ အပြိုင်အဆိုင် လိုက်တပ်ဆင်ကြမှာပဲ။ သူတို့မှာလဲ ပညာရှင်တွေ ရှိကြတာပဲ။ ဒီဟာက လောင်စာကိစ္စနဲ့ နည်းပညာကိုသာ သိရင် ဘာမှ ခက်တဲ့ ကိစ္စမဟုတ်ဘူး။ အကုန်လုံးကတော့ တစ်ဖက်နဲ့ တစ်ဖက် ကုပ်ချောင်းချောင်းပြီး နည်းနည်းစီ စထားနှင့်ကြပြီ။
၁၉၃၉ မှာ အော့ပန်တို့ အဖွဲ့က ရူပဗေဒပညာရှင် လူးဝစ်အဲဗရက်စ်က ဆံသဆိုင်မှာ ဆံပင်ညှပ်နေတုန်း လက်ကနေ သတင်းစာတစ်စောင် ကိုင်ပြီး ဖတ်နေတယ်။ ဖတ်နေရင်းနဲ့ ရုတ်တရက် ထိုင်ခုံကနေ ဝုန်းကနဲထပြီး အော့ပန်ဟိုင်းမားရဲ့ ရုံးခန်းကို အပြေးသွားရင်း သူတွေ့တဲ့ သတင်းကို ပြလိုက်တယ်။ သတင်းထဲမှာ ရေးထားတာက အော့တိုဟန်နဲ့ ဖရစ်ဇ်စထရက်စ်မန်းတို့ကနေပြီး ယူရေနီယမ်အက်တမ်ကို နျူထရွန်ပစ်တိုက် ခွဲထုတ်နိုင်တယ် ဆိုပြီး။
အော်ပီက ဒါကို တွေ့ရတော့ အံ့ဩတကြီး မဖြစ်သွားဘူး။ သူက မဖြစ်နိုင်ဘူးလို့ လက်ခံထားတာကိုး။ ကျောက်သင်ပုန်းပေါ်တောင် မဖြစ်နိုင်ကြောင်းဆိုတာ သင်္ချာချတွက်ပြလိုက်သေးတယ်။ ဒါပေမဲ့ နောက်ရက်လဲကျရော အဲဗရက်စ်က အပေါ်က နှစ်ယောက်လုပ်သလို တစ်ထပ်တည်း အက်တမ်ကို ပစ်တိုက်ခွဲပြပြီး အော်ပီကို ခေါ်ပြတယ်။ မိနစ်ပိုင်းထဲမှာပဲ သူဒါကို လက်ခံခဲ့တယ်။
ဖစ်ရှင် (နျူကလိယကို ပစ်တိုက်ခွဲ) နိုင်တာ သိပ်မဆန်း .. ဒါပေမဲ့ ယူရေနီယမ်ကို တိုက်နိုင်တဲ့အပြင်ကိုမှ အဲ့ဒီကောင် ကွဲထွက်သွားတဲ့အခါ သူ့ထဲက နျူထရွန်နှစ်လုံးပါ ထပ်ထွက်တာကို သိလိုက်တော့ လွန်ခဲ့တဲ့နှစ်တွေက ပညာရှင်တွေ အိပ်မက်မက်ခဲ့တာ တကယ်ဖြစ်လာပြီဆိုတာ သူသိလိုက်တယ်။ ယူရေနီယမ်ရဲ့ အိုင်ဆိုတုပ်ဖြစ်တဲ့ ယူ-၂၃၅ ရဲ့ နျူကလိယပြိုကွဲတဲ့အခါ သူ့ရဲ့ ဒြပ်ထုနည်းနည်းကို ဆုံးရှုံးရတယ်။ အပေါ်မှာ ပြောခဲ့တဲ့ အိုင်းစတိုင်းညီမျှခြင်းအရ ဒီဆုံးရှုံးသွားတဲ့ ဒြပ်ထုဟာ စွမ်းအင်အဖြစ်နဲ့ လွတ်ထွက်သွားတာပါ။ အက်တမ်တစ်လုံးအတွက်တော့ ထွက်တဲ့ စွမ်းအင်က နည်းပေမဲ့ သတ္ထု တစ်ကီလိုမှာဆိုရင် ယူရေနီယမ်အက်တမ်တွေ ထရီလီယျံချီရှိတာလေ။ ထွက်တဲ့စွမ်းအင်က ဟပ်ပလုပ်ကြီးဖြစ်မှာပေါ့။ သူတို့အနေနဲ့ ဒီနည်းပညာကို သုံးပြီး စွမ်းအားပြင်း ဗုံးတစ်လုံးထုတ်နိုင်တော့မယ်ဆိုတာ သဘောပေါက်သွားတယ်။ နာဇီဂျာမဏီတို့ဘက်က ဟိုက်ဇန်ဘာ့ဂ်ကလဲပဲ ဒီလိုတွေးမိမယ်ဆိုတာကို အော့ပန်ဟိုင်းမား တစ်ယောက် တမဟုတ်ချင်း သဘောပေါက်သွားတာပေါ့။ နာဇီတို့ကလဲ သူတို့သိမ်းထားတဲ့ ချက်ကိုစလိုဗားကီးယားက ယူရေနီယမ်ထွက်တဲ့ မိုင်းတွင်းတွေကို ရေကုန်ရေခမ်း တူးထုတ်နေပြီ။ ဒီလိုနဲ့ ဇာတ်လမ်းစတာပဲ။
၁၉၄၂ မှာ ချီကာဂိုတက္ကသိုလ်က ပညာရှင်တွေ ပေါင်းပြီး ပထမဆုံး လူလုပ် နျူကလီးယားဓာတ်ပေါင်းဖိုတစ်ခုကို တည်နိုင်ခဲ့တယ်။ ရုပ်ရှင်ထဲမှာ ပြတဲ့ ဘောလုံးကွင်းအောက်က တစ်ခုပါ။
အဲ့ဒီမှာ ယူရေနီယမ်လောင်စာကို သုံးထားတယ်။ နျူပေါင်းဖိုနဲ့ နျူဗုံးဆိုတာ ဘာမှကွာတာ မဟုတ်ဘူး။ ဖစ်ရှင်ဆိုတဲ့ နျူကလိယပြိုကွဲတာကိုပဲ သုံးပြီး လည်ပတ်တာ။ မတူတာဆိုလို့ ဖြိုခွဲခံရတဲ့ အက်တမ်ကနေ နျူထရွန်ဘယ်လောက်ပေးထွက်မလဲ၊ ထွက်တဲ့ထဲက ဘယ်လောက်က နောက်အက်တမ်ကို ဆက်ပစ်တိုက်မလဲဆိုတာပဲ ကွာသွားတာ။ ပစ်တိုက်ခံရတဲ့ကောင်ကနေ နျူထရွန် ၁ လုံးလောက်ထွက်ရင် ဆင့်ကဲဓာတ်ပြုမှုက ပုံမှန်ပဲ။ ထပ်တိုးမှာ မဟုတ်။
အယ် တစ်လုံးထက် နည်းရင်တော့ ဓာတ်ပြုမှု ပျက်မှာ .. ဒါပေမဲ့ တစ်လုံးထက်များရင်တော့ ဓာတ်ပြုမှုက တိုးလာမှာပေါ့။ နျူဗုံးတွေဆိုတာ ဆင့်ကဲဓာတ်ပြုတာ၊ များလေ၊ မြန်လေ ကောင်းလေပဲလေ။ များမှ ပို အဖျက်အားပြင်းမှာဆိုတော့ကာ များတာက ကိစ္စမရှိဘူး။
ကိစ္စရှိတာက များအောင် ဘယ်လောင်စာ သုံးမလဲဆိုတာ ..
ယူရေနီယမ်သတ္ထုရိုင်းအားလုံးရဲ့ ၀.၇ ရာခိုင်နှုန်းကပဲ ယူ-၂၃၅ ဖြစ်တယ်။ နျူဗုံးအတွက် သုံးဖို့အပြေဆုံး လောင်စာပေါ့။ အဲ့ဒီ ယူ-၂၃၅ ကို နျူထရွန်တစ်လုံးထပ်ထည့်လိုက်ရင် ယူ-၂၃၆ အိုင်ဆိုတုပ်ဖြစ်သွားရော။ အဲ့ဒီကောင်ပြိုကွဲရင်တော့ ပျမ်းမျှ နျူထရွန် ၃ လုံးစီလောက် ထွက်တတ်တယ်။ ခပ်ပေါပေါတွေ့ရတတ်တဲ့ ယူ-၂၃၈ ကကျတော့ သူက ဖစ်ရှင်မဖြစ်ပြန်ဘူး။ အဲ့တော့ ဒီရှိတဲ့ကောင်တွေ၊ သတ္ထုရိုင်းတွေကိုပဲ သန့်စင်ပစ်ရတယ်။ ယူ-၂၃၅ ဒြပ်ပါဝင်မှုများလာအောင် စစ်ထုတ်လိုက်ကြတယ်၊ ဒါကို “Enrich’ လုပ်တယ်လို့ သူတို့ခေါ်တယ်။
၁၉၄၁ ခုနှစ်ကျတော့ ဒြပ်စင်အသစ်တစ်မျိုးကို ပညာရှင်တွေ ထုတ်လုပ်ဖန်တီးနိုင်ခဲ့ကြတယ်။ အဲ့ဒါက ခုနက ယူရေနီယမ် ၂၃၈ ကို နျူထရွန်ထပ်ပေးလိုက်ရင် သူက ၂၃၉ ဖြစ်သွားရော .. ၂၃၉ က အတော်လေးမတည်ငြိမ်တဲ့ ကောင်မလို့ သူ decay ဖြစ် (ပြိုကွဲရင်) ပထမ neptunium ဖြစ်တယ်။ နောက်တဆင့်ကျရင် ပလူတိုနီယမ် (Plutonium) ဖြစ်တယ်။ ပလူတိုနီယမ်-၂၃၉ ဟာ နျူကလီးယားဗုံးအတွက်တော့ အတော်လေး အဆင်ပြေတဲ့ လောင်စာပဲ။
နျူဗုံးတစ်လုံးရဲ့ အဓိကအချက်က ဗုံးအတွင်းမှာထည့်မဲ့ ဖစ်ရှင်ဖြစ်မဲ့ လောင်စာမှန်သမျှကို နီးနီးကပ်ကပ်ဖြစ်အောင် ထားနိုင်ဖို့ပဲ။ နေရာကျဉ်းလေ ဆင့်ကဲဓာတ်ပြုဖို့အတွက် လိုတဲ့ နျူထရွန်တွေဟာ နေရာအလစ်အလပ်မရှိဘဲ အက်တမ်တွေကို ပြေးပြေးတိုက်နိုင်မှာ။ နောက်ဓာတ်ပြုတာလဲ ခပ်မြန်မြန်ဖြစ်မှာပေါ့။ ဒါပေမဲ့ အရွယ်ကျဉ်းချင်သလောက် ကျဉ်းမရဘူး။ ဖစ်ရှင်တစ်ခု ပြီးမြောက်ဖို့အတွက်၊ ဆင့်ကဲဓာတ်ပြုမှု ဖြစ်နိုင်ဖို့အတွက် အနည်းဆုံးလိုအပ်တဲ့ လောင်စာပမာဏ တစ်ခုကတော့ ထားရတယ်။
ဒါကို Critical mass လို့ သုံးနှုန်းတယ်။
ယူရေနီယမ်လောင်စာကို ဗုံးအတွက် သုံးမယ်ဆိုရင် ၅၂ ကီလိုလောက် သုံးမှ သင့်တင့်တဲ့ အဖျက်အားကို ရမယ်၊ ဒါပေမဲ့ ပလူတိုနီယမ်ကို သုံးမယ်ဆိုရင်တော့ တူညီတဲ့အဖျက်အားပမာဏကို လောင်စာ ၁၀ ကီလိုဂရမ်လောက်နဲ့ ရနိုင်တယ်။ ရုပ်ရှင်ထဲမယ် ဖန်ဂေါ်လီလုံးတွေကို ငါးမွေးတဲ့ ဖန်လုံးနဲ့ ဝိုင်ခွက်နဲ့ ယှဉ်ပြီး ပြသွားတာ ဒါပေါ့။ ပြဿနာနောက်တစ်ခုကတော့ အဲ့ဒီလိုလောင်စာမျိုးတွေကို ပမာဏများများ စုထားရင် အန္တရာယ်က ခပ်ကြီးကြီးရယ်။ ဒီလိုဆိုတော့ Critical mass နည်းနည်းပဲ လိုပြီး၊ ယူရေနီယမ်ထက် ခွဲထုတ်သန့်စင်ရ လွယ်တဲ့အပြင် လုပ်ရကိုင်ရတာလဲ ဈေးသက်သာတဲ့ ပလူတိုနီယမ်ကို ဗုံးတွေမှာ သုံးကြည့်ဖို့ စီစဉ်ကြတယ်။ ယူရေနီယမ်ကိုတော့ တခြားဖွဲ့စည်းပုံရှိတဲ့ ဗုံးတွေမှာ စမ်းသုံးကြည့်မယ်ဆိုပြီး ဗုံးကို ပုံစံနှစ်မျိုးနဲ့ အရင် စစမ်းကြပါတယ်။
မက်ဟန်တန်ပရောဂျက်အတွင်းမှာ အဓိက ဦးတည်ထားပြီး ဒီဇိုင်းဆွဲ တည်ဆောက်ကြတဲ့ အဏုမြူဗုံးက နှစ်မျိုးရှိတယ်။ Gun-type နဲ့ Implosion ဗုံးဆိုပြီးပါ။
Gun-type ဆိုတာ နာမည်အတိုင်းပဲ သေနတ်လို အလုပ်လုပ်တယ်။ အတွင်းဘက်ဖွဲ့စည်းပုံက ပြောင်းပုံစံမြောင်းရှည်တစ်ခု ရှိမယ်။ အစွန်းနှစ်ဖက်စီမှာ လောင်စာတွေကို ခွဲပြီး ထားထားမယ်။ ပထမတော့ အဲ့ဒီလောင်စာအတွက် ပလူတိုနီယမ်ကို သုံးခဲ့တယ်။ နှစ်ဖက်မှာရှိတဲ့ လောင်စာ နှစ်ခုပေါင်းမှ critical mass ရှိလာမှာမျိုးပါ။ တစ်ဖက်ခြမ်းကနေ သေနတ်လိုပဲ .. ယမ်းသဘော ကမ်မီကယ်တစ်မျိုးနဲ့ ဖောက်ခွဲပစ်ထည့်လိုက်ပြီး အဲ့ဒီကောင်က အရှိန်နဲ့ ပြောင်းတစ်လျှောက်ပြေးပြီး ဟိုဘက်က လောင်စာဒြပ်ဆီ ဝင်တိုက်လိမ့်မယ်။ ဝင်မတိုက်ခင် စဲစဲလေး .. ၂၅ စင်တီမီတာ အကွာလောက်မှာတင် ဓာတ်ပြုမှုစဖို့ လိုအပ်တဲ့ critical mass ရှိလာပြီး သူတို့နှစ်ခုရဲ့ ကွင်းဆက်ဓာတ်ပြုမှု စပါလိမ့်မယ်။ ပြီးရင် စက္ကန့်ပိုင်းလေးအတွင်းမှာပဲ အဖျက်အားပြင်း ပေါက်ကွဲမှုတစ်ခုကို ရမှာပေါ့။
ဒီကောင်လေးရဲ့ ဒီဇိုင်းက အတော်ရိုးရှင်းတယ်။ ဒါပေမဲ့ ပြဿနာတစ်ခု ရှိသေးတယ်။ အဲ့ဒါက ပလူတိုနီယမ်-၂၃၉ ကို နျူထရွန်ပစ်တိုက်လိုက်တဲ့အခါ တစ်ခါတလေကျရင် ပစ်တိုက်တဲ့အရှိန် သိပ်မပြင်းရင် .. ဓာတ်ပြုမှုဖြစ်တဲ့ နေရာမှာ နေရာလပ်တော်တော်များများရှိနေရင် နျူထရွန်တွေ လွတ်ထွက်သွားတာမျိုး၊ ဒါမှမဟုတ် အက်တမ်ထဲဝင်ပြီး ပလူတိုနီယမ်-၂၄၀ ဒြပ်စင်ဖြစ်သွားတာမျိုး ရှိတယ်။ တချို့ကတော့ ဖစ်ရှင်ဖြစ်သွားပေမဲ့ တချို့ကျတော့ အဲ့ဒီလိုအသွင်ကူးပြောင်းသွားတာကြောင့် ဗုံးပေါက်ကွဲဖို့ လိုတဲ့ အချိန်တစ်ခုထိ ဖစ်ရှင်က လုံလုံလောက်လောက် မဖြစ်ရင် လိုအပ်တဲ့ သိပ်သည်းမှုမရဘဲ ပေါက်ကွဲသွားမယ်၊ ဒါဆိုရင် ပေါက်ကွဲအား သိပ်ပြင်းတော့မှာ မဟုတ်လို့ ပြဿနာရှိနိုင်တာနဲ့ Gun-type အတွက် ပလူတိုနီယမ်ကို ဆက်မသုံးတော့ဘူး။ အဲ့ဒီအစား ယူရေနီယမ်ကိုပဲ လိုအပ်တဲ့ ပမာဏများများ ထည့်ပေးလိုက်ပြီး ဒီတိုင်းထားထားလိုက်တယ်။ ပြောင်းတစ်လျှောက်ကို လောင်စာခဲတွေ ချောချောမွေ့မွေ့သွားနိုင်ဖို့ မြောင်းလမ်းတစ်လျှောက်ကို ဆီသုတ်ပေးကြပေမဲ့ သုတ်သမျှ ဆီတွေ ခြောက်ကုန်တယ်။ ဒါလဲနောက်ဆုံးကျတော့မှ ဝေလငါးသုက်ပိုးက ရတဲ့ အဆီကို သုံးတဲ့အခါ အဆင်ပြေသွားတယ်။
ဩဂုတ် ၆၊ ၁၉၄၅ ခုနှစ်မှာ ဟီရိုရှီးမားပေါ် ပစ်ချခဲ့တဲ့ Little Boy ဗုံးက အဲ့ဒီ gun-type ပါ။
အော့ပန်ဟိုင်းမားတို့က ဒီဗုံးကို အရံအနေနဲ့ပဲ အစကတည်းက ရည်ရွယ်ခဲ့တာ။ သူတို့တကယ်လုပ်ချင်တဲ့ ဒီဇိုင်းက တစ်ခု သက်သက်ရှိတယ်။ အဲ့ဒါက Implosion ပုံစံ အလုပ်လုပ်တဲ့ .. မြန်မာလိုဆို အတွင်းဘက်ကို ကျုံ့ဝင်ပြိုပျက် (ဖိသိပ်) ခံရတဲ့ ဒီဇိုင်းနဲ့ ဗုံးပေါ့။
သူတို့ အစီအစဉ်က ဒီလိုပါ။ ဟိုးအပေါ်ပိုင်းမှာ ပြောခဲ့တဲ့ critical mass ကိစ္စ ဒီမှာ တစ်ချက် ပြန်ကြည့်ရအောင်ပါ။ နျူလောင်စာဒြပ်တွေဟာ သူတို့ရဲ့ သိပ်သည်းမှု (Density) အပေါ် မူတည်ပြီး CM အပြောင်းအလဲ ရှိနိုင်ပါတယ်။ ပုံမှန်ဖိအားအောက်မှာဆိုရင် ပလူတိုနီယမ်-၂၃၉ ၆ ကီလိုဂရမ်က အန္တရာယ်မများတဲ့ ပမာဏပဲ။ ပေါက်ကွဲမှုလဲ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ အဲ့ဒီကောင်ကို ဖိသိပ်လိုက်မယ်ဆိုရင် ဝတ္ထုတွင်းက အက်တမ်တွေဟာ တစ်ခုနဲ့ တစ်ခု နီးသထက် မနီးလာဘူးလား။ နီးလာတာကို ပိုသိပ်သည်းလာ (Density ပိုများလာတာ) လို့ ပြောလို့ရတယ်။ ဒီလိုနီးကပ်လာတဲ့အခါ ဓာတ်ပြုမှုအတွင်းက နျူထရွန်တွေဟာ လောင်စာနျူးကလိယပ်စ်တွေကို ပစ်တိုက်ဖြိုခွဲမိဖို့ အခွင့်အရေး ပိုများလာတာပေါ့။ အခွင့်အရေးပိုများလာတယ်ဆိုတာ ဖစ်ရှင်များများနဲ့ မြန်မြန် ဖြစ်လာနိုင်တာ .. တစ်နည်း ကွင်းဆက်ဓာတ်ပြုမှုဖြစ်ဖို့ လိုအပ်တဲ့ ‘Critical mass’ ကို ဒြပ်ထုသေးသေးနဲ့ ရလာနိုင်တာပဲ။ ပုံမှန်အတိုင်း လောင်စာ ၆ ကီလိုကို ဒီတိုင်း ဖစ်ရှင်ဖြစ်အောင် လုပ်မယ်ဆိုရင် မရဘူး။ ၁၀ ကီလိုမှ ရမှာ။ ဒါပေမဲ့ ပမာဏကို ချုံ့ချင်တော့ ရှိတဲ့ ၆ ကီလိုကိုပဲ ဒြပ်ကို ဖိသိပ်ပြီး ကွင်းဆက်ဓာတ်ပြုမှု အားကောင်းကောင်း ရအောင် (Critical mass ဆိုတာလဲ ကွင်းဆက်ဓာတ်ပြုမှု ကောင်းကောင်းရဖို့ လိုတဲ့ ပမာဏပဲ) လုပ်လိုက်တာ ဖြစ်တယ်။
ဒီသဘောတရားကို သုံးပြီးတော့ အကယ်၍ ဒြပ်ထုတစ်ခုကို ဖိအားပေးပြီး သိပ်သည်းစေမယ်ဆိုရင် ကွင်းဆက်ဓာတ်ပြုဖို့အတွက် လိုအပ်တဲ့ Critical mass ကို လျှော့ချနိုင်မယ်လို့ ကောက်ချက်ဆွဲနိုင်တယ်။ နျူလောင်စာခပ်များများကို သုံးရင် ပြဿနာက ကြီးနိုင်တယ်လေ။ ဒီတော့ အန္တရာယ်သိပ်မကြီးတဲ့ ပမာဏလောက်ကိုပဲ ဖစ်ရှင်ကောင်းကောင်း ဖြစ်နိုင်အောင် ဆောင်ရွက်လိုက်တဲ့ သဘောပဲ။
ရုပ်ရှင်ထဲမှာ တွေ့ရတဲ့ အော်ပီတို့ ဆင်နေတဲ့ ဗုံးဟာ အဲ့ဒီ Implosion type ဗုံးပဲ။ လက်နက်တပ်ဆင်နေတဲ့အချိန်မှာ အလယ်ဗဟိုပတ်ပတ်လည်ကို ကာရံနေတဲ့ ပျားလဘို့လိုလို၊ ဘောလုံးတွေရဲ့ အခွံမှာ တွေ့ရတဲ့ အပြင်ပိုင်းက ပဥ္စဂံလိုင်းကွက်တွေလိုဟာတွေ မြင်ကြလိမ့်မယ် ထင်တယ်။ စုစုပေါင်း ၃၂ ခုရှိတယ်။ အဲ့ဒီကောင်တွေကို Implosion lens လို့ ခေါ်တယ်။ သူတို့မှာ ပေါက်ကွဲစေနိုင်တဲ့ ဒြပ်တွေ ပါဝင်တယ်။ ဗဟိုမှာရှိတဲ့ ပလူတိုနီယမ်လောင်စာကို ပတ်လည်ဝိုင်းထားတယ်။
ဒီဗုံးဒီဇိုင်းတွေက အပြင်ဘက်မှာ အဲ့ဒီလိုအကာတွေ ရံထားတယ်။ သူတို့ကို ဗို့အားပေး ဖောက်ခွဲထည့်လိုက်ရင် အတွင်းသိပ်ဖိကျိတ်တဲ့ –> Implosion က စပြီး ပလူတိုနီယမ်လောင်စာကို ဖိသိပ်မယ်။ လောင်စာဒြပ်စက်လုံးတစ်ခုလုံးကို တပြိုင်တည်း တညီတညာတည်းနဲ့ ဗဟိုကို ညီညီမျှမျှ၊ မှန်မှန်ကန်ကန် ဖိသိပ်မှာ။ ဖိသိပ်တဲ့နေရာမှာ ဘက်မညီဘဲ ဖိမိတာမျိုး ဖြစ်လို့ မရဘူး၊ ဖြစ်ရင် လောင်စာတွေ စိမ့်ထွက်ကုန်နိုင်တယ်။ ဒီပြဿနာကိုလဲ အတော်လေး ခေါင်းခြောက်ကြရတယ်လို့ ဆိုတယ်။ ဖိမိတဲ့နေရာမှာ လိုအပ်တဲ့ point တစ်ခုကို ရောက်ရင် ခုနက ပလူတိုနီယမ်လောင်စာလုံးက critical mass ရှိလာပြီး ကွင်းဆက်ဓာတ်ပြုမှုကို စမယ်။ ပြီးရင် တစ်မြို့လုံး ပြာကျစေနိုင်လောက်တဲ့ အဖျက်အားပြင်းပေါက်ကွဲမှုကို ရကြမယ်ပေါ့။
အတွေးကတော့ ဒါလေးတွေပေမဲ့ တကယ်လဲ လုပ်ကြည့်ရော ပြဿနာတွေက ထုံးစံအတိုင်း တန်းစီထွက်လာတယ်။ ပထမတစ်ခုက လောင်စာကို လိုအပ်တဲ့ density တစ်ခုရောက်အောင် လုပ်ဖို့နဲ့ ရှိတဲ့ CM ကို နည်းသထက်နည်းပြီး ဗုံးကို ပြင်းသထက်ပြင်းအောင် လုပ်ဖို့ပေါ့။ ဒါက ခက်နေတယ်။ အဲ့ဒီတော့ ဒီလောင်စာဒြပ်နဲ့ ဗုံးရဲ့ Implosion len ကြားမှာ နျူထရွန်တွေကို လွတ်ထွက်တာမျိုး မရှိစေဖို့၊ ရောင်ပြန်ဟပ်စေနိုင်မဲ့ အတားအဆီး သတ္ထုတစ်ခု ခြားရင်ခြား .. ဒါမှမဟုတ် နျူထရွန်ထုတ်ပေးနိုင်မဲ့ ဆိုစ့် (ကွင်းဆက်ဓာတ်ပြုမှု စတင်နိုင်မဲ့) ဟာ တစ်ခုခုထည့်ဖို့ စီစဉ်ကြပါတယ်။
ပထမဆုံး ဗုံးဖြစ်တဲ့ Gadget မှာတော့ ပလူတိုနီယမ်လောင်စာရဲ့ အလယ်ဗဟိုတည့်တည့်မှာ Urchin လို့ခေါ်တဲ့ ဒြပ်လုံးလေး တစ်လုံး ထည့်ပေးထားတယ်။ အလေးချိန်အားဖြင့် ၇ ဂရမ်လောက်ပဲရှိတယ်။ ဘယ်ရီလီယမ်နဲ့ ပိုလိုနီယမ်ဒြပ်စင်နှစ်ခုပေါင်းထားတဲ့ ဒြပ်လုံးပိစိလေး။ ဒါကို ကွင်းဆက်ဓာတ်ပြုမှု စတဲ့ နေရာမှာ သုံးဖို့ ထည့်ထားခဲ့ကြတာ။ သူ့ကို နီကယ်နဲ့ ရွှေအလွှာဖုံးပေးထားတယ်။ အပြင်ဘက်က ပေါက်ကွဲမှုစရင် ထွက်လာမဲ့ shockwave (တုန်ခါလှိုင်း) တွေက ဒီ ဒြပ်နှစ်ခုကို နိုးပစ်၊ ရောပစ်ပြီး ပိုလိုနီယမ်က ထွက်တဲ့ အယ်လ်ဖာအမှုန်ကြောင့် ဘယ်ရီနီယမ်မှာရှိတဲ့ နျူထရွန်တွေ အုံလိုက်ကျင်းလိုက် လွှတ်ထွက်သွားလိမ့်မယ်။ ဒီလိုနဲ့ ကွင်းဆက်ဓာတ်ပြုမှု စမှာဖြစ်တယ်။ (Fat Man ဗုံးမှာတော့ Urchin ရော၊ နျူထရွန်တွေကို ရောင်ပြန်ဟပ်စေမဲ့ သတ္ထုအဖြစ် ယူရေနီယမ် ၂၃၈ အလွှာကိုရော ထည့်ပေးလိုက်တယ်။)
ဒီအထိအကုန် သီအိုရီပိုင်းပဲ စဉ်းစားထားကြတာ ဖြစ်တယ်။ သူတို့ ဒါကို ဘယ်လိုလုပ်ရမလဲ စဉ်းစားတာနဲ့တင် အချိန်က ၁၉၄၅ ခုနှစ်ထဲ ရောက်နေပြီ။ ထရူးမန်းကလဲ ထွက်လာတော့မဲ့ လက်နက်ဆန်းကို စမ်းကြည့်ချင်တာ ဖင်တကြွကြွနဲ့ ဖြစ်နေပြီ။ မကြာခင်မှာ ချာချီတို့၊ စတာလင်တို့နဲ့ တွေ့ဆုံဆွေးနွေးဖြစ်မဲ့ ညီလာခံမတိုင်ခင် ဒီဟာကို အပြီးသတ်စေချင်တာ။ ခေါင်းကြီးတွေ ဝိုင်းအဖိကြမ်းနေတာနဲ့ Los Almos က အော်ပီနဲ့ ပညာရှင်တွေလဲ ဗုံးကို အမြန်ဆောက်ပြီး စမ်းသပ်ဖို့ စီစဉ်နေကြပါပြီ။
အပေါ်မှာ ပြောခဲ့တဲ့ ကွန်းဖရန့်က ဇူလိုင် ၁၇၊ ၁၉၄၅ မှာ လုပ်ဖြစ်ကြမှာပါ။ အော်ပီတို့အဖွဲ့က ဒီကွန်းဖရန့်မစခင် တစ်ရက်အလိုမှာပဲ ဗုံးကို အပြီးသတ် ချိန်ညှိစီစဉ်ပြီး စမ်းဖို့ ရယ်ဒီလုပ်ထားကြပါပြီ။ စမ်းသပ်ချက်နာမည်ကို Trinity လို့ ပေးထားကြတယ်။ ဇူလိုင်လ ၁၆ ရက်နေ့ ညဘက်မှာ ဒီဗုံးကို စမ်းသပ်ကြမှာပါ။
နေ့လယ်ဘက်မှာ ဗုံးထဲကို ပလူတိုနီယမ်အူတိုင် ထည့်ပြီး စမ်းသပ်ချက်စဖို့ လိုတာတွေ စတပ်ဆင်နေပါပြီ။ Gadget ကို တာဝါတိုင်ရဲ့ အပေါ်အမြင့် ပေရာကျော်မှာ တင်ထားတယ်။ ဗုံးရဲ့ အပြင်ဘက်အလွှာက ဖောက်ခွဲရေးအကာ ၃၂ ခုဆီကို ဝါယာတွေရဲ့ သွယ်ထားပြီးကြပြီ။ ဒီလို ဗုံးမျိုးကို ဖောက်ခွဲဖို့ဆိုရင် ဗို့အားခပ်ပြင်းပြင်းရှိတဲ့ လျှပ်စီးကြောင်းတွေကို ဒီ ၃၂ နေရာဆီ တပြိုင်တည်း ပို့ဖို့ လိုအပ်ပါတယ်။ စောစောက ပြောသလို ဗုံးအူတိုင်ကို အပြင်ဘက် အကာတွေက အချိန်နဲ့ တပြေးညီ ဖိသိပ်ရမှာမလို့ လျှပ်အချက်ပြစီးကြောင်းတွေဟာ ဗုံးရဲ့ နေရာအစုံကို တစ်ပြိုင်နက်တည်း ရောက်ဖို့ လိုပါတယ်။ ဒါကြောင့် ကော်နက်ရှင်တစ်ခုနဲ့ တစ်ခု လျှပ်စီးကြောင်း သွားလာ – လက်ခံတာမှာ ကြားထဲက လက်ခံနိုင်တဲ့ အချိန်ကွာဟချက်က နာနိုစက္ကန့်ပမာဏလေးပဲ ရှိတာပါ။ နောက်ဆုံး final connection ကို လုပ်ဖို့ တစ်ယောက်ကတော့ ဗုံးနားမှာ နောက်ဆုံးချိန်ထိ နေပြီး လိုအပ်တာ ပြင်ဆင်နေခဲ့တယ်။
အဲ့ဒီမတိုင်ခင်ညက အော့ပန်ဟိုင်းမားတစ်ယောက် ဗုံးက သေချာအလုပ်မလုပ်မှာကို စိတ်ပူနေမိတယ်။ နောက်ဆုံးအကြိမ်အနေနဲ့ ပလူတိုနီယမ်အူတိုင်မပါဘဲ အပြင်ခွံချည်း သက်သက် စမ်းဖောက်ကြည့်တာ မအောင်မြင်ထားဘူး။ ၁၉၄၂ ခုနှစ်တုန်းကလဲ အာသာကွန့်ပ်တွန်နဲ့ ဒီနျူဗုံးစမ်းသပ်ချက်ကနေ ကမ္ဘာကို မီးလောင်တိုက်မသွင်းမိစေဖို့ စိုးရိမ်ကြောင်း ပြောခဲ့ဖူးတယ်။ စမ်းသပ်ချက်မစခင် ညမှာလဲ ဗိုလ်ချုပ်ဂရို့ဗ်နဲ့ အော်ပီတို့ ဒီအကြောင်း ပြောကြသေးတယ်။ ဖောက်ခွဲမှုကနေ ကမ္ဘာပျက်နိုင်ချေရှိတဲ့ အခြေအနေ ဖြစ်နိုင်ချေ ရှိ၊ မရှိအကြောင်းပေါ့။ အော့ပန်ဟိုင်းမားကတော့ တွက်ချက်မှုတွေအရ ဖြစ်နိုင်ချေရှိတဲ့ ရာခိုင်နှုန်းက ၀ နီးနီးပါပဲ ဆိုပြီး ပြန်ဖြေခဲ့တယ်။ (တကယ်တော့ အော့ပန်ဟိုင်းမား စိတ်ပူသင့်တာ ဗုံးအလုပ် လုပ်/မလုပ်မဟုတ်ဘဲ ‘ဗုံးက သောက်ရမ်း အလုပ်ဖြစ်နေမှာ’ ကို စိုးရိမ်သင့်ခဲ့တာ။)
ခုနက သူတို့ဆိုလိုတာ Atomospheric ignition Phenomenon ကိုပါ။ အကယ်၍ ဒီပေါက်ကွဲမှုဟာ ဒီတိုင်းရပ်မသွားဘဲ လေထုတစ်ခုလုံး မီးဟုန်းဟုန်းတောက်သွားမလားဆိုတာပေါ့။ Gadget ဗုံးပေါက်ကွဲမှု ပြင်းအားဟာ သူတို့ခန့်မှန်းတွက်ချက်ထားတဲ့ ပမာဏထက် ပိုအားပြင်းသွားမယ်ဆိုရင် ပေါက်ကွဲမှုက ထွက်လာတဲ့ ဖိအားတွေ၊ အပူချိန်တွေကြောင့် လေထုထဲက ဓာတ်ငွေ့တွေ fussion (နျူကလိယပေါင်းစည်း) တာမျိုး ဖြစ်သွားနိုင်မလားဆိုတာ တွေးပူကြတာပါ။ (Fusion အကြောင်းက အောက်မှာ အသေးစိတ်လေး သီးသန့်ထပ်ရေးပေးပါ့မယ်။)
Fusion (ဖျူရှင်) ဖြစ်ဖို့လွယ်တဲ့ ဓာတ်ငွေ့တွေထဲမှာ ထိပ်ဆုံးက ရှိတာ ဟိုက်ဒြိုဂျင်ပါ။ ကမ္ဘာ့လေထုထဲမှာ ဟိုက်ဒြိုဂျင်ပါဝင်မှုက ဓာတ်ငွေ့အက်တမ် ၂ သန်းမှာ ၁ ခုကပဲ ဟိုက်ဒြို ဖြစ်ပါတယ်။ ရာခိုင်နှုန်းအားဖြင့် အတော်လေး နည်းတယ်ဆိုပေမဲ့ ရှိတာလေးကပဲ Trinity က ထွက်တဲ့ ပြင်းအားကြောင့် fuse ဖြစ်ပြီး စွမ်းအင်ပိုထွက် .. ထွက်လာတဲ့ စွမ်းအင်ကနေ ပိုပို fuse ဖြစ်တဲ့အပြင်ကိုမှ လေထဲက ရေငွေ့တွေထဲ ရှိတဲ့ H2O မော်လီကျူးတွေထဲက ဟိုက်ဒြိုဂျင်တွေပါ အလားတူ ဆက် fuse ဖြစ်ရင် နျူကလိယပေါင်းစည်းမှုတွေ ကွင်းဆက် ဆက်ဖြစ်ပြီး ကမ္ဘာ့လေထုတစ်ခုလုံး မီးလောင်တိုက်သွင်းမိသလို ဖြစ်မှာကို သူတို့က စိုးရိမ်တာပါ။ fusion ကြောင့် ဖြစ်တဲ့ အဖျက်အားက အဆအများကြီး ပိုပြင်းတာကိုး။ အော့ပန်ဟိုင်းမားတို့ကတော့ ပညာရှင်ပီပီ ဖြစ်လာနိုင်တဲ့ ကိစ္စတွေကို သမရိုးကျ တွေးမိ၊ စိုးရိမ်မိကြပေမဲ့ အဲ့ဒီအတွေးလေးကပဲ ကမ္ဘာစစ်ပြီးတဲ့နောက်မှာ အဏုမြူဗုံးထက်ကြီးတဲ့ .. ကမ္ဘာဖျက်လက်နက်တစ်ခု တည်ဆောက်ဖို့ အခြေအနေကို လမ်းဖွင့်ပေးခဲ့သလို ဖြစ်ခဲ့တာပါ။ (အောက်မှာ ဆက်ပြောပါမယ်။)
စမ်းသပ်ချက်ကို မနက် ၄ နာရီမှာ လုပ်ဖို့ ကြိုတင်စီစဉ်ထားကြပါတယ်။ မုန်တိုင်းရှိတာနဲ့ နောက်ဆုတ်လိုက်ရတဲ့ အတွက် ငါးနာရီခွဲခါနီးမှပဲ စလိုက်ရတာပါ။ အတိအကျဆိုရင် ၅ နာရီ၊ ၂၉ မိနစ်၊ ၂၁ စက္ကန့်မှာ ဗုံးခွဲတဲ့ ခလုတ်ကို နှိပ်ခဲ့ပါတယ်။ ဗုံးကို သွယ်ထားတဲ့ ဝါယာတွေကနေ အပြင်ဘက်က ပေါက်ကွဲအားပြင်းအကာတွေကို ဖောက်ပြီး အတွင်းထဲကို ဖိသိပ်ဖျစ်ညှစ်တယ်။ ဒီဖောက်ခွဲမှုကြောင့်ထွက်လာတဲ့ တုန်ခါလှိုင်းတွေကြောင့် ပလူတိုနီယမ်အူတိုင်မှာရှိတဲ့ ဘယ်ရီလီယမ်နဲ့ ပိုလိုနီယမ်တို့ စအသက်ဝင်လာတယ်။ အဲ့ဒီကနေ နျူထရွန်တွေ အုံလိုက်ကျင်းလိုက် ထွက်လာပြီး ဖစ်ရှင်ဖြစ်ပါတယ်၊ အဲ့ဒီကနေ မဟာပေါက်ကွဲမှုကြီး ပေါ်ပေါက်လာတာပါ။
စမ်းသပ်ချက် အောင်မြင်ခဲ့ပါတယ်။ ဗုံးဖောက်ခွဲမှုကြောင့် မိုးလုံးပြည့် လင်းထိန်တောက်ပသွားပြီး ကောင်းကင်အပြည့် မြင်နေရတဲ့ မီးလုံးကြီးနဲ့ အတူ အလေးချိန် ၆ ကီလိုပဲရှိတဲ့ ပလူတိုနီယမ်သတ္ထုလေးက TNT အား နှစ်သောင်းခွဲနဲ့ ညီတဲ့ အဖျက်ပြင်းအား ဖန်တီးနိုင်ခဲ့တာကို နိုလန်းရဲ့ ရိုက်ချက်တွေကြောင့် ကိုယ်တိုင် အရှင်လတ်လတ်ထိုင်ကြည့်နေရသလို ခံစားမိခဲ့ရပါတယ်။
ကြည့်ရင်း သတိထားမိတာလေးတွေက ဗုံးဖောက်ခွဲ ပြီးချင်းချင်းမှာ ထွက်လာတဲ့ ရှေ့ပြေး တုန်ခါလှိုင်းကြီးဟာ မြေကြီးပေါ်ကို လာရိုက်ပြီး လာရိုက်တဲ့အရှိန်က အင်မတန်ပြင်းတာကြောင့် မြေကြီးကနေ ပြန်ကန်ထွက် –> အပေါ်မြောက်ပြီး နောက်က ကပ်လိုက်လာတဲ့ မီးလုံးနဲ့ blast wave တွေနဲ့ သွားရောမိတာပါ။ ဒါကို Mach stem လို့ သုံးနှုန်းကြတယ်။ ဗုံးကို တာဝါအမြင့်ပေါ် တင်ပြီး ဖောက်ရတာလဲ အဲ့ဒီဟာကို လိုချင်လို့ ဖြစ်တယ်။ လေထဲ အမြင့်တစ်နေရာကနေ ဖောက်ချင်းအားဖြင့် အဖျက်အားပိုပြင်းပြီး သက်ရောက်စက်ကွင်းကလဲ ပိုကျယ်လို့ပါ။ (ဂျပန်ကို ကျဲတုန်းကလဲ Trinity စမ်းသပ်ချက်က ဒေတာတွေကို ယူပြီး ဗုံးကို လေထဲက ဘယ်အမြင့်ပေမှာ ဖောက်ပစ်မလဲဆိုတာကို သတ်မှတ်ခဲ့ကြတယ်။)
အော့ပန်ဟိုင်းမားရုပ်ရှင်ထဲမှာ Trinity စမ်းသပ်ချက်ဟာ ဇာတ်လမ်းတမ်ပိုအမြင့်ဆုံးလို့ ကျွန်တော်တော့ ထင်မိတယ်။ ဒီပေါက်ကွဲမှုကြီးတစ်ခုလုံးကို နိုလန်းက ဂန္တဝင်ဆန်ဆန် ရိုက်ကူးပုံဖော်နိုင်ခဲ့တာ ကြည့်ရတဲ့ သူတွေအဖို့ အတော့်ကို ရင်သပ်ရှုမောဖွယ်ပါပဲ။
မက်ဟန်တန်ပရောဂျက်က Trinity စမ်းသပ်ချက် ပြီးဆုံးသွားပါပြီ။ စုစုပေါင်း လူခြောက်သိန်းကျော်နဲ့ ဘတ်ဂျပ် ဒေါ်လာ ၂ ဘီလျံသုံးပြီး အချိန်သုံးနှစ်နီးပါး ဆောင်ရွက်ခဲ့ကြတာပါ။
အဲ့ဒီစမ်းသပ်ချက်က ရလာတဲ့ ရလဒ် အောင်မြင်တာကြောင့် Little Boy နဲ့ Fat Man ကို ဆက်ပြင်ဆင်ကြပြီး ဂျပန်မြို့တွေပေါ် ကျဲချခဲ့ပါတယ်။ ဩဂုတ် ၆၊ ၁၉၄၅ မှာ အားဖြည့်လောင်စာ ယူရေနီယမ် ၆၄ ကီလိုဂရမ်သုံးထားတဲ့ Little Boy gun-type ဗုံးကို ဟီရိုရှီးမားမြို့ပေါ် ကျဲချခဲ့တာကြောင့် ၁၅ ကီလိုတန်ရှိ ပြင်းအားပေါ်ပေါက်ပြီး လူပေါင်း တစ်သိန်းလေးသောင်း သေဆုံးခဲ့ပါတယ်။ သုံးရက်အကြာမှာ Trinity စမ်းသပ်ချက်က Gadget ဗုံးနဲ့ ဆင်တူတဲ့ Fat Man Implosion ဗုံးကို နာဂါဆာကီပေါ် ကျဲချခဲ့ပြီး ၂၁ ကီလိုတန်ရှိ အဖျက်အားရှိခဲ့တာကြောင့် လူ ရှစ်သောင်းနီးပါး သေဆုံးခဲ့ကြရပါတယ်။ သေဆုံးမှုရဲ့ ၉၅ ရာခိုင်နှုန်းဟာ အရပ်သားတွေ ဖြစ်ခဲ့ပြီး အများစုက အမျိုးသမီးနဲ့ ကလေးတွေပါ။ မြင်တောင် မမြင်ရတဲ့ အဏုမြူအဆင့်က အက်တမ်လေးတွေရဲ့ ကကြိုးဆင်လှုပ်ရှားမှုဟာ လူသိန်းချီရဲ့ အသက်ကို တမဟုတ်ချင်း နုတ်ယူသွားနိုင်စွမ်းရှိခဲ့တာ ကြောက်ဖွယ်လိလိပေါ့။
အော့ပန်ဟိုင်းမားတစ်ယောက် စစ်ကြီးပြီးတဲ့အချိန်မှာ အကြီးအကျယ်နောင်တရခဲ့ရပါတယ်။ လူသားမျိုးနွယ်တစ်ခုလုံး အမြစ်ပြုတ်သွားနိုင်မဲ့ အဖျက်အားပြင်းလက်နက်တစ်ခုကို သူ့လက်နဲ့ ကိုယ်တိုင် လုပ်မိခဲ့တယ်၊ သွေးစွန်းခဲ့ရတယ်ဆိုတဲ့ ယူကျုံးမရချက်နဲ့ပေါ့။ အဏုမြူဗုံးဟာ ကမ္ဘာကြီးကို ဖျက်ဆီးနိုင်စွမ်း မရှိခဲ့ပေမဲ့ သူ့ဘဝကိုတော့ ဖျက်ဆီးသွားခဲ့ပါတယ်။ နောက်ထပ်ကမ္ဘာစစ်တစ်ခု ရှိလာမယ်ဆိုရင် အကုန်လုံး အနိစ္စသဘောနဲ့ ကိစ္စချောသွားနိုင်မဲ့ နတ်ဘုရားတို့ စွမ်းအား လက်နက်ကို အစပျိုးမိခဲ့တဲ့ အော်ပီဟာ သူ့ဆီကို ဆက်လာမဲ့ အကျိုးဆက်တွေရဲ့ ရာခိုင်နှုန်းကိုတော့ တွက်မိခဲ့ပုံ မပေါ်ဘူးဗျ။
၁၉၄၉ ဩဂုတ်လမှာ ဆိုဗီယက်တို့ကနေပြီး သူတို့ရဲ့ ပထမဆုံးအဏုမြူဗုံးကို စမ်းသပ်နိုင်ခဲ့တယ်။ အမေရိကန်တို့ကတော့ သူတို့ထုံးစံအတိုင်း သူများနဲ့ တန်းတူဖြစ်ရတာ မကြိုက်ဘဲ အမြဲပိုသာချင်နေတဲ့ သဘာဝကြောင့် မက်ဟန်တန်ကို လုပ်နေတုန်းမှာပဲ စဖို့ တွေးမိထားကြတဲ့ ဟိုက်ဒြိုဂျင်ဗုံးစီမံကိန်းကို အထောက်အထည်ဖော်ပါတော့တယ်။ Super Bomb ဆိုပြီးပါ။
ထုံးစံအတိုင်း အော့ပန်ဟိုင်းမားကို ဟိုက်ဒြိုဂျင်ဗုံးကိစ္စ ကိုင်ပေးဖို့အတွက် ပြောတော့ သူက မထုတ်ချင်ပါဘူး။ ဒုတိယကမ္ဘာစစ်အပြီးမှာ အော့ပန်ဟာ နေရာတစ်နေရာ၊ ပုံရိပ်တစ်ခုရှိလာပြီ ဖြစ်လို့ သူ့ရှိတဲ့ ပါဝါကို သုံးပြီး လက်နက်ထုတ်လုပ်ရေးကို ထိန်းသိမ်းနိုင်ဖို့ ကြိုးစားလာပါတယ်။ အော်ပီက စစ်အေးကာလထဲ ဝင်လာတာနဲ့အမျှ နှစ်ဖက်အင်အားစုတွေ လက်နက်အပြိုင်အဆိုင်တပ်ဆင်လာကြမှာကို စိုးရိမ်ခဲ့လို့ သူငြင်းတာပါ။ ဒါပေမဲ့ သမ္မတ ထရူးမန်းတို့ကတော့ အတင်းအကျပ်ခိုင်းခဲ့ပါတယ်။ သူဟာ ဟိုက်ဒြိုဂျင်ဗုံးထုတ်လုပ်ရေးကို ဆန့်ကျင်ငြင်းဆိုခဲ့လို့ အစိုးရနဲ့ ရင်ဆိုင်ကြုံတွေ့ရတာတွေ ရှိတာ အားလုံးအသိပါ။ အသေးစိတ်ထည့်မရေးတော့ပါဘူး။
ဟိုက်ဒြိုဂျင်ဗုံးဆိုတာကို အတိုကောက် H-bomb, သာမိုနျူးကလီးယားဗုံးလို့လဲ ခေါ်ကြပါတယ်။ ဒီကောင့်ရဲ့ အလုပ်လုပ်ပုံက အရှေ့က ဗုံးတွေလို ဖစ်ရှင်အသားပေး မဟုတ်ဘဲ ဖျူရှင် (fusion) လို့ခေါ်တဲ့ နျူကလိယပေါင်းစည်းခြင်းနဲ့ သွားတာပါ။
ဖျူရှင်ဆိုတာ နျူကလီးယားဓာတ်ပြုမှုအမျိုးအစားတွေထဲက တစ်ခုပဲ။ ဖစ်ရှင်နဲ့ မတူတာက ဖစ်ရှင်က နယူကလိယတွေကို ပြိုကွဲစေပြီး ဖျူရှင်ကတော့ ပေါင်းစည်းစေတာ။ ပေါင်းစည်းလို့ ရလာတဲ့ စွမ်းအင်က ပိုများတယ်။ (အပေါ်ဆုံးက ဒြပ်ထုစွမ်းအင် အချိုးကျ ညီမျှချက်နဲ့ ချိတ်စဉ်းစားရင် အက်တမ်နှစ်လုံးကို သီးခြားတစ်လုံးစီ အလေးချိန်တွေ ပေါင်းကြည့်တဲ့ ပမာဏထက် ပေါင်းစည်းပြီးမှ ဖြစ်လာတဲ့ ဒြပ်ထုပမာဏက ပိုနည်းတာကို တွေ့ရတယ်။ ဆုံးရှုံးသွားတဲ့ ဒြပ်ထုက ဖစ်ရှင်ထက် ပိုများ .. တစ်နည်း စွမ်းအင်ပိုများတာပေါ့။)
အက်တမ်တွေက အရွေ့စွမ်းအင် တစ်ခုခုကြောင့် အက်တမ်တစ်လုံးနဲ့ တစ်လုံး နီးကပ်လာတဲ့အခါ မျိုးတူအီလက်ထရွန်တွေအချင်းချင်း တွန်းကန်ကြပြီးတော့ အရွေ့စွမ်းအင်က တွန်းကန်အားထက် များနေတဲ့အခါ ဆက်လက်နီးကပ်စေတယ်။ နီးကပ်လာတဲ့အခါ အက်တမ်တွေမှာရှိတဲ့ ဖိုဓာတ်ဆောင်ပရိုတွန်နဲ့ မ,ဓာတ်ဆောင်အီလက်ထရွန်တွေက မျိုးမတူတဲ့အတွက်ကြောင့် အချင်းချင်း ဆွဲငင်လာကြတယ်။ ဆွဲငင်ကြရင်း ပိုမိုနီးကပ်လာတဲ့အခါ အက်တမ်ဝတ်ဆံ နျူကလိယတွေအချင်းချင်း ပြင်းထန်တဲ့အရှိန်နဲ့ ပြန်လည်တွန်းကန်ကြရင်း ခုနက ဆွဲငင်နေတဲ့ ပရိုတွန်နဲ့ အီလက်ထရွန်တွေကို အကွာအဝေးတစ်ခုအထိ ပြန်ကန်ထုတ်လိုက်တယ်။ အဲ့ဒီအချိန်မှာ တွန်းကန်အားနဲ့ ဆွဲငင်အား တူညီသွားပြီးတော့ အဲ့ဒီအက်တမ်နှစ်လုံးက သင့်တင့်တဲ့ အကွာအဝေးတစ်ခုမှာ မော်လီကျူးတစ်ခုအဖြစ်နဲ့ ပေါင်းသွားတယ်။ ဒါက မော်လီကျူးအဖြစ်နဲ့ အက်တမ်တွေပေါင်းစည်းပုံပဲ။ အဲ့ဒီအခြေအနေကနေ အပေါ်မှာပြောခဲ့သလို ပိုပြင်းထန်တဲ့ အားတစ်ခုက အက်တမ်တွေကို သက်ရောက်သွားရင် အက်တမ်တွေအချင်းချင်း နီးသထက်ပိုနီးသွားပြီးတော့ နျူကလိယတွေရဲ့ တွန်းကန်မှုကို လွန်ဆန်ပြီး အချင်းချင်းပေါင်းစည်းသွားကြတယ်။ အဲ့ဒီလို အက်တမ်တစ်လုံးနဲ့တစ်လုံး ပေါင်းသွားပြီးတော့ အက်တမ်တစ်လုံးတည်း ဖြစ်သွားတဲ့အခါ ကြီးမားတဲ့စွမ်းအင်ထွက်လာတယ်။ အဲ့တာကို နျူကလီးယားပေါင်းစည်းခြင်း (သို့မဟုတ်) နျူကလီးယားဓာတ်ပေါင်းခြင်း (Nuclear Fusion) လို့ခေါ်တယ်။ နေအပါအဝင် ကြယ်တော်တော်များများက ဖျူရှင်နည်းနဲ့ လောင်ကျွမ်းနေကြတာ။ နေဆိုရင်ဟိုက်ဒြိုဂျင်အက်တမ်တွေ ပေါင်းစည်းရာကနေ ဟီလီယမ်အက်တမ်အဖြစ် အသစ်ဖြစ်ပေါ်လာတယ်။ ဆုံးရှုံးသွားတဲ့ အသားတင်ဒြပ်ထုတွေကို စွမ်းအင်အဖြစ် ထုတ်လွှတ်တယ်။ ဖျူရှင်အခြေအနေက အင်မတန်ကြီးမားတဲ့ အပူချိန်၊ ဖိအားပမာဏရှိမှ ဖြစ်ပေါ်နိုင်တာမလို့ ကမ္ဘာပေါ်မှာ ဖန်တီးနိုင်ဖို့ ခဲယဉ်းတယ်။
ဒါပေမဲ့ အဲ့ဒီလောက် ဖိအားနဲ့ အပူချိန်ပမာဏကို ဘယ်ကရနိုင်မလဲဆိုရင် ဖစ်ရှင်ပေါက်ကွဲမှုကနေ ရနိုင်တာပေါ့။
ဒါကြောင့် ဟိုက်ဒြိုဂျင်ဗုံးတွေဟာ ဖစ်ရှင်ဗုံးလိုပဲ၊ ပထမအဆင့်တော့ သမရိုးကျနည်းနဲ့ ဖောက်ခွဲတယ်၊ နောက် ဖစ်ရှင်ကို ဖြစ်စေတယ်၊ အဲ့ဒီဖစ်ရှင်က ဖျူရှင်ဆက်ဖြစ်ဖို့ လှုံ့ဆော်ပေးရင်း ကွင်းဆက်ဓာတ်ပြုမှု သုံးခုနဲ့အတူ အလုပ်လုပ်တယ်။ ဒီအဆင့် ၃ ဆင့်လုံး ပြီးမြောက်ဖို့က အချိန်ပမာဏ စက္ကန့်ပိုင်းပဲ ကြာမြင့်ပြီး မြို့မပြောနဲ့၊ ကမ္ဘာတစ်ခြမ်းလောက် .. (အခုခေတ်သာမိုဗုံးတွေဆို တစ်ကမ္ဘာလုံး) ပါ မီးလောင်တိုက်သွင်းနိုင်တဲ့ အဖျက်စွမ်းအားရှိတယ်။ (ဖျူရှင်လောင်စာဆိုတော့ Deuterium နဲ့ Tritium တို့လို ဒြပ်စင်ခပ်ပေါ့ပေါ့လေးတွေကို အဓိက သုံးပြီး ထည့်ထားတယ်။ သူတို့ပေါင်းစည်းရင် ဟိုက်ဒြိုဂျင်အိုင်ဆိုတုပ်တွေ ရမှာပါ။)
၁၉၄၉ ဆိုဗီယက် အဏုမြူဗုံးအပြီး သုံးနှစ်အကြာမှာ အမေရိကန်တို့ကနေပြီး Ivy Mike အမည်ရတဲ့ ပထမဆုံးဟိုက်ဒြိုဂျင်ဗုံးတစ်လုံးကို မာရှယ်ကျွန်းပေါ်မှာ စမ်းသပ်ခဲ့တယ်။ ပြင်းအားက TNT ကိုမှ တန် ၁၀.၄ သန်းအထိ ရှိခဲ့တယ်။ Trinity ထက် အဆ ၄၀၀ ပိုပြင်းတဲ့ ကောင်ပေါ့။
၁၉၆၁ ကျ ဆိုဗီယက်က ဇာဗုံးကို ထပ်စမ်းတယ်။ သူက Ivy mike ထက် ငါးဆပိုပြင်းပြီး Trinity နဲ့ဆို အဆ ၂၀၀၀ အထိ အဖျက်အားကြီးခဲ့တယ်။
ဒီလိုနဲ့ အတောမသတ်နိုင်တဲ့ အပြိုင်အဆိုင်လက်နက်တပ်ဆင်မှုတွေ ဖြစ်လာကြရတယ်။ ကမ္ဘာကြီးတစ်ခုလုံး၊ လူသားမျိုးနွယ်တစ်ခုလုံးကို ခလုတ်တစ်ချက်နှိပ်ရုံနဲ့ ဖျောက်ပစ်နိုင်တဲ့ အစွမ်း .. နတ်ဘုရားတို့ရဲ့ ပါဝါကို လူသားတွေ ပိုင်ဆိုင်ခဲ့ကြတာပေါ့။
ပရိုမီးသီးယပ်စ်ဟာ နတ်ဘုရားတွေဆီက မီးကို ခိုးပြီး လူတွေဆီ ပေးမိလို့ အပြစ်ပေးခံရလို့ ဆိုတယ်။ ကြည့်ရတာာတော့ နတ်ဘုရားတွေဟာ လူတွေကို မီးမပေးချင်လို့ မဟုတ်လောက်ဘူးဗျ။ လူတွေဆီ မီးဆိုတာလေး ရောက်သွားတော့ရော ဘာထွေထွေထူးထူး ဖြစ်လာမှာလဲ။
သူတို့အမှန်တကယ် စိုးရိမ်တာဟာ လူသားတွေအနေနဲ့ မီးကို သုံးပြီး ဘယ်လိုလောင်စာကို လောင်ကျွမ်းတိုက်မလဲဆိုတာ ဖြစ်ပုံရပါတယ်။
အဆုံးထိဖတ်ပေးခဲ့လို့ ကျေးဇူးအများကြီး တင်ပါရစေခင်ဗျာ။ သာမန်လူတွေ စိတ်မဝင်စားတတ်တဲ့ academic concept တွေကို နားလည်လွယ်အောင် ပြန်ပြောင်းပြုပြင်ပြီး ဖော်ပြတာ ဖြစ်လို့ နားလည်မှုလွဲစေနိုင်တဲ့ အသုံးအနှုန်း၊ အယူအဆတချို့ ရှိခဲ့မယ်ဆိုရင် နားလည်ခွင့်လွှတ်ပေးပါဦးနော်။
ဒီအကြောင်းအရာကို ရေးသားနိုင်ဖို့အတွက် မှီငြမ်းကိုးကားခဲ့တဲ့ ရင်းမြစ်တွေက ဒီမှာပါ။
References – December 1938: Lise Meitner & Otto Frisch discover nuclear fission. (n.d.).
– Manhattan Project: The Discovery of Fission, 1938-1939. (n.d.).
– Wikipedia contributors. (2023, November 13). Nuclear fission. Wikipedia.
– Wikipedia contributors. (2023, November 16). Discovery of nuclear fission.
– The science behind the drama of ‘Oppenheimer.’ (n.d.). The Washington Institute.
– Castelvecchi, D. (2023). Why Oppenheimer has important lessons for scientists today. Nature, 620(7972), 16–17.
– E=mc2 ဆိုတာဘာလဲ. (2022, October 21). သိပ္ပံ. https://www.myanmarscientist.com/science/what-is-emc2/
– Perkowitz, S. (2010, February 12). E = mc2 | Equation, Explanation, & Proof. Encyclopedia Britannica.
– Kifer, A. (2023, July 17). The Real History Behind Christopher Nolan’s ‘Oppenheimer’ Smithsonian Magazine.
– Ben Miles, D. [@DrBenMiles]. (2023, July 30). The Physics Behind Oppenheimer’s Atom Bomb – EXPLAINED. Youtube.
– Time, P. S. [@pbsspacetime]. (2015, May 20). The Real Meaning of E=mc2. Youtube.
– Veritasium [@veritasium]. (2023, July 18). Why Oppenheimer Deserves His Own Movie. Youtube.
– Wikipedia contributors. (2023, November 6). Trinity (nuclear test). Wikipedia.
– Manhattan Project: The Trinity Test, July 16, 1945. (n.d.).
– Trinity Site – world’s first nuclear explosion. (n.d.). Energy.gov.
– The gadget (U.S. National Park Service). (n.d.).
– How nuclear weapons work. (2016, September 29). Union of Concerned Scientists.
– Science behind the Atom Bomb – Nuclear Museum. (n.d.). Nuclear Museum.
– Freudenrich, C., PhD, & Kiger, P. J. (2022, March 1). How nuclear bombs work. HowStuffWorks.
– Amazed, B. E. [@BeAmazed]. (2022, January 19). This is how A nuclear bomb works. Youtube.
– Wikipedia contributors. (2023, October 28). Uranium-235. Wikipedia.
– Pioro, I., & Duffey, R. B. (2019). Current and future nuclear power reactors and plants. In Elsevier eBooks (pp. 117–197).
– The fission process | MIT Nuclear Reactor Laboratory. (n.d.).
– Wikipedia contributors. (2023, August 9). Plutonium-239. Wikipedia.
– Hall, D. C. (2004). External costs of energy. In Elsevier eBooks (pp. 651–667).
– Institute for Energy and Environmental Research. (2012, April 20). Physical, nuclear, and Chemical properties of plutonium – Institute for Energy and Environmental Research.
– Why uranium and plutonium? (n.d.).
– Frequently asked questions | Nuclear Reaction | FRONTLINE | PBS. (2015, November 18).
– Wolchover, N. (2011, March 17). Why Is Plutonium More Dangerous than Uranium? livescience.com.
– Wikipedia contributors. (2023, October 27). Thermonuclear weapon. Wikipedia.
– Schumann, A. (2022, November 18). Fact Sheet: Thermonuclear weapons. Center for Arms Control and Non-Proliferation.
– The Hydrogen Bomb: The Basics. (n.d.). Atomic Archive
– Manhattan Project: Science > Bomb Design and Components > Hydrogen Bomb. (n.d.).
– Myanmar, F. H. (2023, August 25). Fission, fusion အမေးအဖြေ Fact Hub Myanmar.
– Min, Z. T. (2023, September 1). နျူကလီးယား ဓာတ်ပေါင်းဖိုများရဲ့ အလုပ်လုပ်ပုံကို နားလည်ခြင်း Fact Hub Myanmar.
အော့ပန်ဟိုင်းမားရုပ်ရှင်နောက်ကွယ်မှ သိပ္ပံကို နားလည်ခြင်း by Zwe Thukha Min is licensed under CC BY-NC-ND 4.0
Fact Hub Myanmar
Proudly powered by FH Editor Team
This content is licensed under CC BY-NC-ND 4.0








