Close Menu
Fact Hub Myanmar
    Archives
    • April 2025
    • March 2025
    • January 2025
    • November 2024
    • October 2024
    • September 2024
    • July 2024
    • May 2024
    • March 2024
    • January 2024
    • December 2023
    • November 2023
    • October 2023
    • September 2023
    • August 2023
    • July 2023
    • June 2023
    • May 2023
    • April 2023

    ရှင်သန်ကျန်ရစ်သူရဲ့ အပြစ်ရှိစိတ် (Survivor Guilt) ကို ဘယ်လို သက်သာစေမလဲ . . .

    April 4, 2025

    ငလျင်ကို ဘာကြောင့် ကြိုတင်ခန့်မှန်းလို့ မရတာလဲ . . . ?

    April 4, 2025

    မန္တလေးကျုံးက ပလတ်စတစ်နဲ့ ဖော့ဘူးခွံတွေ

    April 4, 2025

    မြစ်ရေခမ်းတာလား . . . မြေအရည်ပျော်တာလား . . . ?

    April 4, 2025
    Facebook X (Twitter) Instagram
    Fact Hub Myanmar
    • In-depth Articles
    • News
    • Contri Column
    Fact Hub Myanmar
    Home»Uncategorized»သိပ္ပံနည်းကျ လူဝင်စားကြည့်ခြင်း
    Uncategorized

    သိပ္ပံနည်းကျ လူဝင်စားကြည့်ခြင်း

    Zwe Thukha MinBy Zwe Thukha MinDecember 6, 2023Updated:March 3, 2024No Comments8 Mins Read
    သိပ္ပံနည်းကျ လူဝင်စားကြည့်ခြင်း
    Share
    Facebook Email Telegram



    လူဝင်စားတယ်လို့ ပြောလိုက်ရင် မသိသူ မရှိလောက်အောင် အကုန်လုံး ကြားဖူးနားဝရှိကြတဲ့ မူမမှန်ဖြစ်စဉ်တစ်ခုပါပဲ။ မြန်မာနိုင်ငံမှာတော့ ဘာသာရေးအယူအစွဲတွေနဲ့ စပ်လျဉ်းပြီး သိကြတာပါ။ အထူးသဖြင့် ဗုဒ္ဓဘာသာနဲ့ ဟိန္ဒူဘာသာတွေရဲ့ အယူအဆပိုင်းတွေ၊ ရှေးဂရိတွေရဲ့ ဖလော်ပိုင်းနဲ့ ပတ်သက်တဲ့ အယူအဆပိုင်းတချို့မှာ ဒီဖြစ်စဉ်ကို အဓိကတွေ့ရတယ်။ အကြမ်းအားဖြင့်ဆိုရင်တော့ သေလွန်ပြီးရင် နောက်ထပ် တစ်ဘဝအနေနဲ့ ဆက်လက်ရှင်သန်နိုင်ဦးမဲ့၊ နောင်ဘဝရှိတယ်လို့ လက်ခံထားတဲ့ Afterlife သမားတွေနဲ့ သံသရာအယူအဆကို လက်ခံကျင့်သုံးတဲ့ နေရာတွေမှာ ဒီလူဝင်စားခြင်းကို အမှန်တကယ် တည်ရှိတယ်လို့ နားလည်လက်ခံထားကြတယ်။ ကျွန်တော်တို့လုပ်တဲ့ ဆာဗေးက ရကော့ဒ်အရဆို ၂၀ – ၄၀ ရာခိုင်နှုန်းလောက်က ဒီလူဝင်စားတာကို လက်ခံထားကြတယ်။ 

    လူဝင်စားတယ်လို့ ခေါ်နိုင်ဖို့အတွက် လိုအပ်တဲ့ သတ်မှတ်ချက်တွေ ရှိပါတယ်။ ပျမ်းမျှဆိုရင် လူဝင်စားတယ်ဆိုတဲ့ သူအများစုဟာ လွန်ခဲ့တဲ့ အချိန်တစ်ခုက သေခဲ့တဲ့ လူတစ်ဦးဦးဆီက အမှတ်အသားတစ်ခုခု (ဥပမာ မှဲ့ ဒါမှမဟုတ် အမာရွတ်) ပါပြီး အဲ့ဒီလူနဲ့ ပတ်သက်တဲ့ အကြောင်းတွေကို ပြောနိုင်တယ်။ သူအသက်ရှင်စဉ်ကာလက အခြေအနေတွေ၊ အကြောင်းအရာတွေ၊ ရင်းနှီးခဲ့သူတွေ၊ ဓာတ်ပုံတွေရှိရင်လဲ အဲ့ဓာတ်ပုံတွေကို ကြည့်ပြီး နောက်ခံအကြောင်းအရာတွေကို ပြောပြနိုင်တယ်။ အဲ့ဒီဘဝဖြစ်စဉ်နဲ့ ပတ်သက်တဲ့ အမှတ်တရတွေကို လူဝင်စားတယ်ဆိုတဲ့ သူတွေဆီမှာ ပိုင်ဆိုင်ထားကြတာမျိုးပါ။

    အမေးများတာတွေက ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ သိပ္ပံနည်းကျ ဖြေရှင်းချက်တွေ ဘယ်လိုရှိလဲ၊ သုတေသနတွေ လုပ်တာကနေ တစ်ဆင့် ဘယ်လို ရလဒ်တွေ ထွက်လဲ၊ လူဝင်စားတယ်ဆိုတဲ့ ဖြစ်ရပ်က အမှန်တကယ် ဖြစ်တာလား၊ တခြားဘာသာရေးအယူအဆတွေလိုပဲ ယုတ္တိယောင်သက်သက်လားဆိုတာတွေပါ။

    ဒီတော့ လိုရင်းတိုရှင်းပဲ ပြောရမယ်ဆိုရင် သိပ္ပံမှာ ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ သိပ္ပံနည်းကျ ‘ရေရေရာရာ တိုက်ရိုက် ရှင်းပြထား’ တာမျိုး လက်ရှိအချိန်ထိတော့ မရှိသေးပါဘူး။ တိုက်ရိုက်ရှင်းပြထားတာ မဟုတ်ပေသိ သွယ်ဝိုက်သော နည်းအားဖြင့် ရှင်းပြထားနိုင်တဲ့ သဘောတချို့တော့ ‘ရေရေရာရာ’ ရှိပါတယ်။ အထူးသဖြင့် ဦးနှောက်၊ အာရုံကြောနဲ့ စိတ်ပိုင်းဆိုင်ရာမှာ ဖြစ်ပါတယ်။

    သိပ္ပံက နောင်ဘဝ အယူအဆကို လက်မခံတာ အားလုံးသိကြပါလိမ့်မယ်။ ဘာသာရေး အယူအဆ အတော်များများမှာ သေပြီးရင် သေလွန်ခြင်းရဲ့ အခြားတစ်ဖက်မှာ ဆက်လက်တည်ရှိနေနိုင်သေးတဲ့ ငရဲပြည်၊ နတ်ပြည် သဘော အသီးသီးရှိကြပြီး ဗုဒ္ဓဘာသာနဲ့ ဟိန္ဒူဘာသာတို့မှာ အဓိက တွေ့ရတဲ့ လူပြန်ဝင်စားတဲ့ ဖြစ်ရပ်ကလဲ တစ်နည်းအားဖြင့် ဒီ Afterlife သဘောတရားထဲကပါပဲ။

    သိပ္ပံက သေဆုံးခြင်းဟာ ရိုးရှင်းပါတယ်။ ကျွန်တော်တို့ ခန္ဓာကိုယ်ကို ကြယ်ပေါက်ကွဲမှုတွေက လာတဲ့ ဒြပ်အကြွင်းအကျန် အမှုန်တွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတယ်။ ကျွန်တော်တို့ လူတွေက မျောက်တွေနဲ့ အထူးတလည်ခြားနားခြင်း မရှိတဲ့ တိရစ္ဆာန်သာသာ သတ္တဝါတွေပဲ ဖြစ်ကြတယ်။ ကျွန်တော်တို့ သေမယ်၊ သေတဲ့အခါ ခန္ဓာကိုယ်ကြီး တစ်ခုလုံးရဲ့ လုပ်ငန်းဆောင်တာ တစ်ရပ်လုံး ရပ်ဆိုင်းသွားမယ်၊ (ဆေးပညာမှာ နှလုံးရပ်သွားတာကို သေဆုံးတယ်လို့ တရားဝင် သတ်မှတ်တယ်။) နှလုံးရပ်ပြီးပြီးချင်း နာရီပိုင်း၊ နေ့တစ်ပိုင်း အကြာလောက်မှာတင် ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေ အားလုံး ရပ်တန့်သွားမယ်၊ ဦးနှောက်နဲ့ တွဲလျက် တည်ရှိနေတဲ့ အသိဉာဏ်တွေ၊ မှတ်ဉာဏ်တွေဟာလဲ ဦးနှောက် သေဆုံးသွားတာနဲ့အတူ သူတို့လဲ shut down ဖြစ်သွားမှာပါပဲ။ ပြီးရင် မြေကြီးထဲ မြုပ်နှံခြင်း ခံရမယ်၊ အချိန်ကြာတော့ ဆွေးမြေ့ပြီး မြေသားနဲ့ တစ်သားတည်း ဖြစ်သွားမှာပဲ။ ဘယ်ဘုံဘဝမှ မရောက်သလို ကောင်းမှုလုပ်ခဲ့ခြင်း ရှိ၊ မရှိ အပေါ် အခြေခံလို့ ငရဲပြည်၊ နတ်ပြည် သွားရတာမျိုးလဲ မရှိ၊ ဝိညာဉ်အဖြစ် ကျင်လည်နေခြင်းလဲ မရှိပါဘူး။ သေဆုံးခြင်းက အရာအားလုံးချုပ်ငြိမ်းခြင်းပဲ ဖြစ်တယ်၊ ဘာမှ ဆက်ဖြစ်တော့မှာ မဟုတ်။

    လူတွေ သေဆုံးပြီးရင် ဆက်ဖြစ်မှာတွေကို သိပ္ပံက ဇီဝဗေဒနည်းအားဖြင့် ရေရေရာရာ ရှင်းပြထားနိုင်တယ်။ လက်ဆုပ်လက်ကိုင်ပြစရာ မရှိတဲ့ နောင်ဘဝ အယူအဆတွေကိုတော့ လျစ်လျူရှုထားရင်းနဲ့ သဘာဝကိုပဲ လေ့လာထားချက်အရပေါ့။ ဒီတော့ အဲ့ဒီ သေဆုံးခြင်းရဲ့ အခြားတစ်ဖက်မှာ ဆက်လာတဲ့ လူပြန်ဝင်စားတယ်ဆိုတဲ့ အယူအဆဟာလဲ သိပ္ပံက ငြင်းဆိုထားတဲ့ Afterlife ထဲပဲ ပြန်ဝင်နေတယ်။ ချုပ်ပြောရရင်တော့ သိပ္ပံက လက်မခံထားတဲ့ အယူလို့ ပြောနိုင်တာပေါ့။ ဒီတော့ ဆာဗေးက အဖြေကိုပဲ သိချင်လို့ စောင့်နေသူ ဆိုရင်တော့ ဘာပညာရပ်ပိုင်းမှ မပါတဲ့ ဒီအထိက အဖြေတစ်ခုပါပဲ။ ဆက်မဖတ်ချင် ကျော်သွားနိုင်ပါတယ်။

    ဒီတော့ လူဝင်စားတယ်ဆိုတာကို ဘယ်လို ထောင့်ကနေ သိပ္ပံနည်းအရ ဆက်ရှင်းကြည့်သင့်လဲဆိုရင် အပေါ်မှာ ပြောခဲ့သလို ဦးနှောက် အာရုံကြောနဲ့ စိတ်ပညာဘက်ကပါ။

    လူဝင်စားတဲ့ ကိစ္စမှာ အဓိက အယူအဆက လူတွေဟာ သေရင် ရုပ်ဆိုတဲ့ ခန္ဓာကြီးကနေ ကွဲကွာထွက်သွားပြီး နာမ်ဆိုတဲ့ သိစိတ်လေးက ဆက်ကျန်ရှိ ခရီးနှင်မယ်၊ ဒီကောင်လေးက တခြားခန္ဓာတစ်ခု (ရုပ်) တစ်ခုမှာ သွားပြီး ဝင်စားမယ်ဆိုတဲ့ သဘောပါ။ (တရားနဲ့ ပတ်သက်တဲ့ သဘောတချို့ အသုံးမှားရင် ပြောပါ။)

    ဒီသိစိတ်ဆိုတဲ့ အကြောင်းနဲ့ ကိုက်နိုင်မဲ့ အင်္ဂလိပ်အသုံးက ‘Consciousness’ ဆိုတာ ဖြစ်လိမ့်မယ်။ လက်နဲ့လဲ အကောင်အထည်လိုက်ကြီး ကိုင်ပြလို့မရ၊ ဒါလေးပါဆိုပြီး နည်းနည်းလောက် ဆွဲထုတ်ပြီး ကြည့်ခိုင်းလို့ မရ၊ တည်ရှိကြောင်းလဲ ဘယ်လို ပြရမှန်းမသိ၊ ရှိနေမှန်းတော့ ‘သိ’ နေတယ်၊ ခံစားကျွမ်းဝင်နေတယ်။ ‘ငါ’ ဆိုတဲ့ အသိရှိမှုတစ်ခု ပေးစွမ်းနိုင်နေတယ်ပေါ့။ ဒါသည် Consciousness – သိစိတ် ဖြစ်မယ်။ ဒါနဲ့ ပတ်သက်လို့ ပညာရှင်တွေက အမျိုးမျိုး အဓိပ္ပာယ် ဖွင့်ဆို ပြောပြကြတယ်။ ဒီ သိစိတ်ဆိုတာကို ဖော်ပြနိုင်ဖို့ နည်းအမျိုးမျိုး ရှာကြတယ်။ အရိုးဆုံး ယူပြောရရင်တော့ ဒီသိစိတ်ဆိုတာ ကိုယ့်ကိုယ်ကိုယ်နဲ့ ကိုယ့်ပတ်ဝန်းကျင်ကို သတိမူမိ၊ အသိရှိနေမိတာကို ဆိုလိုတယ်။

    သိစိတ်ဆိုတာ အာရုံနဲ့ ဆက်စပ်နေသလို မှတ်ဉာဏ်တွေ၊ အတွေးတွေနဲ့လဲ ဆက်စပ်တယ်လို့ ဆိုတယ်။ မြင်ရ တွေ့ရ ခံစားရသမျှကို သိစိတ်ကနေ တစ်ဆင့် ဪ သိပါလား၊ ရှိပါလား ခံစားနေရတာပေါ့။ ရင်းမြစ်တွေက တဆင့် လာသမျှကို တပြိုင်တည်း အာရုံခံ သိရှိမိနေတာ။ (မြန်မာစာရေးဆရာတွေထဲက တစ်ယောက်ကတော့ ဒါကို ‘ဖြစ်တည်မှု’ လို့ ဘာသာပြန်ပါတယ်။ ဒါလဲ သင့်လျော်ပါတယ်။) ဒီတော့ သိစိတ်ဆိုတာ ခင်ဗျားပေါ့။ ခင်ဗျားဆိုတဲ့ ဖြစ်တည်မှုကို ချုံငုံပြောဆိုတာလို့ ကောက်ချက်ချနိုင်တယ်။

    သိစိတ်နဲ့ ဆက်လာတာက memory လို့ ခေါ်တဲ့ မှတ်ဉာဏ်ပါ။ သိစိတ်ကနေ ဆက်စပ်ချိတ်လာပြီး သိတယ်လို့ ထင်ရစေတဲ့ မြင်မှု၊ သိမှု၊ အာရုံတွေ မှန်သမျှက ဦးနှောက်ထဲမှာ မှတ်ဉာဏ်အနေနဲ့ သိမ်းဆည်းသိုလှောင်ထားနိုင်တယ်။ ခန္ဓာကိုယ်မှာရှိတဲ့ အာရုံခံစားမှု ငါးရပ်ကနေ အချက်ပြမှုတွေကို ဦးနှောက်က ရပြီးရင် ဦးနှောက်ထဲရှိတဲ့ နျူရွန်ကွန်ရက် စနစ်တွေကနေ တစ်ဆင့် ဘယ်ဟာကတော့ ဘာဆိုတဲ့ အကြောင်းကို ပြန်သတ်မှတ်ပုံဖော်ပေးတယ်။ ဒီအကြောင်းတွေ အကုန်ကို ဦးနှောက်ထဲမှာ မှတ်ဉာဏ်အဖြစ်နဲ့ သိမ်းဆည်းထားတယ်။

    (လူဝင်စားတဲ့ အယူအဆရဲ့ အဓိကကျတဲ့ တစ်နေရာက ဒီနားဖြစ်ပါမယ်။ လူဝင်စားတယ်ဆိုတာကို သတ်မှတ်တာအရ လူတစ်ယောက်ရဲ့ သိစိတ်က နောက်ထပ် လူတစ်ယောက် (သူမဟုတ်တော့တဲ့ တည်ရှိမှု တစ်ခု) ဆီကို ပြောင်းလဲရောက်ရှိသွားတဲ့ အတွက်ကြောင့် မှတ်ဉာဏ်တချို့ပါ ကျန်ရစ်တာ ဖြစ်တယ်ပေါ့။)

    ဦးနှောက်ထဲမှာက မှတ်ဉာဏ်တွေကို တစ်စုတစ်စည်းတည်း သိမ်းဆည်းပေးထားတဲ့ နေရာရယ်လို့ သတ်သတ်မှတ်မှတ် မရှိဘူး။ မှတ်ဉာဏ် အစိတ်အပိုင်းလေးတွေကပဲ တစ်ခုချင်းစီ သက်ဆိုင်ရာ နေရာအလိုက် ဦးနှောက်အနှံ့မှာ ပျံ့နှံ့ တည်ရှိနေတာ ဖြစ်တယ်။

    ဦးနှောက်ရဲ့ နေရာအနှံ့က မှတ်ဉာဏ်တွေကို ပေါင်းပြီးမှ မှတ်ဉာဏ်တစ်ရပ်ကို ဦးနှောက်ဆဲလ်က ပုံဖော်ပေးတာမျိုးပါ။ (ဦးနှောက်ဆဲလ်ဆိုတာ ဦးနှောက်တစ်လျှောက်မှာ လိုအပ်တဲ့ အချက်ပြစီးကူးမှု စနစ်တွေ၊ လျှပ်စစ်နဲ့ ဓာတုဆိုင်ရာ အချက်ပြလှိုင်းတွေကို သယ်ယူသွားတဲ့ နျူရွန်တွေကို ဆိုလိုတယ်။ ကွန်ရက်အနေနဲ့ ဖြန့်ကြက်တည်ရှိနေတာ။)

    နမူနာ .. ကိုယ်က နိုင်ငံခြားမယ် ရှိနေလို့ မြန်မာပြည်က အမေချက်တဲ့ မုန့်ဟင်းခါးလေး သတိရ (မှတ်ဉာဏ် ပေါ်လာ) တယ် ဆိုပါစို့။ မုန့်ဟင်းခါးက ဘယ်လိုပုံရှိလဲဆိုတာ မြင်ယောင်စေတဲ့ ဦးနှောက်ဆဲလ် (နျူရွန်) က သက်သက်ရှိမယ်။ အနံ့လေး သိစေတာ၊ အရသာလေး ထင်ဟပ်စေတာ စသဖြင့် သီးခြားစီ ရှိနေပြီး အကုန်ပေါင်းပြီးကာမှ မုန့်ဟင်းခါးပါလားဆိုတဲ့ မှတ်ဉာဏ်တစ်ရပ် ပေါ်ထွက်လာစေတာပေါ့။

    တကယ်တမ်းက ဒီမှတ်ဉာဏ်တစ်ရပ်ဆိုတာလဲ ဦးနှောက်ဆဲလ်တွေထဲမယ် အကောင်အထည်အနေနဲ့ မြင်ရတာ မဟုတ်ဘူး။ နမူနာ..အခမ်းအနားတွေမှာ လူအုပ်လိုက်ကြီး ပေါင်းပြီး ပုံရိပ်တစ်ခုကို ညီညီညာညာ ပုံဖော်ပြသတာ မြင်ကြည့်။ ဒီလူအုပ်ကြီးထဲက ဘယ်သူကမှတော့ ဒီပုံဖော်မှုတစ်ခုလုံးကို ကိုယ်စားပြုမနေဘူး။ ဒါပေမဲ့ အဲ့ဒီလို တစ်ဦးတစ်ယောက်ချင်းစီ ပေါင်းပြီးတော့မှ ပုံပေါ်လာတာ၊ ငယ်ငယ်ကဆော့တဲ့ puzzle board game တွေလိုပဲ။

    မှတ်ဉာဏ်ဆိုတာလဲ ဒီသဘောပဲ။ ဦးနှောက်ထဲက နျူရွန်တွေ အကုန်ပေါင်းပြီး စည်းချက်ကျကျ လှုပ်ရှားဆောင်ရွက်ရင်းကနေ ပေါ်လာတာ ဖြစ်တယ်။ နျူရွန်တစ်ခုချင်းစီဟာ လူအုပ်ထဲက လူတွေလိုပဲ ဘယ်လိုပုံရိပ်ကို ပါဝင်ပုံဖော်ပေးချင်လဲ၊ ဒီ pattern အတွင်းမှာ တစ်တပ်တစ်အား ဝင်ပါပေးနိုင်စွမ်းရှိတယ်။ ဒီလိုကောင်လေးတွေ အကုန် စုစည်းသိုင်းဝိုင်းနေတဲ့ နျူရွန်အစုအဖွဲ့ကြီး တစ်ခု ရှိလာမယ်ဆိုရင်တော့ မတူညီတဲ့ မှတ်ဉာဏ် အမျိုးမျိုးကို သူတို့က ပုံဖော်ပေးနိုင်လာတယ်။ ဒီလိုပုံနဲ့ပဲ ဦးနှောက်က မှတ်ဉာဏ်တွေကို သိမ်းဆည်းထားတာ။

    (ဦးနှောက်ကနေပြီး ကျောရိုးမကြီးထဲ ရှိတဲ့ ကျောရိုးနာ့ဗ်ကြိုးတစ်လျှောက်ကနေ တစ်ဆင့် (central nervous system) အနေနဲ့ ခန္ဓာကိုယ်အနှံ့မှာရှိတဲ့ အာရုံကြောစနစ်တွေကို ထိန်းချုပ်ကိုင်တွယ်ထားရင်းနဲ့ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာ မှန်သမျှကို ဆောင်ရွက်စီမံပေးနေတာ ဖြစ်တယ်။)

    ဦးနှောက်အလယ်ဘက်မှာ Hippocampus လို့ နာမည်တွင်တဲ့ ဦးနှောက်အစိတ်အပိုင်း တစ်ခုရှိပြီး မှတ်ဉာဏ် (တချို့) ကို သိမ်းဆည်းသိုလှောင်ထားနိုင်တယ်။ ၁၉၅၃ လောက်တုန်းက H.M လို့ ခေါ်တဲ့ လူနာတစ်ယောက် သူ့ဦးခေါင်းကို ခွဲစိတ်မှုလုပ်တော့ အဲ့ဒီ Hippocampus ထဲက အစိတ်အပိုင်း အတော်များများ ဖြတ်တောက်ခဲ့လိုက်ရတယ်။ အဲ့ဒီလို ဖြတ်ခံလိုက်ရပြီးကတည်းက စလို့ သူကျန်ရှိနေတဲ့ ဘဝတစ်လျှောက်လုံး အသစ်ဖြစ်ပေါ်လာတဲ့ ဖြစ်ရပ်တွေ၊ အချက်အလက်တွေကို မှတ်မိနိုင်စွမ်း မရှိတော့ဘူး။ ဒါပေမဲ့ အရင်က ရှိခဲ့ဖူးတဲ့ ကိစ္စတွေ၊ အတိတ်က မှတ်ဉာဏ်တချို့ကိုတော့ သူပြန်မှတ်မိနိုင်သေးတယ်။

    ဒီတော့ Hippocampus က မှတ်ဉာဏ်တွေ အသစ်ဖြစ်ပေါ်တာအတွက် အဓိကကျတဲ့ နေရာ ဖြစ်ပေမဲ့ မှတ်ဉာဏ်အကုန်လုံးကို သိုလှောင်သိမ်းဆည်းရာ နေရာတော့ မဟုတ်ဘူးဆိုတာ ပညာရှင်တွေ နားလည်သွားတယ်။

    သူသိမ်းဆည်းတဲ့ မှတ်ဉာဏ်တချို့က Long-term (ရေရှည်) မှတ်ဉာဏ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ဦးနှောက်က သူ့ဆီ ရောက်လာတဲ့ အချက်ပြချက်တွေကို ဘာသာပြန်ပြီး သိမ်းဆည်းမှု စနစ်ထဲ ဖြည့်သွင်းတယ်၊ encode ချတယ်ပေါ့။ ဒီကောင်တွေကို Electrochemical လို့ ခေါ်တဲ့ လျှပ်ဓာတုအသွင်တစ်မျိုးနဲ့ သိမ်းထားတယ်။ မှတ်ဉာဏ်တွေကို ခွဲပြီး သီးသန့်နေရာတွေဆီမှာ folder လိုက် ထားပေးထားပြီး လိုရင် အဲ့ကောင်တွေကို ပြန်ခေါ်တယ်ပေါ့။ (မှတ်ဉာဏ်အသစ်တွေကို သိမ်းဆည်းရာမှာ နျူရွန်တွေက ကွန်ရက်ချိတ်ဆက်မှုအသစ်ကို လုပ်ရင်လုပ်၊ မလုပ်ရင် ဖျက်။ မလုပ်နိုင်ရင် ရှိပြီးသားကောင် တချို့ကို သိပ်မေ့တေ့တေ့ ဖြစ်စေပြီး တချို့မှတ်ဉာဏ်တွေရဲ့ ချိတ်ဆက်မှု (နာ့ဗ်ကြောဆက်) ကို ပိုခိုင်မာလာစေတယ်။)

    မှတ်ဉာဏ်တွေထဲမှာ အာရုံကြောစနစ်တွေကနေ လျှပ်တစ်ပြက်ရရှိတဲ့ အချက်ပြတွေကို မှတ်တမ်းတင်တာရှိတယ်။ ဒီမှတ်ဉာဏ်မျိုးက အချိန်ခဏလေးပဲ မှတ်မိနိုင်ပြီး စက္ကန့်ပိုင်းကြာရင် လစ်သွားရော။

    နောက် တကယ်လို့ အဲ့ဒီမှတ်ဉာဏ်လေးကို ကျွန်တော်တို့ သတိသေချာမူပြီး ကြည့်ထားမိမယ်ဆိုရင် မှတ်ဉာဏ်ထဲ ခဏလေး သိမ်းဆည်းမိမယ်။ ဒါဆိုရင်တော့ ရေတိုမှတ်ဉာဏ်ဖြစ်ပြီ။ စာမေးပွဲတွေ မဖြေခင် One sub one night တွေ လုပ်တဲ့ အကွက်မျိုးပဲ။ ရက်ပိုင်းလောက်တော့ ခံမယ်။ ဒါပေမဲ့ အဲ့ဒီ ရေတိုကောင်ကို ချိတ်ဆက်ဖော်ပြပေးတဲ့ နျူရွန်တွေကြားက ကွန်ရက်ချိတ်ဆက်မှုက ပိုခိုင်မာလာပြီဆိုရင် သူက ရေရှည်မှတ်ဉာဏ်ဖြစ်သွားရော။ ရည်းစားဟောင်းကို မေ့မရတဲ့ သူတွေလိုပဲ၊ ခဏခဏ သတိရမိလေ မေ့ရခက်လာလေဆိုတဲ့ အဓိပ္ပာယ်။ နျူရွန်ချိတ်ဆက်မှုက တည်မြဲသွားပြီး ဘိုင်သေဖြစ်သွားတာ။ သေတစ်ဖန် သက်တစ်ဆုံး မမေ့တော့ဘူး။

    အဲ့ဒီရေရှည်မှတ်ဉာဏ်က လူဝင်စားတာနဲ့ အရေးကြီးလို့ ဆက်ပွားရမယ်ဆိုရင် သူ့မှာ

    – Declarative (Explicit) ရှင်းလင်းပြတ်သားပြီး အသိစိတ်ဝင်နေရတဲ့ မှတ်ဉာဏ်နဲ့

    – Non-declarative (Implicit) မပြတ်မသားရှိပြီး မသိစိတ်ကနေ ဖြစ်နေတတ်တဲ့ မှတ်ဉာဏ်မျိုးဆိုပြီး နှစ်ခုထပ်ကွဲတယ်။

    နမူနာ.. သင်္ချာတစ်ပုဒ်တွက်ရင် ဘယ်လိုအီကွေးရှင်း သုံးတွက်ရမလဲဆိုတာ စဉ်းစားရတာ Declarative ဖြစ်မယ်။ ဘာမှ စူးစိုက်ပြီး အသိ၊ သတိကပ်စရာမလိုဘဲ လုပ်နိုင်တာ။ စက်ဘီးစီးတာ၊ ဆိုင်ကယ်မောင်းနိုင်တာမျိုးက Non ပေါ့။ ဒါကြောင့် F=ma ကိုတော့ ဘာလဲ စဉ်းစားရပေမဲ့ စက်ဘီးဘယ်လိုစီးရမယ်ဆိုတာ တွေးဖို့ မလိုနေတာ။

    အဲ့တော့ ဒီရေရှည်မှတ်ဉာဏ်တွေကို အဓိက သိမ်းဆည်းထားတဲ့ နေရာဟာ hippocampus ဖြစ်တယ်။ ဒီရေရှည်မှတ်ဉာဏ်တွေဟာ လူဝင်စားတယ်လို့ အဆိုပြုသူတွေဆီမှာ အဓိကတွေ့ရတဲ့ မှတ်ဉာဏ်မျိုးပါ။ အရင်ဘဝက သူတို့ဘယ်လို ဘယ်ပုံ သေဆုံးခဲ့တယ်၊ မတရား သ-တ်ဖြတ်ခံရရင်လဲ ဘယ်လိုပုံစံရှိတယ်ဆိုတဲ့ ((Traumatic Memory)) တွေလိုမျိုး ဖြစ်ပါတယ်။

    ဒါဆိုရင် လူတွေ သေဆုံးပြီးတဲ့ အခါကျရင် ဒီမှတ်ဉာဏ်တွေ သိုလှောင်သိမ်းဆည်းထားတဲ့ ဦးနှောက်ထဲက အစိတ်အပိုင်းတွေဟာလဲ ဘာမှ ဆက်ပြီး လှုပ်ရှားဆောင်ရွက်နိုင်တော့မှာ မဟုတ်ဘူး။

    အပေါ်မှာ ပြောသလိုပဲ ဆေးပညာအရ နှလုံးရပ်တဲ့ အချိန်က လူသေဆုံးချိန်ဖြစ်တယ်။ ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာ မှန်သမျှက နှလုံးရပ်ပြီး နာရီပိုင်းအကြာမှာ ရပ်တန့်သွားတယ်။ ဦးနှောက်သေသွားတယ်ပေါ့။ ဦးနှောက်သေတယ်ဆိုတာဟာ တစ်နည်းအားဖြင့် သိစိတ် Consciousness ပါ အပြီးတိုင် ပျောက်ဆုံးသွားတာ ဖြစ်တယ်။

    လွန်ခဲ့တဲ့ မတ်လကမှ လုပ်တဲ့ သုတေသနတစ်ခုအရ လူ့ဦးနှောက်မှာ ဖြစ်ပေါ်နေတဲ့ သိစိတ်ဟာ ဦးနှောက်သေဆုံးပြီးတဲ့အချိန် ကာလနည်းနည်းအထိ ဆက်လက်တည်ရှိနေနိုင်တယ်လို့ ဆိုတယ်။ (PNAS ဆိုက်မှာ တင်ထားတဲ့ သုတေသနတစ်ခုပါ။စိတ်ဝင်စားရင် အောက်က ပေးထားတဲ့ citation နဲ့ တစ်ချက် တိုက်ရှာကြည့်ပါ။)

    အဲ့ဒီ သုတေသနဖော်ပြချက်အရ နှလုံးရပ်ပြီး သေပြီလို့ သတ်မှတ်လိုက်တဲ့ လူတချို့မှာ ပြန်ပြီး အသက်ဝင် ရှင်သန်လာတဲ့ လူတွေ ရှိခဲ့ဖူးတယ်။ မြန်မာလို ခေါ်ရင်တော့ သေရွာပြန်ပေါ့။ သေအံ့ဆဲဆဲ အတွေ့အကြုံ (Near-death Experience) ရှိသူတွေလို့ ဆိုတယ်။

    အဲ့ဒီလို နှလုံးရပ်ပြီး သေတယ်လို့ သတ်မှတ်ပြီးကာမှ ပြန်အသက်ဝင်တဲ့ လူတွေထဲက ၂၀ ရာခိုင်နှုန်းလောက်က အဖြူရောင် အလင်းကွက်ကြီးတွေ၊ သေမင်းလို့ ထင်ရတဲ့ သက်ရှိအရာတစ်ခုခုကနေ လာခေါ်တဲ့ ပုံရိပ်တွေ၊ အသံတွေ၊ ခန္ဓာကိုယ်ရဲ့ ကင်းကွာပြီး မြောလွင့်သွားလာနေတယ်လို့ ခံစားရတာတွေ ရှိတယ်လို့ ဖော်ပြထားတယ်။

    ဒီတော့ သဘောက သိစိတ်က ဦးနှောက်ကနေ ထွက်ခွာသွားလာနိုင်တာလားပေါ့ ..? 

    ဦးနှောက်သေရင် အသိစိတ်လဲ ပျောက်တာပဲ။ ဦးနှောက်ရဲ့ အတွင်းထဲ နျူရွန်တွေကနေ တစ်ဆင့် စီးကူးသွားလာတဲ့ မှတ်ဉာဏ်တွေကလဲ အကုန်လစ်မှာပဲ။ ရေရှည်မှတ်ဉာဏ်တွေ သိမ်းဆည်းထားတဲ့ ဦးနှောက်အစိတ်အပိုင်းကလဲ လစ်မှာပဲ။ ဒီမှတ်ဉာဏ်ကွန်ရက်တွေနဲ့ သိစိတ်စနစ်တွေ ကို ပုံဖော်တည်ရှိပေးနေနိုင်တဲ့ ဦးနှောက်ကြီးဆိုတာပါ သေသွားတဲ့အခါကျရင် သူတို့လဲ ဘယ်လိုနည်းနဲ့မှ ဆက်လက်တည်ရှိနေနိုင်မှာ မဟုတ်ဘူး။ ဇီဝဗေဒက ဒီလိုနားလည်ထားတာပါ။

    ဒါပေမဲ့ လူဝင်စားတဲ့ အယူအဆက အဲ့ဒီလော့ဂျစ်ကို ဆန့်ကျင်နေတယ်။ လူဝင်စားတယ်လို့ ထင်ရတဲ့ ကလေးတစ်ယောက်ဟာ သူ့အတိတ်ဘဝပါဆိုပြီး လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်က သေသွားတဲ့ လူတစ်ယောက်ရဲ့ ဘဝဇာတ်ကြောင်းတွေ၊ သူ့ဘဝ အတွေ့အကြုံတွေကို သူအသက်ရှိတုန်းကလိုပဲ ထိုင်ပြောပြနေတယ်၊ ဖြစ်စဉ်တွေကလဲ မှန်တာ ရှိမယ်၊ မှားတာတွေလဲ ရှိမယ်။

    သိပ္ပံနည်းကျ လေ့လာတွေ့ရှိချက်တွေမှာတော့ ဦးနှောက်က မှတ်ဉာဏ်တွေဟာ ကွန်ပြူတာထဲက ဒေတာတွေလို USB stick နဲ့ ကူးတာ၊ Hard drive ထဲ ထည့်ပြီး ကိုယ့်ကွန်ပြူတာနဲ့ ချိတ်ကူးတာမျိုး လုပ်လို့ မရဘူး။ ဒီမှတ်ဉာဏ်တွေ၊ ရှိထားတဲ့ အတွေ့အကြုံတွေကို ခင်ဗျားက လွဲပြီး တခြား ဘယ်သူမှ ဘယ်သောအခါမှ ခင်ဗျားနေရာမယ် ဝင်ခံစားသိရှိနိုင်မှာ မဟုတ်ဘူး။

    သိစိတ်ဆိုတာလဲ ခန္ဓာကိုယ်ရဲ့ အပြင်ဘက်မှာ လွတ်ထွက် တည်ရှိနေနိုင်တဲ့၊ ဘာသာရေး ဖော်ပြချက်တွေမှာ မြင်ရတဲ့ အကောင်အထည်မပေါ်တဲ့ နာမ် အသွင်နဲ့ တည်ရှိမနေနိုင်ဘူး။ လက်ရှိနားလည်ထားနိုင်တဲ့ Neuroscience မှာ သိစိတ်ဟာ ဦးနှောက်နဲ့ တစ်ဆက်တည်း တွဲလျက်ဖြစ်တည်နေတာပဲ။

    လူဝင်စားခြင်းမှာ ခင်ဗျားကတော့ ခင်ဗျားပဲ။ ဒါပေမဲ့ ခင်ဗျား ဟုတ်မနေဘူး။ ခင်ဗျားအရင်ဘဝ ရှင်သန်တုန်းက ရှိနေတဲ့ မှတ်ဉာဏ်တချို့တော့ ရှိအုံးမယ်ဆိုတဲ့ သဘောပဲ။ ဒါပေမဲ့ ဦးနှောက်က ဒီလို အလုပ်မလုပ်ပါဘူး။

    Neurologist တွေရဲ့ ပြောကြားချက်အရ ခင်ဗျားမနေ့က ဖြစ်ခဲ့တဲ့ ကိစ္စကိုတောင် ဒီနေ့ ပြန်ပြောရင် မူရင်းမှတ်မိတာထက် ကွဲနေတာတွေ ရှိတယ်။ နှစ်ရက်ကျော် သုံးရက်ဆိုရင် ပိုဆိုးမယ်။ လချီနှစ်ချီရင် မနည်းပြန်အစဖော်ရမယ်။ အခြေအနေနဲ့ အချိန်အခါပေါ် မူတည်လို့ အတွေ့အကြုံတွေက ဖြစ်လာတဲ့ မှတ်ဉာဏ်တွေဟာ တစ်သတ်မတ်တည်း မတည်ရှိနိုင်ဘူး။

    ဒီတော့ ခင်ဗျားက ခင်ဗျားအနေနဲ့ပဲ တည်ရှိနေနိုင်မယ်။ ခင်ဗျားဦးနှောက်က ဖြစ်လာတဲ့ သိစိတ်ဟာ ခင်ဗျားရဲ့ ဖြစ်တည်မှုနဲ့ တိုက်ရိုက်ချိတ်ဆက်နေတယ်။ ဒါကို ဒီခန္ဓာကိုယ်က သေတော့မှာမလို့ ဒီက ချိတ်ဆက်မှုလေး ဖြုတ်ပြီး ဟိုဘက်တစ်ခုထဲ ဘဝအသစ်အနေနဲ့ သွားဆက်ပါမယ်လို့ လုပ်မရပါဘူး။ မှတ်ဉာဏ်တွေ၊ သိစိတ်တွေက ကော်ပီပွားလို့မှ မရဘဲ။

    ဇီဝဗေဒကို အခြေခံသိတဲ့ ဆယ်တန်းကလေးတောင် ဒီဟာရဲ့ ယုတ္တိတန်မှုကို ကွက်ကွက်ကွင်းကွင်း မြင်နိုင်စွမ်းရှိပါတယ်။

    နောက်ထပ် ဆက်ကြည့်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ မှတ်ဉာဏ်တွေက အတွေ့အကြုံနဲ့ အချက်အလက်ပေါ်ပဲ အခြေခံတာ မဟုတ်၊ အပေါ်မှာ ပြောသလို အခြေအနေနဲ့ အချိန်အခါအပေါ်လဲ မူတည်သေးတယ်။

    ခင်ဗျားအနေနဲ့ ကိုယ့်မှတ်ဉာဏ်ကို သူများထဲ ထည့်ပေးလိုက်နိုင်ရင်တောင် သူ့အနေနဲ့ ခင်ဗျား တွေ့ကြုံခံစားရတဲ့ နေရာကနေ ဘယ်လိုမှ ဝင်ပြီး အဲ့ရှုထောင့်နဲ့ နေဖို့ မဖြစ်နိုင်ပါဘူး။ ဒါက စိတ်ပညာကို အခြေခံလေ့လာဖူးသူတွေဆိုရင် ကွက်ကွင်းသိမြင်နိုင်တဲ့ အယူအဆတစ်ခုပါ။

    နောက် တကယ်လို့ တမလွန်ရှိခဲ့တယ်ဆိုရင်တောင် နာမ်ဝိညာဉ်ကျင်လည် ကျက်စားခဲ့တဲ့ ကြားပိုင်းအချိန်တွေကို မမှတ်မိရတဲ့ အကြောင်းကရော ဘာလို့လဲဆိုတာ စဉ်းစားစရာပါ။ အရင်ဘဝက ဖြစ်ရပ်ကို ပြန်ပြောပြနိုင်တယ်ဆိုရင် ကြားထဲက ကာလအပိုင်းအခြားမှာ သူဘယ်လိုတည်ရှိနေလဲဆိုတာကို ပြောပြနိုင်မှ ယုတ္တိခွင်ကျနိုင်ပါတယ်။

    ဒီတော့ ကျွန်တော်ကတော့ လူဝင်စားတာနဲ့ ပတ်သက်လို့ ထောက်ကန်သက်သေတွေကို ပြောပြဆွေးနွေးပြီးပြီ။ လူဝင်စားတယ်ဆိုတဲ့ သူတွေကလဲ အမြောက်အမြားပဲ။ သူတို့မှာလဲ သူတို့သက်သေနဲ့ သူတို့ရှိနေကြတယ် ဘယ်လိုလုပ်ကြမလဲဆိုရင်

    – ကျွန်တော်လဲ ဒီမေးခွန်းတွေအတွက် အဖြေမရှိပါဘူး။

    ကိုယ်ပိုင်အမြင်နဲ့ အဖြေတချို့ တွေးမိတာ အရဆိုရင်

    – False Memory Syndrome ဖြစ်နိုင်ခြေ ရှိပါတယ်။

    – အချက်အလက်တချို့ ကြားဖူးနားဝရှိတာတွေကို အခြေခံမိပြီး ဦးနှောက်ကနေ ဆက်စပ်တွေးတောမိရာကနေ အဲ့ဒီဖြစ်စဉ်တစ်ခုလုံးကို တွေ့ကြုံလိုက်ရသလို ခံစားရတဲ့ ထင်ယောင်ထင်မှား ဖြစ်မှု ဖြစ်နိုင်ပါတယ်။ (စုံထောက်တွေ၊ ရဲတွေမှာ အဖြစ်များပါတယ်။)

    – ဦးနှောက်ရဲ့ နျူရွန်ကွန်ရက်စီးဆင်းမှုထဲမှာ ချို့ယွင်းချက်တချို့ ရှိတာ ဖြစ်နိုင်ပါတယ်။

    – ပြင်းထန်တဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ရှိထားခဲ့ဖူးလို့ ဖြစ်နိုင်ပါတယ်။

    – ဘာသာရေးနဲ့ ကိုးကွယ်ယုံကြည်မှုတွေ လွန်ကဲတာကြောင့်ပါ။

    – တမလွန်ကို ယုံကြည်လို့ ကောင်းမှု၊ မကောင်းမှု လုပ်ဆောင်ချက်မှန်သမျှဟာ လာမဲ့ နောင်ဘဝမှာ ပြန်အကျိုးသက် ခံစားရမှာဖြစ်လို့၊ ဒီဘဝမှာ လုပ်ခဲ့တဲ့ ကုသိုလ်တွေကို ခံစားချင်လို့၊ မကောင်းမှုပြုသူတွေဟာ နောင်ဘဝမှာ ပြန်အကျိုးသက်ရောက်မှာ ဖြစ်တာမလို့ တရားမျှတမှုကို မျှော်ကိုးမိပြီး စိတ်ပြေရာပြေကြောင်း တွေးမိတာ ဖြစ်နိုင်ပါတယ်။

    – လိုရာဆွဲ တွေးခေါ်နိုင်တာတွေကြောင့် ဖြစ်နိုင်ပါတယ်။

    – တိုက်ဆိုင်တဲ့ အခြေအနေတချို့လဲ ရှိပါတယ်။

    – ကလေးတွေက ကလေးသဘာဝ သူတို့အာရုံမှာ ပေါ်ပေါက်လာတဲ့ အသိအတွေးတချို့ ထုတ်ဖော်လာချိန်မှာ မိဘတွေကနေပြီး ယုံကြည်မှုလွန်ကဲနေတာကြောင့် သူတို့ထင်သလို ဆွဲတွေးတတ်ပြီး ဘယ်သူဝင်စားတာ၊ ဘယ်က ဝင်စားတာ စတဲ့ ကောက်ချက်ချတတ်တာမျိုးတွေလဲ အမြောက်အမြားပါ။

    – (အမာရွတ်တွေနဲ့ အမှတ်အသားတွေ ပေါ်ပေါက်လာပုံကတော့ ဇီဝေဗေဒမှာ ဆဲလ်တွေ၊ တစ်ရှူးတွေရဲ့ အလုပ်လုပ်ပုံနဲ့ ဆက်စပ်ပြီး ရှင်းပြနိုင်တဲ့ အခြေအနေရှိပါတယ်။)

    _________

    သိပ္ပံနည်းကျ စူးစမ်းလေ့လာမှုတွေက အမှားခံနိုင်ရမယ်ဆိုတဲ့ Scientific Method ရဲ့ အခြေခံအဆန်ဆုံး လော့ဂျစ်တစ်ခု ရှိပါတယ်။ ကားလ်ပေါ့ပါ မိတ်ဆက်ခဲ့တာပေါ့။ ဒီလော့ဂျစ်ကို ကိစ္စရပ်တစ်ခုက သိပ္ပံနည်းကျ စူးစမ်းလေ့လာမှုတွေ ရှိသင့် ရှိထိုက်လား၊ ရှိလာဖို့ ထိုက်တန်ရဲ့လား၊ သိပ္ပံနည်းကျ အဖြေရှာဖို့ ‘ဘောင်’ ဝင်ရဲ့လားဆိုတာကို တိုင်းတာဖို့ သုံးတာပါ။

    ဒီအယူအဆထဲမှာ ရှိတာ တစ်ခုက သိပ္ပံနည်းကျ စူးစမ်းလေ့လာမှုကနေ ရလာတဲ့ အဖြေတစ်ရပ်ဟာ ဘယ်တော့မှ ရာနှုန်းပြည့်မှန်ကန်တာ မရှိဘဲ မှန်သထက် မှန်အောင်ပဲ ဆက်ဆက် လုပ်ဆောင်သွားရတာ ဖြစ်ကြောင်းပါ။ ဒါအပေါ် အခြေခံလို့ ဖြစ်လာတာက အကယ်၍ သိပ္ပံအဖြေတစ်ခုမှာ မှားခဲ့တာ၊ လိုအပ်ခဲ့တာ၊ လစ်ဟာခဲ့တာမျိုး ရှိခဲ့မယ်ဆိုရင် အဲ့ဒါကို မှားကြောင်း သက်သေပြနိုင်ရမဲ့ အခြေအနေမှာ ရှိရပါမယ်။

    မြင်သာအောင် နမူနာတစ်ခု ပေးကြည့်ရရင် – မြင်းမိုရ်တောင်ရှိတယ်ဆိုတဲ့ သီအိုရီတစ်ခု တစ်ယောက်ယောက်က ထလုပ်လိုက်တယ် ဆိုပါစို့။ ကျွန်တော်တို့အနေနဲ့ မြင်းမိုရ်တောင်ကို တစ်ခါမှလဲ မမြင်ဖူးပါဘူး။ အဲ့ဒီဟာ မှားကြောင်း သက်သေကလဲ မပြနိုင်ပါဘူး၊ မပြနိုင်တယ်ဆိုတာကလဲ အမှန်တကယ် မတည်ရှိတဲ့ အရာတစ်ခုမလို့ မပြနိုင်တာပါ။ ရှိကြောင်းကို လက်တွေ့စမ်းသပ်နိုင်ဖို့ကလဲ မဖြစ်နိုင်ပါဘူး။ ရှိတယ်လို့ အဆိုပြုသူတွေ ကိုယ်တိုင်က ဒါကို အကောင်အထည်နဲ့ ပြနိုင်ခြင်း၊ အကောင်အထည်နဲ့ မဟုတ်တောင် တည်ရှိကြောင်း ထင်ထင်ရှားရှား ပြနိုင်တာမျိုး မရှိလို့ပါ။ သိပ္ပံနည်းကျ သီအိုရီတွေက အမှန်တကယ်ဖြစ်ပျက်နေတဲ့ ကိစ္စတွေကိုတော့ သက်သေပြနိုင်ပေမဲ့ အမှန်တကယ် မတည်ရှိနေတဲ့ကိစ္စကိုတော့ သွားသက်သေပြလို့ မရပါဘူး။ အဲ့ဒီလို သက်သေပြဖို့ မစွမ်းသာတဲ့ ကိစ္စရပ်တွေဟာ အမှန်တကယ် တည်ရှိခဲ့ရင်တောင် အဲ့ဒီကိစ္စ မှားပါတယ်လို့ ပြန် counter ထောက်မရလို့ သူ့အတွက် သိပ္ပံနည်းကျတဲ့ ဖြေရှင်းချက်မျိုး ရနိုင်အုံးမှာ မဟုတ်ပါဘူး။ လက်ရှိ သေလွန်ပြီး ဆက်ဖြစ်တဲ့ ဘာသာရေး ယုံကြည်မှု ဖြစ်စဉ်တွေနဲ့ လူဝင်စားတယ်ဆိုတဲ့ Afterlife အစိတ်အပိုင်းလေးတစ်ခုကို သိပ္ပံက ခေါင်းစဉ်တစ်ခုတည်းအပေါ် တည်ပြီး ဘာလို့ ‘ရေရေရာရာ’ မရှင်းပြတာလဲ ဆိုတဲ့ အဖြေပါ။ လော့ဂျစ်ပိုင်းအရတော့ ဒါပါပဲ။

    ဒီတော့ အခုဆောင်းပါးဟာ သိပ္ပံကို လေ့လာလိုက်စားသူ တစ်ဦးအနေနဲ့ သိပ္ပံရှုထောင့်က ကြည့်ရင် မြင်ရတာတွေကို စာဖတ်သူတွေဆီ တင်ပြပေးတာပါ။ သူတို့အဆိုပြုချက်တွေကို ငြင်းချက်ထုတ်ပြီး မှားကြောင်း သက်သေလာပြတာ မဟုတ်ပါဘူး။

    ရစ်ချက်ဖိုင်းမန်း ပြောသလိုပဲ အဖြေတွေ အားလုံးကို သိရှိနားလည်ခြင်းက သိပ္ပံမဟုတ်ပါဘူး။ သိပ္ပံဆိုတာ မှန်ကန်တဲ့ မေးခွန်းကို မေးခြင်းဖြစ်ပါတယ်။

    မှန်ကန်တဲ့ မေးခွန်းတွေ မေးလာတတ်ဖို့ မျှော်လင့်ရင်း။

    References – Borjigin, J., Lee, U. C., Liu, T., Pal, D., Huff, S., Klarr, D., Sloboda, J., Hernandez, J., Wang, M. M., & Mashour, G. A. (2013). Surge of neurophysiological coherence and connectivity in the dying brain. Proceedings of the National Academy of Sciences of the United States of America, 110(35), 14432–14437

    – Stevens, M. (2023, September 19). Why Reincarnation Doesn’t Make Sense. Mystical Spiritual Pathfinder. 

    – Beres, D. (2023, January 3). 3 reasons “you” won’t return after this life. Big Think.

    – De Moraes, L. J., Da Silva Barbosa, G., De Castro, J. P. G. B., Tucker, J. B., & Moreira‐Almeida, A. (2022). Academic studies on claimed past-life memories: A scoping review. Explore-the Journal of Science and Healing, 18(3), 371–378.

    – The Science of Reincarnation: UVA psychiatrist Jim Tucker investigates children’s claims of past lives. (n.d.). Virginia Magazine. 

    – Franks, W. (2023, November 16). The Evidence for Human Reincarnation is Here – Phoenix Collective – Medium. Medium. 

    – Dowdey, S. (2021, April 16). How Reincarnation works. HowStuffWorks. 

    – The Hard Science of Reincarnation. (2021, March 31). Vice.Com. 

    Written by – Zwe Thukha Min

    Edited by – Aww Myat Khin Khin

    ©️ 𝟮𝟬𝟮𝟯-𝟮𝟬𝟮𝟰 | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿

    #Fact_Hub #Article #Fact_Check #Incarnation #Reincarnation #Science_behind_Reincarnation

    Fact Hub Myanmar

    Proudly powered by FH Editor Team

    This content is licensed under CC BY-NC-ND 4.0

    Share. Facebook Email Telegram
    Previous Articleရေပြင်တွေ တိမ်ကောပြီး ကုန်းမြေထုကြီးအဖြစ် ပြောင်းလဲသွားခဲ့ရင်
    Next Article သရဲတွေဟာ တကယ်လား၊ မိမိစိတ်ထင်လား။
    Zwe Thukha Min

    Related Posts

    ရှင်သန်ကျန်ရစ်သူရဲ့ အပြစ်ရှိစိတ် (Survivor Guilt) ကို ဘယ်လို သက်သာစေမလဲ . . .

    April 4, 2025

    ငလျင်ကို ဘာကြောင့် ကြိုတင်ခန့်မှန်းလို့ မရတာလဲ . . . ?

    April 4, 2025

    မန္တလေးကျုံးက ပလတ်စတစ်နဲ့ ဖော့ဘူးခွံတွေ

    April 4, 2025

    မြစ်ရေခမ်းတာလား . . . မြေအရည်ပျော်တာလား . . . ?

    April 4, 2025

    ငှက်အုပ်ပျံတာက မုန်တိုင်းရဲ့ ရှေ့ပြေးလား

    April 4, 2025

    မိုးလေဝသပညာရှင် ဦးဝင်းနိုင် ပြောတဲ့ မုန်တိုင်းအလားအလာ

    April 4, 2025
    Add A Comment
    Leave A Reply Cancel Reply

    Categories
    • Astronomy & Space (1)
      • Astrobiology (1)
    • Uncategorized (248)
    Archives

    At Fact Hub, we are dedicated to sharing trustworthy and reliable information that empowers people through knowledge. As a fact-checking organization, our mission is to distinguish truth from misinformation, and to uphold accuracy, integrity, and responsibility in the information we share.

    Facebook YouTube Telegram
    Archives
    • April 2025 (7)
    • March 2025 (10)
    • January 2025 (2)
    • November 2024 (4)
    • October 2024 (14)
    • September 2024 (3)
    • July 2024 (1)
    • May 2024 (1)
    • March 2024 (4)
    • January 2024 (17)
    • December 2023 (14)
    • November 2023 (26)
    • October 2023 (18)
    • September 2023 (23)
    • August 2023 (20)
    • July 2023 (13)
    • June 2023 (11)
    • May 2023 (28)
    • April 2023 (32)

    ရှင်သန်ကျန်ရစ်သူရဲ့ အပြစ်ရှိစိတ် (Survivor Guilt) ကို ဘယ်လို သက်သာစေမလဲ . . .

    April 4, 2025

    ငလျင်ကို ဘာကြောင့် ကြိုတင်ခန့်မှန်းလို့ မရတာလဲ . . . ?

    April 4, 2025

    မန္တလေးကျုံးက ပလတ်စတစ်နဲ့ ဖော့ဘူးခွံတွေ

    April 4, 2025

    မြစ်ရေခမ်းတာလား . . . မြေအရည်ပျော်တာလား . . . ?

    April 4, 2025
    Copyright © 2026. Fact Hub Myanmar. All rights reserved.

    Type above and press Enter to search. Press Esc to cancel.