Close Menu
Fact Hub Myanmar
    Archives
    • April 2025
    • March 2025
    • January 2025
    • November 2024
    • October 2024
    • September 2024
    • July 2024
    • May 2024
    • March 2024
    • January 2024
    • December 2023
    • November 2023
    • October 2023
    • September 2023
    • August 2023
    • July 2023
    • June 2023
    • May 2023
    • April 2023

    ရှင်သန်ကျန်ရစ်သူရဲ့ အပြစ်ရှိစိတ် (Survivor Guilt) ကို ဘယ်လို သက်သာစေမလဲ . . .

    April 4, 2025

    ငလျင်ကို ဘာကြောင့် ကြိုတင်ခန့်မှန်းလို့ မရတာလဲ . . . ?

    April 4, 2025

    မန္တလေးကျုံးက ပလတ်စတစ်နဲ့ ဖော့ဘူးခွံတွေ

    April 4, 2025

    မြစ်ရေခမ်းတာလား . . . မြေအရည်ပျော်တာလား . . . ?

    April 4, 2025
    Facebook X (Twitter) Instagram
    Fact Hub Myanmar
    • In-depth Articles
    • News
    • Contri Column
    Fact Hub Myanmar
    Home»Uncategorized»“ဘွန်ဇိုင်းပင်တွေက ပြောပြတဲ့ လူသားတွေအကြောင်း”
    Uncategorized

    “ဘွန်ဇိုင်းပင်တွေက ပြောပြတဲ့ လူသားတွေအကြောင်း”

    Htet Phone SheinBy Htet Phone SheinJanuary 2, 2024Updated:February 1, 2024No Comments6 Mins Read
    “ဘွန်ဇိုင်းပင်တွေက ပြောပြတဲ့ လူသားတွေအကြောင်း”
    Share
    Facebook Email Telegram


    ရေအေးသည် “ဘွန်ဇိုင်း” ဝတ္ထုကို (၂၀၁၆) ခုနှစ်၊ နိုဝင်ဘာလထုတ် ရွှေအမြုတေမဂ္ဂဇင်းတွင် ရေးသားခဲ့သည်။ ဤဝတ္ထုတွင် ဘွန်ဇိုင်းပင်တစ်ပင် ဖြစ်လာပုံကို သစ်စေ့ငယ်ဘဝမှ စတင်၍ သစ်ပင်လား မြောက်သည်အထိ တစ်ဆင့်ချင်း ရေးသားထားသည်။ သစ်စေ့ငယ်သည် မြေပြင်ထဲသို့ ထိုးနှစ်ကာ သစ်ပင်ဖြစ်ရန် ကြိုးစားပုံ၊ သစ်ပင်ငယ်အဖြစ် ပေါက်လာပြီးနောက် လူသားက မြေပြင်မှ နှုတ်ယူသွားကာ “ဘွန်ဇိုင်း” အဖြစ် ပုံသွင်းရန် ယူဆောင်သွားပုံ၊ သစ်ပင်ငယ်သည် မိမိကိုယ်တိုင်၏ ဆန္ဒမပါဘဲ ပုံသွင်းခံရပုံ၊ အသက်ဆက်ရှင်နိုင်ရေးအတွက် သစ်ပင်ငယ်၏ စိတ်အားတင်းပုံ၊ “ဘွန်ဇိုင်း” ဖြစ်လာပြီးနောက် လိပ်ပြာများ၏ ချီးမွမ်းခြင်းကို ခံရပုံ၊ ဝတ်ရည်နှင့်ပတ်သက်၍ လိပ်ပြာတစ်ကောင်၏ ကဲ့ရဲ့ခြင်းကို ခံရပုံနှင့် သစ်ပင်ငယ်၏ ခံစားချက်တို့ကို တင်ပြထား၏။ ဤတွင် ရေအေးသည် ဘေးက ရှုမြင်သူအနေနှင့် ကန့်သတ်သိရှုထောင့်က ဝင်စားပြီး သရုပ်ဖော်နည်းဖြင့် နိမိတ်ပုံဖန်တီးမှု အတတ်ပညာကို အသုံးပြုကာ လူ့လောက၊ လူ့သဘာဝအကြောင်း တင်ပြထားသည်။ တစ်ချက် လေ့လာဆန်းစစ်ကြည့်ပါမည်။

    သစ်စေ့ငယ်သည် သစ်ပင်ဘဝသို့ ကူးပြောင်းရန် သူ၏ အခွံမာကို ခွဲထုတ်ကာ မြေကြီးထဲတွင် သူ၏ အမြစ်များကို နှစ်မြှုပ်၍ စတင်ရှင်သန်ရန် ကြိုးပမ်းသည့် ပုံကို ရေးသားရာတွင် သစ်စေ့ငယ်၏ ချီတုံချတုံ ဝေခွဲမရဖြစ်နေပုံကို “ပထမတွင် သစ်စေ့ငယ်၏ စိတ်သည် ချီတုံချတုံ။ သူ့ဝတ်ရုံကြီး ချွတ်လိုက်ရင် သိပ် ချမ်းမလား၊ သူ အအေးရိုက်ပြီး သေသွားမလား၊ ခရုတစ်ကောင်က သူ့ကို စားလိုက်မလား၊ စိတ်သည် မဝံ့မရဲ။ သူကြားဖူးသည့် သစ်စေ့တို့၏ ဘဝအကြောင်းပုံပြင်များက သူ့ကို ခြောက်ခြားစေ၏။ တစ်ချိန်တည်းပင် အကြောက်လွန်ပြီး သစ်ပင်မဖြစ်ခဲ့သော သစ်စေ့ပုံပြင်များကလည်း သစ်စေ့ငယ်၏ အတွေးထဲတွင် ရစ်ဝဲနေသည်။ သူတကာ၏ တံတွေးခွက်တွင် ပက်လက်မျောပြီး သူတကာက သရော်လှောင်ပြောင်ခံရသည့် သူရဲဘောကြောင်သည့် သစ်စေ့များ။ သူသာ သစ်ပင်မဖြစ်ခဲ့လျှင်လည်း ‘အဖြစ်မရှိတဲ့ သစ်စေ့ပုပ်ပါကွာ’ ဟု ဘေးပတ်ပတ်လည်ရှိ သစ်ပင်များသည် စကားတင်းဆိုကြမည် ထင်၏” ဟူ၍ သရုပ်ဖော်ထားသည်။ လူသားတို့သည် ငယ်ရွယ်စဥ်တွင် မိမိထက် အသက်အရွယ်ကြီးရင့်သူ၊ အတွေ့အကြုံရင့်သန်သူတို့ထံက ဘဝနှင့် ပတ်သက်သည့် အကြောင်းခြင်းရာများကို လက်ဆင့်ကမ်း ကြားသိခဲ့ကြရလေ့ရှိသည်။ အခြားသူများ၏ အကူအညီမပါဘဲ မိမိကိုယ်တိုင် တစ်ယောက်တည်း ဘဝထဲသို့ တိုးဝင်ခြေချရသည့်အခါ ထိုအကြောင်းများသည် လူသားတို့အပေါ် လွှမ်းမိုးတတ်ပုံကို စာရေးဆရာက သတိပြုမိခဲ့ဟန်တူ၏။ ထိုကြောင့်ပင် စာရေးဆရာသည် သစ်စေ့ငယ်သည် အပင်ဖြစ်လာရန် စတင်ကြိုးစားလုပ်ဆောင်ပုံကို နိမိတ်ပုံအနေဖြင့် ထင်ဟပ်ဖန်တီးထားခြင်းက လူသားတို့သည် အရွယ်ရောက်သည့်အခါ မိမိဘဝကို ကိုယ်တိုင်အခြေတည်ရပုံကို ဆက်စပ်ခံစားလာမိစေသည်။

     

    သစ်စေ့ငယ်သည် ရင်ဆိုင်ရမည့် အခက်အခဲများကို တွေးမိသော်လည်း ဆက်လက် ရှေ့မတိုးလျှင် သစ်ပင်ဘဝသို့ ရောက်မည်မဟုတ်သဖြင့် ကြိုးစားလုပ်ဆောင်ပုံကို “သစ်စေ့ငယ်သည် သူ့ဝတ်ရုံမာမာအား အတွင်းကနေ ထပ်ခနဲထိုးခွဲ၏။ အေးစက်စက်လေတို့သည် စူးခနဲ ဓားနဲ့ထိုးလိုက်သကဲ့သို့ သစ်စေ့ငယ်ထံ တိုးဝင်လာကြသည်။ သစ်စေ့ငယ်သည် အံတင်းတင်း ကြိတ်လိုက်ရင်း သူ၏ခြေအစုံအား သူ့အောက်ခြေရှိ မြေသားမွမွထဲသို့ အသာထိုးသွင်း၏။ သူ့ရဲ့လက်နှစ်ဖက်ကို မိုးကောင်းကင်ဆီသို့ ဆန့်တန်း ချီမြှောက်လိုက်သည်” ဟူ၍လည်းကောင်း သရုပ်ဖော်ရေးသားထားသည်။ ဤသရုပ်ဖော်အဖွဲ့သည် ဘဝထဲသို့ စတင်အခြေချရသည့် ကာလသည် လွယ်ကူခြင်းမရှိဘဲ အမျိုးမျိုးသော အန္တရာယ်များနှင့် တွေ့ကြုံရတတ်ပုံ၊ ထိုအန္တရာယ်များကြားကပင် မိမိတို့ဘဝကို မရရအောင် ကြိုးစားခြေကုပ်ယူတတ်ကြသော လူသားတို့၏ စိတ်ဓာတ်နှင့် အားမာန်ကိုပါ ခံစားသိမြင်လာစေသော နိမိတ်ပုံတစ်ခု ဖြစ်လေသည်။

    သစ်စေ့ငယ်သည် သစ်ပင်ငယ်အဖြစ်သို့ ရောက်ရှိလာပြီးနောက် မိမိ၏အသွင်သဏ္ဌာန်နှင့် ပတ်သက်၍ ဂုဏ်ယူမဆုံး ဖြစ်နေမိသည်။ နောင်အနာဂတ်တွင် သူလုပ်ဆောင်မည့် အရာများကိုလည်း ထုတ်ဖော်ပြောပြနေတတ်သေးသည်။ နေရာအသစ်တွင် အသွင်အသစ်ဖြင့် အခြေကျလာသော သစ်ပင်ငယ်၏ သရုပ်ကို “တဖြည်းဖြည်း ကြီးထွားလာသည့် သူ့ကိုယ်သူလည်း ဂုဏ်ယူသလို ကြည့်၏။ တစ်ခါ တစ်ခါတွင် သိပ်အားတောင့်တာပဲ ဟုလည်း သူ့လက်မောင်းတွေကို ညစ်ပြီး အားစမ်းသေးသည်။ ခပ်သော့သော့ လေသရမ်းက မွေ့လျှင်မူ သွေးပိုကြွကာ ကိုယ်ကို ယိမ်းနွဲ့ ပြီး ကခုန်တော့သည်။ ဟိုဟိုဒီဒီ ပျံသန်းနေသည့် လိပ်ပြာများကိုလည်း အော်နှုတ်ဆက်၏။ ဘေးပတ်ပတ်လည်မှ သစ်ပင်များကိုလည်း ပေါက်ပေါက်ဖောက်သကဲ့သို့ မပြတ်တမ်း စကားလှမ်းပြောသည်။ သူသည် အရောင်တောက်တောက် အပွင့်ကား ကား အလွန်လှပသည့် ပန်းများကို ပွင့်စေမည့် အကြောင်း၊ သူ့ဘေးတွင် လိပ်ပြာများ ပတ်ပတ်လည်နေမည့်အကြောင်း ကြွားလုံးများထုတ်၏” ဟူ၍ ရေးသားထားသည်။ သစ်ပင်ငယ်၏ မိမိကိုယ်မိမိ အားရနေပုံနှင့် မြူးကြွနေပုံကို သရုပ်ဖော်ထားသည့် ဤအဖွဲ့ပါ “ဂုဏ်ယူသလို ကြည့်”၊ “သွေးပိုကြွ”၊ “ပေါက်ပေါက်ဖောက်သကဲ့သို့”၊ ကြွားလုံးထုတ်” ဟူသော အသုံးတို့သည် မိမိ လုပ်ဆောင်ရသည့် ကိစ္စရပ်တစ်ခု ဖြစ်မြောက်တိုးတက်လာသည်ကို မြင်တွေ့ရသည့်အခါ  လူသားတို့၏ ကျေနပ်အားတတ်ကာ ဂုဏ်ယူမဆုံးဖြစ်တတ်ပုံကို ခံစားသိမြင်လာစေပါသည်။

    သစ်ပင်ကြီးတစ်ပင်အဖြစ်သို့ ရောက်ရှိမည့် အရေးကို တွေးကာ ကြိုးစားရှင်သန်နေသည့် သစ်ပင်ငယ်ဆီသို့ သူ၏ဘဝကို အလုံးစုံပြောင်းလဲပစ်မည့် အရာတစ်ခု ရောက်ရှိလာပုံကို “သစ်ရွက်ဆွေးများကြား ဖြတ်လာသည့် တရှပ်ရှပ်ခြေသံနှင့် လူတစ်ယောက်သည် ပျော်ရွှင်မြူးတူးနေသော သစ်ပင်ငယ်၏ အနားသို့ ဖျတ်ခနဲ ရောက်လာခဲ့သည်။ ထို့နောက် ‘ဒီအပင်ပေါက်အရွယ်က အကောင်းဆုံးပဲ’ ဟု ရေရွတ်ကာ သစ်ပင်ငယ်၏ အောက်ခြေမှ မြေကြီးကို တူးဆွတော့၏” ဟူ၍ သရုပ်ဖော်ထားသည်။ ပျော်ရွှင်မှုနှင့် ပြည့်နေသည့် အချိန်တွင် သစ်ပင်ငယ်သည် ပတ်ဝန်းကျင်ရှိ အခြားအရာများကို သတိမေ့လျော့ခဲ့ဟန်တူသည်။ ထို့ကြောင့်ပင် သူသည် သူ၏အနားသို့ ရောက်လာသော လူ၏ခြေသံကို မကြားခဲ့ခြင်း ဖြစ်သည်။ ဤသရုပ်ဖော်အဖွဲ့တွင် ပါသော “တရှပ်ရှပ် ခြေသံ” နှင့် “ဖျတ်ခနဲ” ဟူသော အသုံးတို့သည် လူသားတို့၏ ဘဝသို့ ရုတ်ချည်း ရောက်ရှိလာတတ်သော လောကဓံတရားကို ထင်ဟပ်ပြထားခြင်း ဖြစ်၏။ ပျော်ရွှင်မှုလွှမ်းနေချိန်တွင် အကောင်းဆုံးသောအရာများနှင့် အတူရှိနေရသည့်အတွက် အန္တရာယ်ကို မေ့လျော့နေတတ်သော လူသားတို့၏ သဘာဝနှင့် အန္တရာယ် ဟူသည် ဘဝထဲသို့ အချိန်မရွေး ရောက်လာတတ်ပုံတို့ကို ဆက်စပ်သိမြင်လာအောင် သရုပ်ဖော်ရေးဖွဲ့ထားသည့် နိမိတ်ပုံဖန်တီးမှုပင်။

    သစ်ပင်ငယ်သည် ဘွန်ဇိုင်းပင်အဖြစ်သို့ ပုံသွင်းဖန်တီးခြင်းခံရပုံကို ရေးသားရာတွင် စာရေးဆရာသည် သစ်ပင်ငယ် ကြုံတွေ့ခံစားရသော ဖြစ်ရပ်များကို –

    “သစ်ပင်ငယ်သည် သတိလည်တစ်ချက်၊ မလည်တစ်ချက် ကပ်ဆိုးကြီးတစ်ခု ဖြတ်သန်းနေသည်နှင့် တူ၏။ အသိဝင်လာသည်နှင့် အပင်ငယ်သည် သူ့ဖြစ်အင်အတွက် မျက်ရည်တွေတွေ ကျ၏။ ဝမ်းနည်းပက်လက် ငို၏။ ပေါက်ပေါက်ကွဲကွဲ အော်ဟစ်၏။ ထို့နောက် သတိလစ်သွားပြန်သည်။ တစ်နေ့ပြီး တစ်နေ့ ကုန်ခဲ့ပြီးနောက် လုံလောက်သော ရေမရသည့် သစ်ရွက်များသည် တဖွဲဖွဲ ကြွေကျကုန်၏။ ခြေများလက်များသည်လည်း အဘိုးအိုတစ်ယောက်၏ လက်များသဖွယ် ကုပ်ကိုင်းခြောက်သွေ့ကုန်၏။ သစ်ပင်ငယ်၏ သဏ္ဌာန်သည် သေခြင်းကို စောင့်နေသည့် လူအိုကြီးနှင့်မခြား။ အသိစိတ်များကလည်း ဝေဝေဝါးဝါး” ဟူ၍ လည်းကောင်း၊

    သစ်ပင်ငယ်သည် သူ့အနားရှိ အခြားသောသစ်ပင်တို့၏ ဖြစ်အင်ကိုကြည့်၍ သူတို့၏ အားအင်တက်ကြွစေသည့် သီချင်းသံကို ကြားကာ အတွေးဖြစ်ရပုံကို –

    “သစ်ပင်အားလုံးသည် ဒဏ်ရာဒဏ်ချက်များ၏ အောက်တွင် အလူးလူး အလိမ့်လိမ့်။ အံ့ဩစရာကား သစ်ပင်တို့သည် သီချင်းအဆိုမပျက်ကြ။ ‘ဘဝက … နာကျင်ခြင်း။ ဒုက္ခက … ပင်လယ်ပဲ။ ကူး … ကူး … ကူးဖြတ် မယ်။ သောက … တောင်တန်းကို ကျော်ပစ်လိုက် … ။ မင်း မောပန်းတဲ့အခါ … မင်း တွေးပေါ့။ မင်း ပန်းပွင့်တွေနဲ့ လှမယ့် ကမ္ဘာ … ။ မင်းအနား ဝဲပျံနေမယ့် လိပ်ပြာများ … ။ တွေးကြည့်လိုက် … ။ မျှော်လင့်ချက်က မင်းရဲ့ အဖော် … ။’ သစ်ပင်ငယ်သည် စိတ်ထဲမှ တီးတိုးလိုက်ဆိုကြည့်၏။ ထိုသီချင်းကို အော်ဟစ်နေရင်းပင် သစ်ပင်တို့၏ သွေးစိမ်းရှင်ရှင် ဒဏ်ရာများသည် သစ်ပင်ငယ်၏ ရှေ့ တွင်ပင် အနာဖေး တက်လာကြပြန်၏။ ဘယ်လိုစိတ်ခွန်အားတွေများ သူတို့နှလုံးသားထဲ ဝင်ခိုနေပါလိမ့်” ဟူ၍ လည်းကောင်း၊

    သစ်ပင်ငယ်သည် နာကျင်သော်လည်း ရှင်သန်ရေးအတွက် ဆက်လက်ကြိုးစားပုံကို –

    “သစ်ပင်ငယ်သည် မျက်စိကို တင်းတင်းမှိတ်ပြီး ညှိုးခြောက်နွမ်းရော်နေသည့် သူ၏ လက်နှစ်ဖက်အား ဆတ်ခနဲ ခြွေချလိုက်သည်။ နာကျင်မှုသည် ကျောတစ်လျှောက် စိမ့်တက်လာသည်။ သစ်ပင်ငယ်သည် အံကြိတ်ပြီး ‘ငါ အသက်ရှင်ရမယ်’ ဟု မာန်တင်း၏။ ပါးပြင်ပေါ်တွင် မျက်ရည်များသည် တွေတွေစီးနေ၏” ဟူ၍ လည်းကောင်း၊

    “အသွားထက်ထက် ကတ်ကြေးသည် တရွှပ်ရွှပ် ညှပ်ချလိုက်သည်။ သစ်ပင်ငယ်၏ အသား၊ အရိုးနှင့် အရွက်များသည် တမဟုတ်ချင်း ပဲ့ကျသွား၏။ ကတ်ကြေးတစ်ချက် ပြတ်သွားတိုင်း သစ်ပင်ငယ်သည် အားခနဲ ညည်းညူ၏။ ကိုယ်ကို ဆတ်ခနဲ တွန့်လိမ်ပြီး ရုန်းကန်၏။ … မာန်တင်းထားသည့် ကြားကပင် နာကျင်မှုကြောင့် မျက်ရည်သည် စိုဆင်းလာသည်။ ‘အားတင်းလိုက်စမ်း’ သစ်ပင်ငယ် ရေရွတ်၏။ တစ်ရက်နှစ်ရက်ဆိုလျှင် သွေးတွေ တိတ်သွားမည်။ သုံး၊ လေးရက်ဆိုလျှင် အနာတွေ ကျက်လာမည်။ တစ်ပတ်ခန့်ကြာလျှင် ရွက်သစ်များ ပြန်ဝေလိမ့်လာမည်။ နှစ်ပတ်ကုန်သွားလျှင် ခြေအသစ်၊ လက်အသစ်များ ပြန်ထွက်လာလိမ့်မည်” ဟူ၍လည်းကောင်း၊

    နာကျင်မှုကို အံတုပုံနှင့် အရွဲ့တိုက်ရှင်သန်ပုံတို့ကို –

    “‘ရှုံးပြီလို့ မတွေးမချင်း အမေ့သား မရှုံးသေးဘူး’ သူ့အမေစကားကို အတွတ်တွတ်ရွတ်၏။ သစ်ပင်ငယ်သည် မျက်စိစုံမှိတ်ပြီး သီချင်းကို ဟစ်၏။ ပြီးလျှင် နာကျင်နေသည့် ကိုယ်ကို အတင်း (ယိမ်းထိုးပြီး) ကခုန်၏။ ‘နာစမ်း၊ နာလိုက်စမ်း၊ နာချင်သလောက် နာလိုက်စမ်း’ ဟု ဒေါသတကြီးအော်၏။ လက်ဖဝါးပြင်နှစ်ဖက် အဖြတ်ခံထားရသည့် သူ့လက်ငုတ်တိုနှင့် ဖြောင်းခနဲနေအောင် လက်ခုပ်တီး၏။ မျက်နှာကား ထီမထင်သလို မဲ့မဲ့ကြီးပြုံးလျက် ရှိသည်” ဟူ၍ လည်းကောင်း၊ “ကွေးကောက်ကောက်သံကြိုးများသည် သစ်ပင်ငယ်အား တုပ်နှောင်ထား၏။ ခြေထောက်နှင့် လက်များသည် လှုပ်ရှား၍ မရတော့။ ကိုယ်ခန္ဓာသည် စောင်းကန်းကန်းနှင့် တောင့်တောင့်ကြီး ဖြစ်နေသည်။ သို့သော် သစ်ပင်ငယ်၏ စိတ်ဓာတ်သည် ကျဆင်းခြင်း မရှိ။ သီချင်း ပိုဆိုလာ၏။ ဟာသများ ပိုပြောလာ၏။ ‘မင်းကို သူတို့က အငတ်ထားမယ်။ ရေဖြတ်မယ်။ အမြစ်တွေကိုလည်း ဖြတ်မယ်’ ဟု သူ့ဘဝတွင် ဖြတ်သန်းခဲ့ရသည့် ဆင်းရဲဒုက္ခများကို တစ်ခုပြီး တစ်ခု ဆို၏။ ပြီးလျှင် မင်းဒုက္ခကို ကျော်နိုင်ခဲ့လို့သာ၊ အသက်မသေခဲ့လို့သာ မင်းအကြောင်း ပြောနေကြတာ။ မင်းသာ သေသွားခဲ့ရင် ဘယ်သူမှ မမှတ်မိတော့ဘူး’ ဟု အသစ်ရောက်လာသည့် သစ်ပင်ငယ်များကို အော်ကြီးဟစ်ကျယ်ပြော၏” ဟူ၍ လည်းကောင်း သရုပ်ဖော်ထားသည်။

    ဤအဖွဲ့များသည် သစ်ပင်ငယ်၏ နာကျင်မှုဝေဒနာကို ဖော်ပြရုံမျှမက ပုံသွင်းခံရခြင်း ဖြစ်စဥ်ကြောင့် ခံစားလာရသော ဝမ်းနည်းမှု၊ အားလျော့မှု၊ အလိုမကျမှု၊ ဒေါသများအပြင် မည်မျှပင် နာကျင်ခက်ခဲနေရသော်လည်း ကောင်းမွန်သော မျှော်လင့်ချက်များကို တွေး၍ မိမိ၏ရှင်သန်မှုအတွက် အဆုံးထိ ကြိုးစားတောင့်ခံသွားမည့် အားမာန်ကိုပါ ပေါ်လွင်စေပါသည်။ သစ်ပင်ငယ်၏ ထိုခံစားချက်များသည် လောကဓံ၏ ထိုးနှက်ချက်များ သို့မဟုတ်  အင်အားကြီးသူတို့၏ ဖိနှိပ်ပုံသွင်းမှုကို ခံရသောအခါ ဖြစ်ပေါ်လာတတ်သော လူသားတို့၏ စိတ်နာကျင်မှုဝေဒနာများကို ဆက်စပ်ခံစားလာရစေသည့်အပြင် သစ်ပင်ငယ်၏ မလျှော့သောအားမာန်သည် အခက်အခဲများနှင့် ဝေဒနာများကြားက ဘဝအတွက် လူသားတို့၏ အားမလျှော့လိုသောစိတ်နှင့် အခက်အခဲများပြီးသည့်နောက် ရလာမည့် ကောင်းမွန်သောအရာများကို မျှော်လင့်ခြင်းဖြင့် ကြံ့ကြံ့ခံရင်ဆိုင်တတ်သော စိတ်ဓာတ်တို့ကို ဆက်စပ်သိမြင်လာစေပေသည်။

    သစ်ပင်ငယ်သည် ဘွန်ဇိုင်းပင်အဖြစ်သို့ ရောက်ရှိပြီးနောက် ပန်းများဖြင့် ဝေဆာနေချိန်တွင် လိပ်ပြာများက သစ်ပင်ငယ်ကို ချီးမွမ်းကြပုံနှင့် သစ်ပင်ငယ်၏ တုံ့ပြန်မှုကို “သိပ်လှသတဲ့။ သစ်ပင်ငယ်၏အနား တရစ်ဝဲဝဲ ပျံနေသည့် လိပ်ပြာငယ်တို့သည် အပြန်အလှန်အော်ဟစ်နေကြ၏။ သစ်ပင်ငယ်သည် ‘ဟက်’ ခနဲ ရယ်ရင်း ‘တကယ် လား’ ဟု မယုံသလိုနှင့် ပြန်မေး၏။ ပြီးလျှင် ‘ကျေးဇူးပါ၊ ကျေးဇူးတင်ပါတယ်’ ဟု တမင် ချိုအီထားသည့် အသံနှင့် ပြန်ပြော၏။ ‘ကျွန်တော့်ရဲ့ ပိုင်ရှင်က အချိန်ယူ ပြုပြင်ပေးခဲ့လို့ပါဗျာ’ ဟူသော ကျေးဇူးစကားကိုလည်း တတွတ်တွတ်ပြော၏။ ဂုဏ်ယူဝံ့ကြွားနေသည့် မျက်နှာသည့် နာကျင်ခဲ့ရသည့် အချိန်များကို သတိရဟန်မတူတော့” ဟူ၍ ရေးဖွဲ့ထားသည်။ ဤသရုပ်ဖော်အဖွဲ့သည် အတင်းအကြပ် ပုံသွင်းမှုကြောင့် နာကျင်ခံစားခဲ့ရသည့် ဝေဒနာများကို ချီးမွမ်းစကားများ ကြားရခြင်းကြောင့် မေ့လျော့သွားသည့် သစ်ပင်ငယ်၏ အပြုအမူမှ တစ်ဆင့် မိမိအပေါ်  မည်မျှပင်ဖိနှိပ်ထားပါသော်လည်း ထိုဖိနှိပ်သူ၏ ပုံသွင်းဖိနှိပ်မှုက ဖြစ်ပေါ် လာသည့် စကားကောင်းတစ်ခု သို့မဟုတ် အကျိုးတစ်ခုခု ရလာလျှင် ဖိနှိပ်မှုနှင့် ရက်စက်မှုများကို မေ့လျော့ကာ ဖိနှိပ်သူကိုပင် ကျေးဇူးရှိသူအဖြစ် မှတ်ထင်တတ်သော လူ့သဘောသဘာဝကို ဆက်စပ်ထင်ဟပ် သရုပ်ဖော်ထားသော နိမိတ်ပုံဖန်တီးမှုပင်တည်း။

     

    ဝတ်မှုန်ကူးမည့် အချိန်ရောက်လာသောအခါ သစ်ပင်ငယ်၏ ပန်းပွင့်များမှ ဝတ်ရည်သောက်သုံးရန် ရောက်လာသည့် လိပ်ပြာတစ်ကောင်နှင့် သစ်ပင်ငယ်တို့၏ အဖြစ်အပျက်ကို –

    “ထွီ … ပေါ့ရွှတ်ရွှတ်နဲ့ အလကားပဲ၊ အပြင်ပန်းကသာ လှတာ၊ အနှစ်သာရက နတ္ထိ”

    “လိပ်ပြာသည် သစ်ပင်အား ဆတ်ခနဲတွန်းဖယ်လိုက်၏။ လဲပြိုလုလု ယိမ်းယိုင်သွားသည့် သစ်ပင်ငယ်သည် ‘အမြင်သာ လှတာ၊ အပေါစားဟေ့၊ အထင်မကြီးနဲ့’ ဟု အော်ဟစ်နေသည့် လိပ်ပြာကို ကြည့်ရင်း စိတ်ထဲ အောင့်ခနဲ ခံစားချက်နှင့်အတူ ဒေါသသည် ထောင်းခနဲထွက်၏။

    ထို့နောက် ‘သစ်ပင်တစ်ပင် ဘယ်လိုဘဝကို ဖြတ်ပြီး ရှင်သန်ခဲ့ရတယ် ဆိုတာကို မစဥ်းစားဘဲ ဝတ်ရည်မချိုတာကိုပဲ မြင်တဲ့လိပ်ပြာယုတ်၊ ဘယ်တော့မှ ငါ့ဝတ်ရည် လာမသောက်နဲ့’ ဟု စူးစူးဝါးဝါး အော်ဟစ်ပြီး သူ၏ ဝတ်ရည်အိုးကို ပိတ်ချလိုက်သည်။ ပြီးလျှင် ‘ငါ့ဝတ်ရည်နဲ့ မတန်တဲ့အကောင်’ ဟု မျက်နှာကို မော့ချီထားလိုက်၏။

    တစ်ချိန်တည်းပင် သစ်ပင်ငယ်သည် လိပ်ပြာ၏ ခြေထောက်များနှင့် သူ၏ ပွင့်ချပ်များတွင် အပြန်အလှန် ကူးလူးကျန်ခဲ့သည် ဝတ်မှုန်များအတွက် စိတ်ထဲတွင် အူလှိုူက်သည်းလှိုက် ကျိတ်ရယ်လိုက်ရင်းပင် အခြား မအူမလည် လိပ်ပြာတစ်ကောင်ကို ဆွဲဆောင်ရန် သူ၏ စိမ်းဖန့်ဖန့်ဝတ်ရုံနှင့် ဆန့်တန်းထားသော လက်တံနှစ်ဖက်ပေါ်မှ ရွှေရောင်ပန်းပွင့်များကို လှသထက်လှအောင် ဖြန့်ခင်းလိုက်၏” ဟူ၍ သရုပ်ဖော်ရေးသားထားသည်။

    လိပ်ပြာသည် သစ်ပင်ငယ်၏ ရုန်းကန်ကြိုးစားကား နာကျင်မှုကို အံတု၍ ရှင်သန်ခဲ့ရသော နောက်ကြောင်းကို မသိ၊ သူအလိုရှိရာသည် ချိုမြိန်သောပန်းဝတ်ရည်များသာ ဖြစ်သည်။ ထို့ကြောင့် လိပ်ပြာသည် မိမိအလိုရှိသော ချိုမြိန်မှုကို မရလျှင် ပြစ်တင်ကဲ့ရဲ့သည်။ မိမိ၏ အကြောင်းစုံကို မသိသည့်အပြင် အားမနာတမ်းပြစ်တင်ကဲ့ရဲ့သည့် လိပ်ပြာကို စိတ်ဆိုးဒေါသထွက်သည့် သစ်ပင်ငယ်၏ အပြုအမူသည်လည်း သူကြုံတွေ့ခံစားခဲ့ရသော ဝေဒနာများမှ ဖြစ်ပေါ်လာခြင်းပင်။ လိပ်ပြာ၏ အပြုအမူသည် မိမိအလိုရှိရာကိုသာ ရှေးရှုတတ်သော၊ မိမိမျှော်လင့်ထားသည့်အရာ မဟုတ်ခဲ့လျှင် ထိုအရာကို ပြုလုပ်ပေးသူတို့၏ နောက်ခံအကြောင်း စိတ်မဝင်စား၊ ထည့်မတွေးပေးဘဲ ပြစ်တင်ဝေဖန်တတ်သော လူသားတို့၏ သဘောသဘာဝကို ဆက်စပ်သိမြင်လာစေ၏။ ထို့ပြင် သစ်ပင်ငယ်၏ အပြုအမူသည်  မိမိအကြောင်းကို အလုံးစုံမသိဘဲ အခြားသူများက ဝေဖန်ပြစ်တင်လာလျှင် ခံပြင်းဒေါသထွက်တတ်သော လူသားတို့၏ သဘာဝနှင့် မိမိ၏ အားသာချက်ကို အသုံးပြုကာ မိမိ အလိုရှိရာကို ပရိယာယ်ဖြင့် အထမြောက်အောင် လုပ်ဆောင်တတ်ကြသည့် လူသားတို့၏ သဘောသဘာဝကို ဆက်စပ်ခံစားသိမြင်လာစေပြန်သည်။

    “ဘွန်ဇိုင်း” ဝတ္ထုတွင် စာရေးဆရာသည် သစ်ပင်ငယ်နှင့် လိပ်ပြာကို လူသားဖြင့် နိမိတ်ပုံပြုထားခြင်းပင်။ ဘွန်ဇိုင်းပင်သည် အသက်မဲ့သော သစ်ပင်တစ်ပင် ဖြစ်သော်လည်း၊ လိပ်ပြာသည် လူသားတို့ကဲ့သို့ တွေးမြင်ပြုမူနိုင်ခြင်း မရှိသော်လည်း စာရေးဆရာသည် ထိုသစ်ပင်နှင့် လိပ်ပြာတို့ကို အတွေးနှင့် ခံစားချက်ရှိသော သက်ရှိများအသွင် တင်စားထားခြင်းဖြစ်သည်။ ဤနိမိတ်ပုံကို ဖန်တီးလိုက်ခြင်းဖြင့် သစ်ပင်ငယ်နှင့် လိပ်ပြာကို လူသားအဖြစ် ထင်မြင်လာစေပြီး လောကဓံအတက်အကျများ၊ အခြားသူတို့၏ ပြောစကားများ သို့မဟုတ် မိမိနေထိုင်ရသော ပတ်ဝန်းကျင်သည် မိမိ၏ ဘဝလမ်းကို ရွေးချယ်ရာတွင် လွှမ်းမိုးတတ်ပုံ၊ အခက်အခဲများကြားတွင် စိတ်အားငယ်ဝမ်းနည်းအားလျော့မှုများ ရှိသော်လည်း အားမာန်မလျှော့ဘဲ အားတင်းရင်ဆိုင်သော လူ့အားမာန်၊ ဖိနှိပ်မှုများကြောင့် ဖြစ်ပေါ်လာသော ခံရသူတို့၏ စိတ်ပိုင်းဆိုင်ရာနာကျင်မှုများနှင့် ဝေဒနာများ၊ ဝေဖန်ပြစ်တင်ခြင်းနှင့် ဆက်စပ်သော လူ့သဘာဝတို့ကိုပါ ဆက်စပ်သော ဘဝအသိအမြင်တို့ကို သိမြင်လာစေခြင်းပင်။ ဤသည်တို့သည် စာပေအနုပညာလက်ရာများတွင် နိမိတ်ပုံ ထည့်သွင်းဖန်တီးခြင်း၏ အကျိုးသက်ရောက်မှုများပင်တည်း။     ။ 

    ဆက်ရန် . . .

    ကျမ်းကိုးစာရင်း – ရေအေး။ (၂၀၂၀)။ ရေအေး ဝတ္ထုတိုများ (၂၀၀၃-၂၀၂၀) ။ ရန်ကုန်၊ ဇလပ်နီစာပေ။

    Written by – Het Phone Shein 
    Edited by – Khant Wutyee Htet 

    ©️ 𝟮𝟬𝟮𝟯-𝟮𝟬𝟮𝟰 | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿

    #Fact_Hub #Linguistics #Bonsai #Literature #Article

    Fact Hub Myanmar

    Proudly powered by FH Editor Team

    This content is licensed under CC BY-NC-ND 4.0

    Share. Facebook Email Telegram
    Previous Article“သရုပ်ဖော်ရေးသားခြင်းနှင့် နိမိတ်ပုံများကြားက ဆက်စပ်ချက်”
    Next Article “ဘွန်ဇိုင်းပင်တွေက ပြောပြတဲ့ လူသားတွေအကြောင်း”
    Htet Phone Shein

    Related Posts

    ရှင်သန်ကျန်ရစ်သူရဲ့ အပြစ်ရှိစိတ် (Survivor Guilt) ကို ဘယ်လို သက်သာစေမလဲ . . .

    April 4, 2025

    ငလျင်ကို ဘာကြောင့် ကြိုတင်ခန့်မှန်းလို့ မရတာလဲ . . . ?

    April 4, 2025

    မန္တလေးကျုံးက ပလတ်စတစ်နဲ့ ဖော့ဘူးခွံတွေ

    April 4, 2025

    မြစ်ရေခမ်းတာလား . . . မြေအရည်ပျော်တာလား . . . ?

    April 4, 2025

    ငှက်အုပ်ပျံတာက မုန်တိုင်းရဲ့ ရှေ့ပြေးလား

    April 4, 2025

    မိုးလေဝသပညာရှင် ဦးဝင်းနိုင် ပြောတဲ့ မုန်တိုင်းအလားအလာ

    April 4, 2025
    Add A Comment
    Leave A Reply Cancel Reply

    Categories
    • Astronomy & Space (1)
      • Astrobiology (1)
    • Uncategorized (248)
    Archives

    At Fact Hub, we are dedicated to sharing trustworthy and reliable information that empowers people through knowledge. As a fact-checking organization, our mission is to distinguish truth from misinformation, and to uphold accuracy, integrity, and responsibility in the information we share.

    Facebook YouTube Telegram
    Archives
    • April 2025 (7)
    • March 2025 (10)
    • January 2025 (2)
    • November 2024 (4)
    • October 2024 (14)
    • September 2024 (3)
    • July 2024 (1)
    • May 2024 (1)
    • March 2024 (4)
    • January 2024 (17)
    • December 2023 (14)
    • November 2023 (26)
    • October 2023 (18)
    • September 2023 (23)
    • August 2023 (20)
    • July 2023 (13)
    • June 2023 (11)
    • May 2023 (28)
    • April 2023 (32)

    ရှင်သန်ကျန်ရစ်သူရဲ့ အပြစ်ရှိစိတ် (Survivor Guilt) ကို ဘယ်လို သက်သာစေမလဲ . . .

    April 4, 2025

    ငလျင်ကို ဘာကြောင့် ကြိုတင်ခန့်မှန်းလို့ မရတာလဲ . . . ?

    April 4, 2025

    မန္တလေးကျုံးက ပလတ်စတစ်နဲ့ ဖော့ဘူးခွံတွေ

    April 4, 2025

    မြစ်ရေခမ်းတာလား . . . မြေအရည်ပျော်တာလား . . . ?

    April 4, 2025
    Copyright © 2026. Fact Hub Myanmar. All rights reserved.

    Type above and press Enter to search. Press Esc to cancel.