Close Menu
Fact Hub Myanmar
    Archives
    • April 2025
    • March 2025
    • January 2025
    • November 2024
    • October 2024
    • September 2024
    • July 2024
    • May 2024
    • March 2024
    • January 2024
    • December 2023
    • November 2023
    • October 2023
    • September 2023
    • August 2023
    • July 2023
    • June 2023
    • May 2023
    • April 2023

    ရှင်သန်ကျန်ရစ်သူရဲ့ အပြစ်ရှိစိတ် (Survivor Guilt) ကို ဘယ်လို သက်သာစေမလဲ . . .

    April 4, 2025

    ငလျင်ကို ဘာကြောင့် ကြိုတင်ခန့်မှန်းလို့ မရတာလဲ . . . ?

    April 4, 2025

    မန္တလေးကျုံးက ပလတ်စတစ်နဲ့ ဖော့ဘူးခွံတွေ

    April 4, 2025

    မြစ်ရေခမ်းတာလား . . . မြေအရည်ပျော်တာလား . . . ?

    April 4, 2025
    Facebook X (Twitter) Instagram
    Fact Hub Myanmar
    • In-depth Articles
    • News
    • Contri Column
    Fact Hub Myanmar
    Home»Uncategorized»“၂၀၂၃ ခုနှစ် သိပ္ပံနယ်ပယ်မှာ ဘာတွေ ထူးလဲ”
    Uncategorized

    “၂၀၂၃ ခုနှစ် သိပ္ပံနယ်ပယ်မှာ ဘာတွေ ထူးလဲ”

    Fact Hub Editor TeamBy Fact Hub Editor TeamJanuary 3, 2024Updated:March 3, 2024No Comments10 Mins Read
    “၂၀၂၃ ခုနှစ် သိပ္ပံနယ်ပယ်မှာ ဘာတွေ ထူးလဲ”
    Share
    Facebook Email Telegram


    ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကို သိပ္ပံနဲ့ နည်းပညာလောကမှာ သုတေသန အသစ်တွေ၊ ရှာဖွေတွေ့ရှိမှုတွေနဲ့ မှတ်ကျောက်တင်မှုတွေ  ပြည့်နှက်နေတဲ့ နှစ်လို့တောင် ပြောနိုင်ပါတယ်။ မြန်မာလူမျိုး ဒေါက်တာ စောဝေလှဦးဆောင်တဲ့ အဖွဲ့ အက်တမ်ကို X-ray ရိုက်နိုင်ခဲ့တာက အစ၊ ရာသီဥတုအကြီးအကျယ်ပြောင်းလဲတာတွေ အလယ်၊ အိန္ဒိယတွေ လပေါ် ဆင်းနိုင်တာ အဆုံး တစ်နှစ်လုံးစာ ခြုံပြီး ပြောရမဲ့ အကြောင်းအရာတွေ အတော်လေး များတာပါ။ ဒီနေ့တော့ စာဖတ်သူတို့အနေနဲ့ ၂၀၂၃ ခုနှစ်အတွင်း သိပ္ပံနယ်ပယ်ထဲမှာ ဘယ်လို တိုးတက်ပြောင်းလဲမှုတွေ ရှိခဲ့လဲ၊ ရှာဖွေတွေ့ရှိမှုတွေ၊ သုတေသနတွေနဲ့ တခြား စိတ်ဝင်စားဖွယ် အကြောင်းအရာတွေရော ဘယ်လို အနေအထားမှာ ရှိလဲဆိုတာကို Fact Hub နဲ့ အတူ လိုက်လေ့လာကြည့်နိုင်မှာပါ။

    ပုံလေးတွေရဲ့ အောက်မှာ စာထည့်ပေးထားလို့ တစ်ပုံချင်းစီ ထောက်ပြီး ဖတ်နိုင်ပါတယ်။

    #Fact_Hub #Year_End_Brief_of_Scientific_Improvements

    အဖွင့်ကိုတော့ နိုင်ငံတကာ သိပ္ပံမဂ္ဂဇင်းတွေရဲ့ စာရင်းထိပ်မှာပါ ဖော်ပြခံရတဲ့ မြန်မာလူမျိုး ဒေါက်တာ စောဝေလှတို့ အဖွဲ့ရဲ့ အံ့မခန်း သုတေသနနဲ့ စခွင့်ပြုပါ။


    အမေရိကန်နိုင်ငံ၊ အိုဟိုင်းရိုး တက္ကသိုလ်က မြန််မာလူမျိုး ရူပဗေဒပညာရှင် ပါမောက္ခ ဒေါက်တာစော၀ေလှ ဦးဆောင်တဲ့ သိပ္ပံပညာရှင်အဖွဲ့က အက်တမ်တစ်လုံးချင်းစီကို ကမ္ဘာ့ပထမဆုံးအဖြစ် x ray ရိုက်ကူးနိုင်ခဲ့ပါတယ်။ အရင်က အက်တမ်အလုံးတစ်သောင်းနဲ့ တစ်သောင်းအထက် ပမာဏရှိတဲ့ ဒြပ်တွေကိုပဲ x ray ရိုက်နိုင်သေးတာဖြစ်ပြီး အက်တမ်တစ်လုံးတည်းကို x ray  ရိုက်နိုင်ဖို့ဆိုတာ အတော်လေးခက်ခဲပါတယ်။ ဒီလို အတော်ခက်ခဲတဲ့ လုပ်ငန်းစဉ်ကို အိုဟိုင်းရိုးတက္ကသိုလ်၊ အီလီနွိုင်း-ချီကာဂိုတက္ကသိုလ်နဲ့ အာဂွန်းန်အမျိုးသားဓာတ်ခွဲခန်းက သိပ္ပံပညာရှင်တွေရယ်၊ မြန်မာလူမျိုးတွေဖြစ်ကြတဲ့ ဒေါက်တာစောဝေလှနဲ့ Post-doc ကျော်ဇင်လတ် (Ph.D) တို့ရယ် ပူးပေါင်းလုပ်ဆောင်ပြီး အောင်မြင်ခဲ့ကြတာပါ။


    “ကျွန်တော်တို့အနေနဲ့ အဲဒီလို လုပ်နိုင်ပြီဆိုရင် အက်တမ်တစ်လုံးကို ဖွဲစည်းတည်ဆောက်ထားတဲ့ material တွေကအစ အသေးစိတ်ခွဲထုတ်ပြီး အကန့်အသတ်မရှိ ဆက်ဆက်ပြီး လေ့လာနိုင်မယ်။ အဲဒီကနေ သိပ္ပံပညာက အက်တမ်တွေ၊ သဘာဝဒြပ်စင်တွေကို အများကြီး ပိုနားလည်လာနိုင်ပြီး ဆေးဘက်ဆိုင်ရာ သိပ္ပံနည်းပညာကိုပါ အတော်လေး တိုးတက်လာစေလိမ့်မယ်၊ အခုချိန်ထိ ကုသရခက်နေတဲ့ ရောဂါတွေအတွက် ဖြေရှင်းနည်းတွေလဲ တွေ့လာနိုင်ပြီး လူသားမျိုးနွယ်အတွက် ကြီးမားတဲ့ သက်ရောက်မှုတစ်ခု ဖြစ်လာနိုင်တယ်၊ ဒီတွေ့ရှိမှုက ကမ္ဘာကြီးကို ပြောင်းလဲစေနိုင်ပါလိမ့်မယ်”  

    လို့ ဒေါက်တာစောဝေလှက ပြောပါတယ်။


    ဒီသုတေသနစာတမ်းကိုတော့ nature သိပ္ပံဂျာနယ်မှာ တင်ထားပြီး ဒီသုတေသနကို ဘယ်လို ပြုလုပ်ခဲ့လဲ၊ ဘယ်လိုနည်းပညာတွေ သုံးပြီး x-ray ရိုက်ကူးခဲ့လဲနဲ့ ပတ်သတ်ပြီး အသေးစိတ် ရေးသားထားပါတယ်။


     

    အ‌ကြောင်းအရာ အသေးစိတ် – https://lnk.facthub-mm.org/sxoacB




    ဒီသတင်းကို Fact Hub မှာ မတင်ဖြစ်လိုက်ပေမဲ့ နိုင်ငံတကာက သိပ္ပံဝါသနာရှင်တွေ စုနေတဲ့ reddit community တွေ၊ ဖိုရမ်တွေပေါ်မှာ ပလူပျံနေအောင် တွေ့လိုက်ရပါတယ်။ 

    ကင်ဆာရောဂါက လူတွေမှာပဲ ဖြစ်လေ့ဖြစ်ထ ရှိတာ မဟုတ်ဘဲ တချို့တိရစ္ဆာန်တွေမှာဆိုရင် ကင်ဆာဖြစ်ပွားမှုနှုန်း အတော်လေး မြင့်ပါတယ်။ ဒေတာတွေအရဆိုရင် အရွယ်အစားပိုကြီးတဲ့ တိရစ္ဆာန်၊ တစ်နည်း ဆဲလ်ပမာဏများများ ပိုပါနေတဲ့ တိရစ္ဆာန်မျိုးစိတ်ဆိုရင် သူတို့ထက် အရွယ်အစားသေးတဲ့ ကောင်တွေထက် ကင်ဆာရောဂါ ပိုဖြစ်နိုင်ခြေ ရှိပါတယ်တဲ့။ ဒါပေမဲ့ ဆင်နဲ့ ဝေလငါးလို သက်ရှိတွေကျတော့ ချွင်းချက် ဖြစ်နေပါတယ်။ ဒီသက်ရှိတွေဆိုရင် လူထက် အဆအများကြီး ပိုကြီးကြတဲ့ အပြင် ဖွဲ့စည်းပါဝင်နေတဲ့ ဆဲလ်အရေအတွက်ကလဲ အဆ ၁၀၀ – ၁၀၀၀ လောက် ပိုပြီး များနေပါတယ်။ ဒါပေမဲ့ ကင်ဆာဖြစ်တဲ့နှုန်းကို ကြည့်လိုက်ရင်တော့ လူတွေထက် အများကြီးနည်းနေတာပါ။ Molecular နဲ့ Genectic Biology မှာတော့ အဲဒီ မှန်ကန်ချက်နဲ့ သွေဖည်နေတဲ့ မညီမျှချက် (ချွင်းချက်) ကို Peto’s paradox လို့ ခေါ်ပါတယ်။ ပညာရှင်တွေ ကာလရှည်ကြာ ခေါင်းခြောက်နေရတဲ့ ကိစ္စပေါ့။ ပြီးခဲ့တဲ့ နှစ်တွေက လုပ်တဲ့ သုတေသနအရ ဆင်တွေရဲ့ ဒီအန်အေတွင်းမှာ ပါဝင်တဲ့ ဗီဇတစ်ခုက ခန္ဓာကိုယ်မှာ ထွက်လာနိုင်ခြေရှိတဲ့ အကျိတ်တွေကို ချိုးနှိမ်ဖိနှိပ်ထားနိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။ သဘောက အကျိတ်တွေ လွယ်လင့်တကူ ထွက်မလာနိုင်ဘူး။ ဆက်စပ် စဉ်းစားလိုက်ရင် ကင်ဆာမဖြစ်နိုင်ဘူးပေါ့။ ဒီနှစ်တော့ သိပ္ပံပညာရှင်တွေကနေ အာတိတ်ဒေသမှာ နေတဲ့ Bowhead ဝေလငါးတွေထဲမှာ ကိုယ်တိုင် ဒီအန်အေပြင်ဆင်နိုင်စွမ်းရှိတာနဲ့ ချိတ်ဆက်နေနိုင်တဲ့ ပရိုတိန်းနှစ်မျိုးကို သွားတွေ့ပါတယ်။ ဒီပရိုတိန်းနှစ်မျိုးက သက်ရှိရဲ့ ဆဲလ်ထဲက ဒီအန်အေကို အလိုအလျောက် ပြင်ဆင်တာမှာ အဓိက ပါဝင်ပတ်သက်နေပုံပေါ်ပြီးတော့ ဝေလငါးတွေရဲ့ ကင်ဆာရောဂါအပေါ်ကို ခုခံတန်ပြန်နိုင်စွမ်း ရှိလာစေတယ်လို့ ဆိုတာပါ။ ပြီးခဲ့တဲ့ မေလက တင်ထားတဲ့ bioRxiv က စာတမ်းအရပေါ့။ 

    အာတိတ်ဝေလငါးမျိုးတွေက ကမ္ဘာပေါ်မှာ ကာလရှည်ကြာနေလာတဲ့ သက်ရှိတွေ ဖြစ်သလို ရှင်သန်တဲ့ သက်တမ်းကလဲ အတော်လေး ကြာပါတယ်။ ပျမ်းမျှ နှစ် ၂၀၀ လောက် ရှိတယ်လို့ စာတမ်းဖော်ပြချက်အရ သိရတာ‌ပေါ့။ ရလာတဲ့ ဒေတာတွေကို ပြန်စိစစ်ပြီး ကောက်ချက်ဆွဲကြည့်တာအရ ဝေလငါးတွေရဲ့ ကိုယ်တိုင် ဒီအန်အေပြင်နိုင်စွမ်းကြောင့်ပဲ သူတို့ရဲ့ အသက်ရှင်တဲ့ ကာလကလဲ ကြာမြင့်နေတာ ဖြစ်နိုင်တယ်လို့ ရလဒ်ထွက်လာတာပါ။ ဒီလေ့လာမှုထဲမှာဆိုရင် သုတေသနသမားတွေက လူ၊ နွား၊ ကြွက်နဲ့ အာတိတ်ဝေလငါးတွေရဲ့ ဆဲလ်တွေဆီက ဒီအန်အေမော်လီကျူး အစ တစ်စစီကို ဆွဲထုတ်ပြီး ကင်ဆာကို အဓိက ဖြစ်စေတဲ့ ဗီဇဆိုင်ရာချို့ယွင်းချက “double-strand break” ကို ယူပါတယ်။ ပြီးတော့ အဲဒီဗီဇကို လေ့လာမှုတွေ လုပ်တဲ့အခါမှာ အာတိတ်ဝေလငါးတွေရဲ့ ဆဲလ်တွေဟာ လူတွေအပါအဝင် အခြားမျိုးစိတ်အားလုံးရဲ့ ဆဲလ်တွေထက် ဆဲလ်တွင်းမှာ ပါဝင်တဲ့ ဒီအန်အေကို နှစ်ဆ ပိုပြင်ဆင်နိုင်စွမ်းရှိကြောင်း တွေ့ရတာပါ။ ဒါ့အပြင် လူတွေ၊ နွားတွေနဲ့ ကြွက်တွေရဲ့ ဆဲလ်တွေလိုမျိုး ဒီအန်အေ ပြင်တဲ့အခါ sequence တွေကို မှားပြီး ဖြတ်တောက်မိတာ၊ ထပ်ပေါင်းမိတာမျိုး မရှိဘဲ အမှားအယွင်းအနည်းဆုံးနဲ့ ပြင်ဆင်နိုင်တဲ့ အခြေအနေမှာ ရှိတာပါ။ ဒါကြောင့် ဗီဇဆိုင်ရာချို့ယွင်းချက်တွေကနေ ဖြစ်လာမဲ့ ကင်ဆာ ရောဂါ ပေါ်ပေါက်လာမှုနှုန်းကို အတော်လေး လျှော့ချနိုင်တဲ့ သဘောပေါ့။ 

    ဒီလေ့လာရေးမှာ တွေ့ခဲ့တဲ့ အဓိက ဇာတ်လိုက် ပရိုတိန်းနှစ်မျိုးက CIRBP နဲ့ RPA2 လို့ ခေါ်တာပါ။ အာတိတ်ဒေသဝေလငါးကြီးတွေမှာ အဓိက တွေ့ရတဲ့ ပရိုတိန်းတွေဖြစ်ပြီး မျိုးဗီဇပြင်ဆင်တာနဲ့ ပတ်သက်လို့ အဓိကနေရာက ပါဝင်နေတဲ့ ကောင်လေးတွေပေါ့။ ဒီသုတေသနရလဒ်က ဆေးသိပ္ပံလောကမှာလဲ အတော်လေးဂယက်ထခဲ့ပါတယ်။ အကယ်၍သာ ဝေလငါးတွေထဲ တွေ့ရတဲ့ ဒီပရိုတိန်းတွေကို လူသားတွေထဲ ထည့်သွင်း ထိန်းညှိပေးနိုင်မယ်ဆိုရင် ဒီအန်အေချို့ယွင်းချက်တွေကို ပြင်ဆင်နိုင်လာပြီး ကင်ဆာရောဂါဖြစ်ပွားမှုနှုန်းကို တဟုန်ထိုးလျှော့ချနိုင်တော့မဲ့ အနေအထားမှာ ရှိတာကိုး။



    ‘India is on the Moon’ 

    ၂၀၂၃ ခုနှစ် နိုင်ငံတကာသတင်းတွေရဲ့ ထိပ်ဆုံးမှာ နေရာယူထားတာ အိန္ဒိယတို့ လပေါ် ဆင်းနိုင်ခဲ့တဲ့ အကြောင်းပါ။ 

    အခုအချိန်မှာ အာကာသမစ်ရှင်တွေကို ဦးဆောင်လုပ်ကိုင်နေတဲ့၊ အာကာသစူးစမ်းလေ့လာရေး ပြိုင်ပွဲမှာ ရှေ့ဆုံးက ပြေးနေတဲ့ အင်အားကြီး နိုင်ငံတွေ အားလုံးကို ကျော်ပြီး အိန္ဒိယတို့ရဲ့ ချန်ဒရာယန် ၃ ယာဉ်ဟာ ဘယ်နိုင်ငံကမှ မဆင်းသက်နိုင်သေးတဲ့ လကမ္ဘာရဲ့ တောင်ဝင်ရိုးစွန်းပေါ်ကို ပြီးခဲ့တဲ့ နှစ်၊ ဩဂုတ်လမှာပဲ ခြေချနိုင်ခဲ့ပါတယ်။ 

    အမေရိကန်၊ ရုရှားနဲ့ တရုတ်တို့လို နိုင်ငံတွေကို ကျော်ပြီး လကမ္ဘာရဲ့ တောင်ဝင်ရိုးစွန်းပေါ်ကို ပထမဆုံးအကြိမ် ဆင်းသက်နိုင်ခဲ့တဲ့ အိန္ဒိယနိုင်ငံဟာ ၂၁ ရာစုကာလမှာ တရုတ်ပြီးရင် လပေါ်ကို ဆင်းသက်နိုင်တဲ့ ပထမဆုံးနိုင်ငံ၊ သမိုင်းတစ်လျှောက် ဘတ်ဂျပ်အနည်းဆုံး သုံးပြီး လပေါ်ကို ဆင်းသက်နိုင်တဲ့ နိုင်ငံ၊ လကမ္ဘာစူးစမ်းလေ့လာရေးရဲ့ ‘ခေါင်’ ဖြစ်တဲ့ ရုရှားနဲ့ ပြိုင်ပြီး ရုရှားယာဉ် ပျက်ကျခဲ့တဲ့ တောင်ဝင်ရိုးစွန်းပေါ် အောင်အောင်မြင်မြင် ဆင်းသက်နိုင်တဲ့ မစ်ရှင် . . . စသဖြင့် ဒီမစ်ရှင်ဟာ ၂၀၂၃ ခုနှစ်တင် မကဘဲ ဆယ်စုနှစ်ချီတဲ့ ကာလအတွင်းမှာပါ မှတ်ကျောက်တွေ အများကြီးတင်ခဲ့တဲ့ နယ်ချဲ့ခရီးအဖြစ် ပြောစမှတ်တွင်ခဲ့တဲ့အထိပါပဲ။




    AI ဆိုတာ ဘာလဲ . . . ။ Chat GPT လို စာတွေ ဖန်တီးပေး၊ Dall-E လို ပုံတွေကို ဖန်တီးပေး၊ ထွင်ပေးနိုင်တာတွေကို အလွယ်အားဖြင့် Generative AI လို့ ခေါ်ပါတယ်။ ဒါ့အပြင် Generative AI မှာ ShapeNet၊ 3D-GAN၊ 3D-VAE-GAN တွေလို tool တွေက 3D ပုံသဏ္ဌာန် ဖန်တီးတာမျိုးတွေ၊ WaveNet၊ Tacotron၊ DeepVoice တွေလို စနစ်တွေနဲ့ စာသားကနေ စကားပြော အသံပြောင်းပေးတဲ့ အရာတွေအထိ တော်တော်များများ ပါဝင်ပါတယ်။

    OpenAI က Chat GPT ကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်မှာ အသုံးပြုနိုင်အောင် ဖွင့်ပေးခဲ့ပြီးတဲ့နောက် နှစ်လလောက်အကြာ ဇန်နဝါရီလမှာပဲ အသုံးပြုသူ သန်း၁၀၀ ကျော် ရှိခဲ့ပြီး တိုးတက်မှုအမြင့်ဆုံး ဆော့ဖ်ဝဲလ်တစ်ခု ဖြစ်လာခဲ့ပါတယ်။ Feb လမှာ Trend တစ်ခုဖြစ်သွားတဲ့ ChatGPT နောက်မှာ Google က Bard၊ Microsoft က ChatGPT နဲ့ ပူးပေါင်းပြီး Bing Search Engine၊ Meta က LLaMA (Large Language Model Meta AI) ကို ချပြလာပါတယ်။ မတ်လမှာ Adobe က Firefly ၊ Canva က AI-powered virtual Design Assistant၊ Khan Academy က Khanmigo AI၊ Github က Copilot ကို ဖန်တီးခဲ့ပါတယ်။ AI ရဲ့ သက်‌ရောက်မှုကြောင့် အလုပ်အကိုင်နဲ့ ပတ်သက်ပြီး လူတွေရဲ့ စိုးရိမ်မှုတွေ တက်လာပါသေးတယ်။ Apple ကတော့ WaveOne ကို ဝယ်ယူခဲ့ပြီး Replit နဲ့ Google Cloud တို့ကလဲ GenAI နဲ့ စတင်လက်တွဲခဲ့တယ်။ ဧပြီလမှာတော့ Boston Dynamics စက်ရုပ်တွေနဲ့ ChatGPT တို့ ပူးပေါင်းပြီး ပိုပြီး အဆင့်မြင့်တဲ့ စက်ရုပ် Model တွေကို ဖန်တီးပြခဲ့တယ်။ AutoGPT လဲ ဥာဏ်ရည်တုမှာ နောက်ထပ် ကြီးမားတဲ့ အရာတစ်ခုအဖြစ် ပေါ်ထွက်လာခဲ့တယ်။ Google BrAIn နဲ့ Deepmined တို့က AI ရဲ့တိုးတက်မှုကိုအရှိန်မြှင့်ဖို့ လုပ်ဆောင်နေတဲ့အချိန်မှာပဲ Elon Musk က OpenAI နဲ့ Deeomind တို့ရဲ့ ပြိုင်ဘက်အဖြစ် TruthGPT ကို တီထွင်နေကြောင်း ကြေညာသွားခဲ့ပါတယ်။

    AI စနစ် တိုးတက်လာတာကြောင့်ပဲ မေလမှာ Sanctuary AI ရဲ့ Phoenix စက်ရုံက လူသားပုံစံစက်ရုပ် (Humanoid robot) ကို ထုတ်လုပ်နိုင်ခဲ့ပါတယ်။ OpenAI ရဲ့ ChatGPT က ပထမဆုံး မိုဘိုင်းအက်ပ်ကို စတင်လာခဲ့ပြီး Spotify နဲ့ Kite ကလဲ AI ကို အသုံးပြုလာခဲ့ကြတယ်။ GenAI နယ်ပယ်မှာ Midjourney 5.1 လို prompts တွေပေးတာနဲ့ ပုံထုတ်ပေးနိုင်တဲ့ bot တွေ ပေါ်ပေါက်လာတဲ့နောက်မှာ Art တွေ ထုတ်ဖို့ အသုံးပြုလာကြပြီး အနုပညာရှင်တွေကြားမှာ မူပိုင်ခွင့်ပြဿနာ ရှိလာပါတော့တယ်။ ဒါပေမဲ့ အခုဆိုရင် နယ်ပယ်ကုန်နီးပါးမှာ AI ရဲ့ အကူအညီကို ယူနေကြရပါပြီ။ Elon Musk က စက်ရုပ်တွေတင်မဟုတ်ဘဲ Neuralink လို့ခေါ်တဲ့ ဦးနှောက်ထဲကို chips ပြားလေးတွေကိုထည့်တဲ့လုပ်ငန်းကို စခဲ့ပါတယ်။ ဇွန်လမှာတော့ Apple ရဲ့ Vision Pro ထွက်လာတာက လွဲပြီး အခြားထူးခြားတာတွေ သိပ်မရှိခဲ့ပါဘူး။  စက်တင်ဘာလအတွင်းမှာတော့ Canva မှာ ChatGPT ကို Plug-in အနေနဲ့ အသုံးပြုလာနိုင်ခဲ့ပြီး Youtube ကလဲ AI editing အသုံးပြုနိုင်တဲ့ YouTube Create ကို launch လုပ်ပေးခဲ့ပါတယ်။ ပြီးရင် Elon Musk ရဲ့ AI start xAI က Grok ၊ Pika 1.0 က ဗီဒီယို ဖန်တီးတဲ့အပိုင်းအတွက် တစ်ခု ထွက်လာခဲ့ပြန်တယ်။ နောက်ဆုံး ဒီဇင်ဘာလမှာတော့ Google ရဲ့ Gemini AI စထွက်လာခဲ့ပြီး Gemini AI က ကိုယ်တိုင်ပဲ ဖုန်းဆက်၊ Appointment ယူပေးနိုင်နေတာပါ။

    ဒီတော့ AI နဲ့ ပတ်သက်ပြီး တော်တော်လေးကို အဆင့်မြင့်နေပြီလို့ ထင်ရပေမယ့် တကယ်တော့ အစမှတ်ပဲ ရှိပါသေးတယ်။ ဘာတွေ ဆက်ပြီး အသစ်အသစ်တွေ ရောက်လာလိမ့်အုံးမလဲ . . . ။




    ကြယ်တွေ သေဆုံးတဲ့အခါ ‘စူပါနိုဗာ’ လို့ ခေါ်တဲ့ ကြယ်ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားပါတယ်။ စူပါနိုဗာပေါက်ကွဲမှုတွေက ပြင်းထန်လွန်းပြီး ပေါက်ကွဲမှုက ထွက်လာတဲ့ အလင်းရောင်စဉ်လှိုင်းတွေက တောက်ပလွန်းတာကြောင့် အလင်းနှစ်ထောင်သောင်းချီ ဝေးတဲ့ နေရာကနေတောင် ထောက်လှမ်းတွေ့ရှိနိုင်တာပါ။ စူပါနိုဗာပေါက်ကွဲမှုတွေကို ထောက်လှမ်းတာက အချိန် အတော်ပေးရပါတယ်။ လူကိုယ်တိုင် ဒေတာပမာဏအတော်များများကို ကိုင်တွယ်စစ်ထုတ်ရပြီး စွမ်းဆောင်ရည်မြင့် ကွန်ပြူတာတွေ အကူအညီကိုလဲ ယူကြရသေးပါတယ်။


    ၂၀၂၃ ခုနှစ်မှာတော့ သိပ္ပံပညာရှင်တွေ ပူးပေါင်းဖန်တီး ထုတ်လုပ်ထားတဲ့ Bright Transient Survey Bot (BTSbot) ခေါ် ဉာဏ်ရည်တုနည်းပညာ ပါတဲ့ AI စနစ်တစ်ခုက စူနိုဗာပေါက်ကွဲမှုတစ်ခုကို လူသားပညာရှင် အကူအညီ မပါဘဲ ပထမဆုံးအကြိမ် ရှာဖွေတွေရှိခဲ့ပါတယ်။  ဒီ AI ကို ရင်းမြစ် ၁၆၀၀၀ ကျော်က ဓာတ်ပုံပေါင်း ၁.၄ သန်းခန့် သုံးပြီး ကြယ်ပေါက်ကွဲမှုတွေကို ရှာဖွေနိုင်ဖို့ အဓိကလေ့ကျင့်ပေးထားပြီး လုပ်ငန်းစဉ်တစ်ခုလုံးကို အလိုအလျောက် ဆောင်ရွက်နိုင်စွမ်း ရှိပါတယ်။


    မြောက်ဘက် ကောင်းကင်ယံကို အချိန်နှစ်ရက်ကြာတိုင်း တစ်ခါ စကင်န်ဖတ်ပေးတဲ့ ကယ်လီဖိုးနီးယား Zwicky Transient Facility (ZTF) က စက်ရုပ်ကင်မရာရဲ့ ဒေတာတွေကို သုံးပြီး SN2023tyk အမည်ရ စူပါနိုဗာပေါက်ကွဲမှုကို BTSbot က ရှာဖွေတွေ့ရှိခဲ့တာပါ။ ဒီဉာဏ်ရည်တုစနစ်က ပေါက်ကွဲမှုကို ခြေရာခံရုံတင် မပြီးသေးဘဲ အဲဒီ စူပါနိုဗာဟာ Type 1a ဖြစ်ကြောင်းကိုပါ တစ်ခါတည်း အမျိုးအစား သတ်မှတ်အတည်ပြုပေးထားပါတယ်။ BTSbot က သူ့မှာ ရှိတဲ့ ဒေတာတွေ အကုန်လုံးကို တစ်ပြိုင်နက်တည်း တိုက်ဆိုင်စစ်ထုတ်ယှဉ်ကြည့်ရင်း စူပါနိုဗာအမျိုးအစားကိုပါ အချိန်တိုအတွင်း အမှားအယွင်းကင်းကင်းနဲ့ ပထမဆုံးအကြိမ် ဆောင်ရွက်သွားနိုင်တာပါ။ ဒါ့အပြင် ပေါက်ကွဲမှုက ထွက်လာတဲ့ ရောင်စဉ်လှိုင်းတိုင်းတာမှု ရလဒ်ကိုပါ ထုတ်ပေးခဲ့ပါသေးတယ်။


    အကြောင်းအရာအသေးစိတ် – https://go.facthub-mm.org/eCTi4l




    Ocean Gate ရဲ့ တိုက်တန် ပင်လယ်ရေအောက်သွား ယာဉ်ငယ်လေး ‘Implode’ ဖြစ်ပြီး လိုက်ပါသူ ငါးဦးစလုံး သေဆုံးသွားတယ်ဆိုတဲ့ သတင်းကို စာဖတ်သူတို့ ကြားမိကြမှာပါ။ 


    ဇွန်လလောက်မှာ ကနေဒါ၊ နယူးဖောင်လန် ကမ်းခြေကနေ တောင်အတ္တလန္တိတ် သမုဒ္ဒရာ ကြမ်းပြင်မှာရှိတဲ့ တိုက်တန်းနစ်သင်္ဘောပျက်ကို သွားကြည့်တဲ့ ဒီတိုက်တန်ယာဉ်လေးက ပင်လယ်ရေအောက် ၃၅၀၀ မီတာလောက်မှာတင် ပင်မသင်္ဘောကြီးနဲ့ အဆက်အသွယ် လုံးဝ ပြတ်သွားခဲ့ပါတယ်။ နောက်ရက်ပိုင်းအကြာမှာ ဒီခရီးစဉ်ရဲ့ တာဝန်ရှိသူတွေကနေပြီး တိုက်တန်ယာဉ်လေးက ပင်လယ်ရေအောက် မီတာ ၃၅၀၀ အကျော်လောက်မှာ ရေဖိအားဒဏ်ကို မခံနိုင်လို့ ‘Implode’ ဖြစ်သွားတဲ့ အသံကို ရေအောက်ထောက်လှမ်းရေး ဆိုနာတွေကနေ ဖမ်းမိရပြီး ယာဉ်မှာ လိုက်ပါစီးနင်းသွားတဲ့ ငါးဦးစလုံး သေဆုံးပြီလို့ အတည်ပြုချက် ထုတ်ခဲ့ပါတယ်။ အဲဒီကိစ္စက မြန်မာနိုင်ငံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းမှာလဲ အတော်လေးကို ဂယက်ထခဲ့တဲ့ အကြောင်းအရာ တစ်ရပ်ပါ။ ယာဉ်သွားလာဖို့အတွက် ထိန်းချုပ်တဲ့ Controller က ဘာလို့ ဂိမ်းခလုတ်ဖြစ်နေရတာလဲ၊ ဒီခရီးစဉ်မလုပ်ခင်မှာ ယာဉ်နဲ့ ပတ်သက်လို့ လိုအပ်တဲ့ လုံခြုံရေးစစ်ဆေးမှုတွေကို မလုပ်ထားဘူးလား၊ ဒေါ်လာသိန်းချီပေးပြီး လိုက်သွားတဲ့ ခရီးသည်တွေနဲ့အတူ CEO ပါ ပါသွားတယ် . . . Ocean Gate က ဘယ်လို တာဝန်ယူမှာလဲ . . . စသဖြင့် မေးခွန်းတွေ၊ မှတ်ချက်တွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့ပါတယ်။ 


    နိုင်ငံတကာက ပညာရှင်တွေရဲ့ သုံးသပ်ချက်အရတော့ အဲဒီတိုက်တန်ယာဉ်လေးရဲ့ ဒီဇိုင်းတည်ဆောက်ပုံက ဒီလိုပြင်းထန်တဲ့ ရေဖိအားဒဏ်တွေကို သေချာပေါက် ကြိုတင်ချိန်ဆပြီး တည်ဆောက်ထားပုံပေါ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ပြင်ပ ရေဖိအားက အီဖယ်တာဝါတစ်ခုလုံးကို ခေါင်းပေါ်တင်ထားတာနဲ့ သွားညီမျှနေတာကြောင့် ဒီတိုက်တန်ယာဉ်လေးခမျာလဲ ဘယ်လိုနည်းနဲ့မှ ဖိအားဒဏ်ကို လွန်ဆန်တောင့်ခံနိုင်ခဲ့ခြင်းမရှိဘဲ အတွင်းဘက်ကို ကျုံ့ဝင်ပြိုပျက် (Implode) သွားရတာလို့ ပြောတာပါ။ ခန့်မှန်းချက်တွေအရတော့ တိုက်တန်ယာဉ်ငယ်လေးရဲ့ ကိုယ်ထည်ပိုင်းမှာ ကျုံ့ဝင်ပြိုပျက်မှု စဖြစ်ပါတယ်။ ဒီယာဉ်လေးရဲ့ ကိုယ်ထည်ပိုင်းက ပင်လယ်ရေနက်ပိုင်း စူးစမ်းလေ့လာရေးတွေမှာ သုံးတဲ့ ယာဉ်ငယ်တွေနဲ့ မတူဘဲ ကာဘွန်ဖိုက်ဘာကို အဓိကသုံး တည်ဆောက်ထားတာပါ။ ပုံမှန်အားဖြင့်က ပြင်ပဖိအားဒဏ် ခပ်ကြမ်းကြမ်းကို ခံနိုင်ဖို့ဆိုရင် ယာဉ်ကို တိုက်တေနီယမ်လို မာကျောတဲ့ သတ္ထုတွေနဲ့ တည်ဆောက်လေ့ရှိပြီး ခရီးသည်တွေ လိုက်ပါမဲ့ ကိုယ်ထည်ပိုင်းကိုလဲ ဖိအားဒဏ် ဖြန့်ကျက်သက်ရောက်နိုင်ဖို့အတွက် စက်လုံးသဏ္ဌာန်ဒီဇိုင်း တည်ဆောက်လေ့ရှိပါတယ်။ ဒါပေမဲ့ ဒီတိုက်တန်ယာဉ်ငယ်လေးမှာကျ လူများများ ဆံ့အောင်ဆိုပြီး ယာဉ်ရဲ့ ကိုယ်ထည်ကို ကာဘွန်ဖိုက်ဘာနဲ့ စလင်ဒါပုံစံ တည်ဆောက်ထားပြီး ခေါင်းပိုင်းနဲ့ အမြီးပိုင်းကိုတော့ တိုက်တေနီယမ်နဲ့ လုပ်ထားပါတယ်။ ပြီးမှ ကိုယ်ထည်ပိုင်းကို အဲဒီအပိတ်နှစ်ခုနဲ့ ပြန်ဆက်ထားတဲ့ သဘောမျိုးပါ။ ခန့်မှန်းချက်တွေအရတော့ ယာဉ်ရဲ့ ကိုယ်ထည်ပိုင်းကနေစလို့ ကွဲအက်မှုတွေ စဖြစ်ပုံပေါ်ပြီး ပြင်ပက ရေဖိအားပမာဏဟာ ယာဉ်ထဲက ဖိအားပမာဏထက် အတော်လေးကို ကြီးမားနေလို့ ယာဉ် implode ဖြစ်သွားတယ်လို့ သိရပါတယ်။ ဒီတိုက်တန်ရေငုပ်သင်္ဘောလေး အလုံးစုံ implode ဖြစ်သွားဖို့အတွက် ကြာချိန်က တစ်စက္ကန့်ရဲ့ အပုံတစ်ထောင်ပုံ တစ်ပုံလောက်ပဲ ရှိတာမို့ ယာဉ်ပေါ်လိုက်ပါလာတဲ့ ခရီးသည်တွေအနေနဲ့ ဘာဖြစ်လိုက်မှန်းတောင် သိမှာ မဟုတ်ဘူးလို့ ပညာရှင်တွေက ဆိုပါတယ်။


    ဘယ်လိုပဲပြောပြော ဒီယာဉ်လေးရဲ့ အဖြစ်အပျက်က အတော်လေး စိတ်မကောင်းစရာ ကောင်းသလို ရှေ့ဆက်ပြီး လုပ်ဖြစ်ကြမဲ့ စူးစမ်းလေ့လာရေးတွေမှာလဲ အတော်လေးကို သင်ခန်းစာယူစရာကောင်းပါရဲ့။




    ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ခရစ်စမတ်နေ့မှာ ကမ္ဘာဂြိုဟ်ပေါ်ကနေ လွှတ်တင်ခဲ့တဲ့ ဂျိမ်းဝဘ်တယ်လီစကုပ်ကို စာဖတ်သူတို့ သိကြပါလိမ့်မယ်။ လွှတ်တင်ပြီး အချိန်နှစ်နှစ်အကြာမှာတင် စကြာဝဠာကြီးရဲ့ ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ ပုံရိပ်တွေ ဖမ်းယူမှတ်တမ်းတင်ပြီး သိပ္ပံနယ်ပယ်မှာ အဖိုးမဖြတ်နိုင်လောက်အောင်ကို တန်ဖိုးရှိတဲ့ ဒေတာအချက်အလက်တွေ ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် စကြာဝဠာအပေါ် လူသားတွေရဲ့ နားလည်ထားမှုကိုလဲ အတော်ကြီး ပြောင်းလဲပေးနိုင်ခဲ့တာပါ။ 


    ၂၀၂၃ စက်တင်ဘာလမှာတင် ကမ္ဘာနဲ့ အလင်းနှစ် ၁၂၀ အကွာမှာရှိတဲ့ ကြယ်အဖွဲ့အစည်းတစ်ခုထဲက Exoplanet K2-18b ဂြိုဟ်မှာ သက်ရှိတွေ ရှင်သန်နေနိုင်တဲ့ အထောက်အထားကို JWST ကနေတစ်ဆင့် တွေ့ခဲ့ရပါတယ်။ ဒီသတင်းကို Fact Hub မှာလဲ အောက်က လင့်ခ်မှာ အသေးစိတ် ဖော်ပြဖူးပါတယ်။ 


    → https://go.facthub-mm.org/LKZDXh


    အဲဒီနောက် နိုဝင်ဘာဝန်းကျင်မှာ ဘစ်ဂ်ဘန်းပေါက်ကွဲမှု ပြီးပြီးချင်း သိပ်မကြာခင် နှစ်သန်း ၄၇၀ လောက်မှ ဖြစ်ပေါ်လာတဲ့ ဂလက်စီတစ်ခုထဲက ဧရာမတွင်းနက်ကြီးတစ်ခုကို ဂျိန်းဝဘ်တယ်လီစကုပ် X-ray က တစ်ဆင့် ရှာဖွေတွေ့ရှိခဲ့ပြန်ပါတယ်။ အဲဒီအသစ်တွေ့ရှိတဲ့ တွင်းနက်က သမိုင်းတစ်လျှောက် တွေ့ရှိခဲ့တဲ့ မှတ်တမ်းတွေအကုန်ကို ချိုးဖျက် ကျော်လွန်ပြီး X-ray နဲ့ ရှာတွေ့ဖူးသမျှထဲ သက်တမ်းအရင့်ဆုံးနဲ့ အဲဒီသက်တမ်းကာလအတွင်းမှာ တည်ရှိနေတဲ့ထဲ အကြီးဆုံး တွင်းနက်ကြီး ဖြစ်တယ်လို့ JWST ရဲ့ ဒေတာအရ သိရပါတယ်။ ဒီအကြောင်းကိုလဲ Fact Hub က ဒီဆောင်းပါးမှာ ဖော်ပြဖူးပါတယ်။ 


    → https://go.facthub-mm.org/hlbZzM


    နှစ်စပိုင်း ဖေဖော်ဝါရီ ပတ်ဝန်းကျင်မှာတော့ JWST ကနေ သမိုင်းတစ်လျှောက် ရှာဖွေတွေ့ရှိဖူးသမျှထဲမှာ အသေးတကာ့ အသေးဆုံး ဂြိုဟ်သိမ်တစ်လုံးကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ မားစ်နဲ့ ဂျူပီတာဂြိုဟ်ကြားက ဂြိုဟ်ပတ်ခါးကွင်း အပြင်ဘက်ခြမ်းမှာ ရှိနေတဲ့ အဲဒီဂြိုဟ်သိမ်ငယ်လေးက အလျား တစ်မိုင်တောင် မပြည့်လို့ တခြားတယ်လီစကုပ်တွေနဲ့ တွေ့နိုင်ဖို့ အတော်လေးခဲယဉ်းတာပါ။ ဒီဂြိုဟ်သိမ်က နေအဖွဲ့အစည်း မွေးဖွားပေါ်ပေါက်ချိန်မှာ ကျန်ခဲ့တဲ့ အကြွင်းအကျန် ကျောက်စိုင်ဒြပ်သားဖြစ်နိုင်ခြေရှိတယ်လို့လဲ မှတ်ချက်ပြုထားကြပါတယ်။


    ဖေဖော်ဝါရီ ပတ်ဝန်းကျင်မှာပဲ မစ်ကီဝေးဂလက်စီနဲ့ အရွယ်အစားတူတဲ့ ဂလက်စီတွေကို JWST က မှတ်တမ်းတင် ရိုက်ကူးနိုင်ခဲ့ပြန်ပါတယ်။ ဒီဂလက်စီတွေက မစ်ကီဝေးနဲ့ အရွယ်အစားချင်း တူပေမဲ့ စကြာဝဠာမွေးဖွားပြီးပြီးချင်း နှစ်သန်း ၅၀၀ ကနေ ၇၀၀ ကြားမှာ ပေါ်ပေါက်လာတာ ဖြစ်တယ်လို့ ခန့်မှန်းကြပါတယ်။ ခက်တာက ဒီဂလက်စီတွေဟာ စကြာဝဠာ စပေါ်ပေါက်ပြီး သိပ်မကြာခင်မှာ မွေးဖွားလာခဲ့ကြပေမဲ့ ဂလက်စီတွေရဲ့ အရွယ်အစားတွေက အတော်လေးကြီးနေသလို အဲဒီဂလက်စီတွေ အတွင်းမှာရှိတဲ့ ကြယ်တွေကလဲ အတော်လေး သက်တမ်းရင့်နေတာပါ။ လက်ရှိအချိန်ထိ ပညာရှင်တွေ နားလည်ထားတဲ့ စကြာဝဠာရဲ့ အစောပိုင်းကာလက ကြယ်တွေ၊ ဂလက်စီတွေ မွေးဖွားပုံတွေကိုလဲ ချိုးဖောက်လွန်ဆန်နေတယ်လို့ ပြောရပါမယ်။


    ဇွန်လလောက်မှာ ဂျိမ်းစ်ဝဘ်ကနေ ပထမဆုံးအကြိမ်အနေနဲ့ အာကာသထဲမှာ တည်ရှိနေတဲ့ ကာဘွန်ဒြပ်ပေါင်းကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ Methyl cation (CH3+) မော်လီကျူးကို ထောက်လှမ်းတွေ့ရှိခဲ့တာ ဖြစ်ပြီး ကမ္ဘာပေါ်က ဆီတွေနဲ့ ကျောက်မီးသွေးတွေမှာ တွေ့ရတတ်တဲ့ ကာဘွန်အခြေပြု မော်လီကျူးတစ်မျိုးကို စကြာဝဠာ ဖြစ်တည်ပြီးပြီးချင်း နှစ်ဘီလျံအနည်းငယ်ကာလလောက်မှာ ပေါ်ပေါက်နေတာကို တွေ့ရတာမျိုးပါ။ ဒီမော်လီကျူးလေးက ပိုပြီး အဆင့်မြင့် ရှုပ်ထွေးတဲ့ တခြား ကာဘွန်အခြေပြု မော်လီကျူးတွေ ပေါ်ပေါက်လာဖို့ လမ်းစတစ်ရပ်ဖြစ်တဲ့အတွက် ၂၀၂၃ ခုနှစ်၊ ဂျိမ်းဝဘ်တယ်လီစကုပ်က ရှာဖွေတွေ့ရှိသမျှထဲ အတော်လေးကို အရေးကြီးတယ်လို့ ဆိုရပါမယ်။ ဒီ Methyl cation ကို အလင်းနှစ် ၁၃၀၀ အကွာက အော်ရီယွန်နက်ဗျူလာတွင်းမှာရှိတဲ့ d203-506 အမည်ရ  ကြယ်အဖွဲ့အစည်းအလောင်းအလျာ (protoplanetary disk) ထဲမှာ ထောက်လှမ်းတွေ့ရှိခဲ့တာပါ။ သက်ရှိတွေအားလုံးရဲ့ အခြေခံက ကာဘွန်ဒြပ်ပေါင်းတွေလို့ ဆိုရပါမယ်။ ဒါကြောင့် သိပ္ပံပညာရှင်တွေ အနေနဲ့ ကမ္ဘာပေါ်မှာ သက်ရှိတွေ ဘယ်လိုဖြစ်တည်လာလဲဆိုတာကို သိရှိနားလည်နိုင်ဖို့နဲ့ ကမ္ဘာမဟုတ်တဲ့ စကြာဝဠာတွင်းက အခြားနေရာတွေမှာရော သက်ရှိတွေ ရှင်သန်ဖြစ်တည်နိုင်ဖို့ အလားအလာကို နားလည်နိုင်ဖို့အတွက် ဒီကာဘွန်ဒြပ်ပေါင်းတွေက အဓိကကျတဲ့ နေရာမှာ ပါဝင်နေပါတယ်။ ပညာရှင်တွေရဲ့ အဆိုအရတော့ ဒီမော်လီကျူးကို အခုလိုမျိုး အာကာသထဲမှာ တစ်ခါမှ တွေ့ရှိခဲ့ဖူးတာမျိုး မရှိပါဘူးတဲ့။




    ၂၀၂၃ ခုနှစ်က ကမ္ဘာဂြိုဟ်ပြင်ပ သက်ရှိတွေ၊ အမျိုးအမည်မသိ ပျံသန်းအရာဝတ္ထုတွေဆိုတဲ့ ခေါင်းစဉ်အပေါ် အခြေခံလို့ ထွက်လာတဲ့ သတင်းတွေ၊ အတောမသတ်နိုင်တဲ့ ဆွေးနွေးငြင်းခုန်သံတွေနဲ့ အတော်လေးကို ဂယက်ထခဲ့ရသေးတဲ့ နှစ်ပါ။ အထူးသဖြင့် အမေရိကန်ကွန်ဂရက် ညီလာခံမှာ ဂြိုဟ်သားတွေ အမှန်တကယ် တည်ရှိပါတယ်လို့ ကြေညာလိုက်တယ်ဆိုတဲ့ အကြောင်း သတင်းမှားတစ်ပုဒ် ဆိုရှယ်မီဒီယာပေါ် ပြန့်လာတာရယ်၊ လက်တင်အမေရိက နိုင်ငံတွေရဲ့ UFO ဆိုင်ရာ ကြားနာပွဲတစ်ခုမှာ ဂြိုဟ်သားလို့ မှတ်ယူရတဲ့ ရုပ်အလောင်းနှစ်ခု ထုတ်ပြခဲ့တဲ့ ကိစ္စတွေရယ်ပါ။ 


    အမေရိကန်ကွန်ဂရက်ရဲ့ UFO ကြားနာပွဲကလဲ နာမည်နဲ့ လိုက်အောင်ကို အတော်လေး ‘ဂယက်’ ထ ခဲ့ပြီး ကမ္ဘာဂြိုဟ်ပြင်ပ သက်ရှိတွေရဲ့ မှတ်တမ်းဒေတာတွေကို အမေရိကန် အစိုးရက လျှို့ဝှက်သိမ်းဆည်းထားတယ်ဆိုတဲ့ အကြောင်းတွေ၊ မျက်မြင်သက်သေတွေ ကိုယ်တိုင် ပက်ပင်းကြုံမြင်တွေ့ရတဲ့ မူမမှန် ပျံသန်းအရာဝတ္ထုတွေ၊ ယာဉ်ပျံတွေ ပျက်ကျတဲ့ နေရာတွေ . . . စတဲ့ အကြောင်းအရာပေါင်းစုံ၊ စတိုရီပေါင်းစုံကို မူးနောက်နေအောင် မြင်လိုက်ရတဲ့ နှစ်ပါ။ အတည်မပြုနိုင်တဲ့ ယောင်ဝါးဝါး ကိစ္စတွေ အများကြီး ပေါ်ထွက်ခဲ့ပြီး အတော်လေး ပွဲဆူတဲ့ နှစဆိုလဲ မမှားပါဘူး။ အပေါ်မှာ ဖော်ပြခဲ့တဲ့ အကြောင်းအရာ နှစ်ရပ်နဲ့ ပတ်သက်လို့ Fact Hub က အောက်ကလင့်ခ်တွေမှာ ရေးသားဖော်ပြဖူးပါတယ်။ 


    → https://www.facthub-mm.org/2023/09/mexican-congress-holds-hearing-ufos-featuring-purported-alien-bodies.html


    → https://www.facthub-mm.org/2023/07/fact-check-of-congress-confirms-on-aliens-life.html




    ၂၀၂၃ ကုန်ပြီးတဲ့နောက် နိုင်ငံတကာ ဇလဗေဒ သုတေသန အဖွဲ့အစည်းတွေက ထုတ်ပြန်လာတဲ့ တစ်နှစ်တာလုံးဆိုင်ရာ ရာသီဥတုအစီရင်ခံစာတွေ အကုန်လုံးမှာ တူညီတဲ့ ဖော်ပြချက်တစ်ခု ပါလာပါတယ်။ အဲဒါကတော့ “၂၀၂၃ ခုနှစ်ဟာ သမိုင်းတစ်လျှောက် အပူဆုံးနှစ်” ဆိုတာပါပဲ။ NASA ကလဲ သမိုင်းတစ်လျှောက် အပူဆုံးနှစ်ဆိုပြီး ထုတ်ပြန်ထားပါသေးတယ်။ ၂၀၂၃ ခုနှစ်ဟာ သိပ္ပံဆိုင်ရာ အံ့ဖွယ်တွေ့ရှိချက်တွေနဲ့ ပြည့်နှက်နေတဲ့ နှစ်တစ်ခုဆိုပေမဲ့ ကမ္ဘာကြီးရဲ့ ကျန်းမာရေးကတော့ အတော်လေး မဟန်တဲ့ အခြေအနေမှာ ရှိနေခဲ့ပါတယ်။


    အိုဇုန်းလွှာအပေါက်တွေ ကျယ်လာတာက အစ၊ အန္တာတိကတိုက်မှာ ရေခဲတွေ အရည်ပျော်မြန်လာတာ၊ သမပိုင်းဒေသတွေမှာပဲ ပေါက်တဲ့ ပန်းတွေ ရေခဲတိုက်ပေါ်မှာ လာပေါက်တာတွေ အလယ်၊ တောမီးတွေ အကြီးအကျယ်လောင်လို့ နယူးယော့ခ် တစ်မြို့လုံး ပြာဖုံးတာ အဆုံး စတဲ့ ရာသီဥတုနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သတင်းတွေ အမြောက်အမြားပါပဲ။ အန္တာတိကတိုက်ရဲ့ အပေါ် တည့်တည့်က စထရက်တို စဖီးယားအလွှာ မှာ ozone depletion (အိုဇုန်းပျက်စီးမှု) တွေ အရှိန်အဟုန်နဲ့ လွန်လွန်ကဲကဲ ဖြစ်ပေါ်နေတာကြောင့် အဲဒီဒေသတွေမှာ အန္တာတိက အိုဇုန်းအပေါက်တွေ ရှိနေပြီး ဂြိုဟ်တုဓာတ်ပုံတွေအရဆိုရင် အရွယ်အစားကလဲ အတော်လေး ကြီးနေတယ်လို့ ပညာရှင်တွေက ဆိုပါတယ်။ အန္တာတိက အိုဇုန်းအပေါက်တွေက စက်တင်ဘာလ အလယ်လောက်က စပြီး အောက်တိုဘာလ အလယ်ကြား အချိန်တွေအတွင်းမှာ အရွယ်အစား အပြောင်းအလဲရှိတတ်တာ ပုံမှန်ဖြစ်ပေမဲ့ ဒီနှစ်ထဲမှာတော့ သြဂုတ်လ အလယ်လောက်က စပြီး အရင်ထက် သိသိသာသာ ပိုကြီးထွားလာတဲ့အပြင် ခန့်မှန်းခြေ ၁၀ မီလီယမ်စတုရန်းမိုင် (၂၆ မီလီယမ် စတုရန်းကီလိုမီတာ ဝန်းကျင်) အကျယ်အဝန်း‌လောက်ထိကို ရှိပါတယ်တဲ့။ ဒါဟာ ၂၀၁၅ ကနေ ၂၀၂၃ ခုနှစ်အတွင်းမှာ အကြီးဆုံးဖြစ်ပြီး မြောက်အမေရိကတိုက် တစ်တိုက်လုံး (ဒါမှမဟုတ်) ဘရာဇီးနိုင်ငံရဲ့ သုံးဆလောက်ထက် ပိုကြီးမားတဲ့ အရွယ်အစားပါ။ တစ်ဆက်တည်မှာပဲ အန္တာတိကတိုက်မှာ ပန်းတွေကလဲ လျင်လျင်မြန်မြန် ပေါက်ရောက်လာပါတယ်။ ဒီပန်းပွင့်တွေ အများအပြား ‌ဖူးပွင့်လာဟာ ရေခဲပြင်တွေ အရည်ပျော်ခြင်းနဲ့ ဆက်စပ်နေတာဖြစ်လို့ ကောင်းမွန်တဲ့ လက္ခဏာ တစ်ရပ်တော့ မဟုတ်ပါဘူး။ သုတေသနစစ်တမ်းရလဒ်တွေအရဆိုရင် ဒီအပင်မျိုးစိတ်နှစ်ခုရဲ့ ၂၀၀၉ – ၂၀၁၉ ခုနှစ်အတွင်းက ကြီးထွားပေါက်ပွားမှုနှုန်းနဲ့ ပျံ့နှံ့မှုနှုန်းဟာ ပြီးခဲ့တဲ့ နှစ် ၅၀ က နှုန်းထက်ကို ပိုမြင့်တက်လာကြတာပါ။ ဒါ့အပြင် အမေရိကနဲ့ ဥရောပမြောက်ပိုင်း တစ်ချို့ဒေသတွေမှာ ၁၁၀ ဒီဂရီ ဖာရင်ဟိုက်၀န်းကျင်အထိ  အပူချိန်မြင့်တက်ခဲ့ပြီး အပူကြိုက်တဲ့ ကန္တာရပင်တွေတောင် မရှင်နိုင်တဲ့ အပူချိန်ပါ။ သမုဒ္ဒရာတွေလဲ ပြီးခဲ့တဲ့ ၄၅ နှစ်အတွင်း မရှိခဲ့ဖူးတဲ့ အပူချိန်ကို ရောက်ရှိစံချိန်သစ်တင်ခဲ့ပါတယ်။ ‌‌ဖလော်ရီဒါကမ်းခြေမှာဆို သန္တာကျောက်တန်းတွေ အဖြူရောင်ပြောင်းတဲ့အထိပါပဲ။


    ၂၀၂၃ အိုဇုန်းလွှာပေါက် အခြေအနေ

    → https://go.facthub-mm.org/pzGp9u

    အန္တာတိကတိုက် ရေခဲပြင်တွေ အရည်ပျော်လာခြင်း အကြောင်းအရာအသေးစိတ်

    → https://go.facthub-mm.org/6c2TpQ


    အန္တာတိကတိုက်က ပန်းပွင့်များ

    → https://go.facthub-mm.org/mz240P


    ၂၀၂၃ ရဲ့ ဧပြီလကတော့ မြန်မာနိုင်ငံအပါအ၀င် အရှေ့တောင်အာရှနိုင်ငံတွေနဲ့ တရုတ်နိုင်ငံမှာ နေ့အပူချိန် အမြင့်မားဆုံးကာလ ဖြစ်ခဲ့ပါတယ်။ အလယ်ပိုင်းဒေသတွေဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းတို့မှာ နေ့အပူချိန်တွေဟာ ၄၀ ဒီဂရီစင်တီဂရိတ်ကနေ ၄၅ ဒီဂရီစင်တီ အထိ ရှိခဲ့ပါတယ်။ စာရင်းတိတိကျကျ မသိရပေမဲ့ အပူဒဏ်ကြောင့် သေဆုံးသူ အရေအတွက်ဟာလဲ ‌ထောင်ဂဏန်းလောက်ရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။ ဒါ့အပြင် မေလဟာ လေထုထဲမှာ CO2 ပါ၀င်မှု အများဆုံး လဆိုလဲ မမှားပါဘူး။ ဇွန်နဲ့ ဇူလိုင်လတွေမှာတော့ အမေရိကန်ရဲ့ မြို့အတော်များများမှာ အရင်က ရှိခဲ့ဖူးတဲ့ အပူချိန်စံချိန်တွေကို အကြိမ် ၁ ထောင်ကျော်တောင် ချိုးဖျက်ရင်း အပူဆုံးစံချိန်တွေ တင်ခဲ့တာပါ။ NOAA ရဲ့ ဖော်ပြချက်အရဆိုရင် ဇန်နဝါရီလကနေ နိုဝင်ဘာလအထိ ပျမ်းမျှ မှတ်တမ်းတင်ရရှိထားတဲ့ အပူချိန်တွေက ၁၉၀၁-၂၀၀၀ ခုနှစ်တွေအတွင်းတုန်းက ရှိခဲ့တဲ့ ၅၇.၂ ဖာရင်ဟိုက်ထက် ၂.၀၇ ပိုများနေပါတယ်။ World Meteorological Organization ကတော့ ၂၀၂၃-၂၀၂၇ ငါးနှစ်တာက သမိုင်းတစ်လျှောက်အပူဆုံး ဖြစ်မယ်လို့ ဖော်ပြထားပါတယ်။ တကယ်လဲ ၂၀၂၃ က နှစ်ပေါင်း ၁၂၅၀၀၀၀ အတွင်း အပူဆုံးနှစ်ဖြစ်ခဲ့သလို ၂၀၂၄ ခုနှစ်ကလဲ အယ်နီညိုဖြစ်စဉ် ပိုပြင်းထန်လာမှာ ဖြစ်လို့ ၂၀၂၃ ကထက် ပိုပူနိုင်တာကြောင့် အပူဒဏ်ကို ဘယ်လို၊ ဘယ်ပုံ ရင်ဆိုင်မလဲ ဆိုတာကို စဉ်းစားပြီး ပြင်ဆင်ထားသင့်ပါတယ်။ ကမ္ဘာ့အဖွဲ့အစည်းတွေကလဲ မလိုလားအပ်တဲ့ ကပ်ဆိုးတွေ ဖြစ်မလာဖို့ ဖန်လုံအိမ်ဓာတ်ငွေ့ (အထူးသဖြင့် CO2) ထုတ်လွှတ်မှုကို ထိန်းညှိဖို့အတွက် သတိပေးဖော်ပြထားကြပါတယ်။


    သိပ္ပံနဲ့ နည်းပညာ ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ ကမ္ဘာကြီးရဲ့ ကျန်းမာရေးအခြေအနေကို ပိုမိုသိနိုင်လာကြပါတယ်။ သိနေရုံနဲ့ မပြီးသေးဘဲ ‌ ပိုကောင်းတဲ့ ပတ်၀န်းကျင်တစ်ခုဖြစ်လာဖို့ ကိုယ်ကိုယ်တိုင်ကအစ ကြိုးစားဖြေရှင်းပြီး ကမ္ဘာကြီးကို ဆထက်တိုး ဂရုစိုက်ကြဖို့ တိုက်တွန်းချင်ပါတယ်။




    ဒီသတင်းကို National Geographic ရဲ့ science update တစ်ခုမှာ ဖော်ပြထားတာပါ။ ဖြစ်စဥ်ကို Parthenogenesis လို့ ခေါ်ကြတဲ့အပြင် virgin birth လို့လဲ လူသိများပြီး ဖခင်ရဲ့ သုက်ပိုးကို မလိုအပ်ဘဲ မိခင်တစ်ယောက်တည်းရဲ့ မျိုးဥကနေ မျိုးပွားနိုင်တာမျိုးပါ။ သာမန်မျိုးပွားရင်တော့ မိခင်ရဲ့ မျိုးဥနဲ့ ဖခင်ရဲ့ သုက်ပိုးကနေ မျိုးအောင်‌ပေမဲ့ Virgin Birth မှာကတော့ ဖခင်ရဲ့ သုက်ပိုးမလိုဘဲ မိခင်ရဲ့မျိုးဥတစ်ခုတည်းကနေ ကွဲထွက်ပြီး သန္ဓေသားဖြစ်လာနိုင်ပါတယ်။ အဲဒီလိုမျိုး လိင်မဲ့မျိုးပွားတာကို မျိုးဆက်မွေးဖွားပေးဖို့ အထီးမရှိတဲ့ မဖြစ်မနေအခြေအနေမှပဲ လုပ်လေ့ရှိကြတာပါ။ Virign birth က မိကျောင်းလို ရေနေတွားသွား အကောင်ကြီး သတ္တဝါတွေဆီမှာ အင်မတန်ကို အဖြစ်နည်းတဲ့ ကိစ္စတစ်ခု ဖြစ်ပါတယ်။ မျိုးသုဉ်းခါနီးအခြေအနေမို့ အဲဒီလိုမွေးရတယ်ဆိုရင် လက်ခံနိုင်ပေမဲ့ အမေရိကန်မျိုးရင်း မိကျောင်းတွေက တစ်နေ့တခြား အရေအတွက် တိုးပွားနေတာပါလို့ ဆင့်ကဲသမိုင်းဆိုင်ရာ ဇီဝဗေဒလေ့လာသူတစ်ဦးဖြစ်တဲ့ ဝါရန်းဘုသ် (Warren Booth) က ပြောထားပါတယ်။


    ကမ္ဘာလုံးဆိုင်ရာ သဘာဝထိန်းသိမ်းရေးအဖွဲ့ (International Union for Conservation of Nature) ကတော့ အမေရိကန်မျိုးရင်း မိကျောင်းတွေကို မျိုးသုဉ်းဖို့ အန္တရာယ်နဲ့ နီးနေတဲ့ သက်ရှိမျိုးစိတ်လို့ မှတ်တမ်းတင်ထားပါတယ်။ အရင်တုန်းကလဲ မျိုးသုဉ်းအန္တရာယ် ရင်ဆိုင်နေရတဲ့ ငါးမန်းမျိုးစိတ်တချို့ ကိုယ်တိုင်မျိုးပွားတဲ့ နည်းကို သုံးခဲ့ဖူးပေမဲ့ ဒီမိကျောင်းတွေကတော့ အရေအတွက်အားဖြင့် စိုးရိမ်စရာမရှိသေးတာမို့ အဲဒီနည်းကို သုံးရတဲ့ အကြောင်းအရာရင်းမြစ်က ဘာလဲဆိုတာ အတိအကျသိနိုင်ဖို့ ခက်နေပါသေးတယ်။ 


    အကြောင်းအရာအသေးစိတ် – https://zwethukhamin.facthub-mm.org/2023/07/blog-post_18.html 





    Fact Hub Myanmar

    Proudly powered by FH Editor Team

    This content is licensed under CC BY-NC-ND 4.0

    Share. Facebook Email Telegram
    Previous Article“ဘွန်ဇိုင်းပင်တွေက ပြောပြတဲ့ လူသားတွေအကြောင်း”
    Next Article ဥတ္တရအလင်းတန်းတွေကို သွားကြည့်ရအောင်
    Fact Hub Editor Team

    Related Posts

    ရှင်သန်ကျန်ရစ်သူရဲ့ အပြစ်ရှိစိတ် (Survivor Guilt) ကို ဘယ်လို သက်သာစေမလဲ . . .

    April 4, 2025

    ငလျင်ကို ဘာကြောင့် ကြိုတင်ခန့်မှန်းလို့ မရတာလဲ . . . ?

    April 4, 2025

    မန္တလေးကျုံးက ပလတ်စတစ်နဲ့ ဖော့ဘူးခွံတွေ

    April 4, 2025

    မြစ်ရေခမ်းတာလား . . . မြေအရည်ပျော်တာလား . . . ?

    April 4, 2025

    ငှက်အုပ်ပျံတာက မုန်တိုင်းရဲ့ ရှေ့ပြေးလား

    April 4, 2025

    မိုးလေဝသပညာရှင် ဦးဝင်းနိုင် ပြောတဲ့ မုန်တိုင်းအလားအလာ

    April 4, 2025
    Add A Comment
    Leave A Reply Cancel Reply

    Categories
    • Astronomy & Space (1)
      • Astrobiology (1)
    • Uncategorized (248)
    Archives

    At Fact Hub, we are dedicated to sharing trustworthy and reliable information that empowers people through knowledge. As a fact-checking organization, our mission is to distinguish truth from misinformation, and to uphold accuracy, integrity, and responsibility in the information we share.

    Facebook YouTube Telegram
    Archives
    • April 2025 (7)
    • March 2025 (10)
    • January 2025 (2)
    • November 2024 (4)
    • October 2024 (14)
    • September 2024 (3)
    • July 2024 (1)
    • May 2024 (1)
    • March 2024 (4)
    • January 2024 (17)
    • December 2023 (14)
    • November 2023 (26)
    • October 2023 (18)
    • September 2023 (23)
    • August 2023 (20)
    • July 2023 (13)
    • June 2023 (11)
    • May 2023 (28)
    • April 2023 (32)

    ရှင်သန်ကျန်ရစ်သူရဲ့ အပြစ်ရှိစိတ် (Survivor Guilt) ကို ဘယ်လို သက်သာစေမလဲ . . .

    April 4, 2025

    ငလျင်ကို ဘာကြောင့် ကြိုတင်ခန့်မှန်းလို့ မရတာလဲ . . . ?

    April 4, 2025

    မန္တလေးကျုံးက ပလတ်စတစ်နဲ့ ဖော့ဘူးခွံတွေ

    April 4, 2025

    မြစ်ရေခမ်းတာလား . . . မြေအရည်ပျော်တာလား . . . ?

    April 4, 2025
    Copyright © 2026. Fact Hub Myanmar. All rights reserved.

    Type above and press Enter to search. Press Esc to cancel.