
(၂၀၁၈) ခုနှစ်၊ နိုဝင်ဘာလထုတ် ရွှေအမြုတေမဂ္ဂဇင်းတွင် ရေးသားခဲ့သော “ပင်လယ်” ဝတ္ထုတိုတွင် ကိုယ်တိုင်ပြောရှုထောင့် သို့မဟုတ် ပထမလူရှုထောင့်က ဝင်စားပြီး သရုပ်ဖော်နည်းဖြင့် နိမိတ်ပုံဖန်တီးခြင်းကို တွေ့ရသည်။ ထိုဝတ္ထုတွင် လူတစ်ယောက်သည် အိပ်မောကျနေရာမှ နိုးလာသောအခါ ပင်လယ်ပြင်၌ အခြားမည်သူတစ်ဦးတစ်ယောက်မှ မပါဘဲ လှေငယ်တစ်စင်း၊ လှော်တက်တစ်ချောင်း၊ ရေချိုတစ်ဘူး၊ စားစရာ ဆန်မုန့်အနည်းငယ်တို့နှင့် ဦးတည်ရာမဲ့ လှော်ခတ်နေရပုံ၊ ပင်လယ်ပြင်မုန်တိုင်း၏ ဒဏ်ကို ခံရပုံ၊ လှေများနှင့် ပြည့်နေသော လှေပင်လယ်သို့ ရုတ်တရက် ရောက်ရှိသွားပြီး လူအမျိုးမျိုးနှင့် နှင်းပန်းပွင့်ကို တွေ့ဆုံရပုံ၊ နှင်းပန်းပွင့်ကို စွဲလမ်းရပုံ၊ အချိန်တစ်ခု ကုန်လွန်ပြီးနောက် တစ်ရက်တွင် အိပ်ရာနိုးလာသောအခါ နှင်းပန်းပွင့်တို့ မရှိတော့ဘဲ ပင်လယ်ပြင်တွင် သူ တစ်ယောက်တည်း ရှိနေပုံ၊ ငါးမန်းရှစ်ကောင်နှင့် ရင်ဆိုင်ရပုံ၊ ငါးမန်းတို့၏လက်မှ လွတ်မြောက်လာသောအခါ ကျွန်းတစ်ခု၌ ဆိုက်ကပ်မိပုံ၊ ထိုကျွန်း၌ ပင်ပန်းကြီးစွာ အိပ်ပျော်ပြီး နိုးလာသောအခါ သူသည် ကျွန်းတွင် ရှိမနေဘဲ ပင်လယ်ပြင်တွင် လှေငယ်တစ်စင်း၊ လှော်တက်တစ်ချောင်းနှင့်သာ ရောက်ရှိနေပုံ၊ ပင်လယ်ပြင်သို့ အကြိမ်ကြိမ် ပြန်ရောက်နေသော်လည်း ကြိုးစားလှော်ခတ်နေရပုံ၊ ရုတ်တရက် နှင်းပန်းပွင့်သည် လှိုင်းလုံးများအကြား ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသောအခါ သူပါ လိုက်၍ ေ-သလိုစိတ် ဖြစ်မိပုံ၊ နောက်တစ်ရက်တွင် ပင်လယ်ပြင်၌သာ သူ ပြန်ရောက်နေပုံတို့ကို ရေးသားထားသည်။ ဤဝတ္ထုတိုပါ လူ့လောက လူ့သဘာဝအကြောင်း တစ်ချက် လေ့လာဆန်းစစ်ကြည့်ပါမည်။
လူတစ်ယောက်သည် အိပ်နေရာမှ နိုးလာသောအခါ ပင်လယ်ပြင်တွင် လှေငယ်တစ်စင်းပေါ်၌ အဖော် မပါဘဲ တစ်ယောက်တည်း ရောက်ရှိနေသည်။ လှေပေါ်တွင် သစ်သားလှော်တက်တစ်ချောင်း၊ ရေချိုတစ်ဘူးနှင့် ဆန်မုန့်အနည်းသာ ရှိသည်ကိုသာ သူ တွေ့ရသည်။ အစတွင် လန့်ကြောက်မှုများ ဖြစ်ကာ လှေပေါ်တွင် အတွေးများနေခဲ့သည်။ ပင်လယ်လှိုင်းတို့သည် လှေကို လာဆောင့်သောအခါတွင် သူသည် လှေကို လှော်ခတ်ကာ တစ်နေရာရာသို့ ရောက်အောင် လှော်ခတ်ရမည် ဟု အသိဝင် လာခဲ့သည်။ ထိုအသိကြောင့် သူသည် ဘယ်ဆီဘယ်ဝယ်သို့ ဦးတည်လှော်ခတ်ရမည်ကို မသိသော်လည်း အားပျက်လျော့မနေဘဲ ကြိုးစားလှော်ခတ်ခဲ့ပုံကို ―
“ငါ၏ လွတ်မြောက်ရာ ကမ်းသည် အဘယ်မှာနည်း။ ထိုစဥ် မရပ်မနား ပျံသန်းနေသော တိမ်ဖြူလိပ်များ၏ ကြားတွင် နေရောင်တလက်လက်ကို ငါ သတိထားမိ၏။ ထိုနေရာသည် အရှေ့လော၊ သို့တည်းမဟုတ် အနောက်လော။ ငါ မသိပြီ။ သို့သော် ငါသည် ငေးမောနေရင်းပင် မကြာမတင် လွတ်မြောက်တော့မည်ဟု စိတ်တွင် ထင်၏။ ငါသည် မကြာမီ လွတ်မြောက်တော့မည်။ ကြိုးစားလျှင် ဘုရားပင် ဖြစ်နိုင်သည် မဟုတ်ပါလား။ ကြိုးစားလျှင် ငါသည် အဘယ်ကြောင့် မလွတ်မြောက်ဘဲ နေမည်နည်း”
ဟူ၍လည်းကောင်း၊ လှော်ခတ်မှုနှင့်အတူ ပင်ပန်းမှုများ ဖြစ်ရပုံကို ―
“ငါသည် အဘယ်ထိ ဆက်၍ လှော်ခတ်နေရဦးမည်နည်း။ ငါ ရပ်တန့်လိုက်ရမည်လား။ အကယ်၍ လက်လျှော့ရပ်တန့်ခဲ့လျှင် ငါသည် ဘာဖြစ်လေမည်နည်း။ လှော်ခတ်ဖြတ်သန်းခဲ့သော ခရီးကို နောက်ပြန်လှည့်၍ ငါ ကြည့်မိ၏။ လွတ်မြောက်ရမည်ဟူသည့် ငါ၏ စိတ်သည် မလျော့သေး။ သို့သော် ငါ၏ ခန္ဓာကိုယ်ကား ပင်ပန်းလေပြီ”
ဟူ၍လည်းကောင်း၊ နေရာတစ်ခုသို့ ရောက်သွားလိုက်၊ ပင်လယ်ပြင်သို့ ရောက်လာလိုက်ဖြင့် အကြိမ်ကြိမ် ခက်ခဲပင်ပန်းရသော်လည်း ရှင်သန်မှုအတွက်၊ လွတ်မြောက်မှုအတွက် အားမလျှော့ပုံကို ―
“ငါ ပင်လယ်ထဲသို့ ရောက်ခဲ့ချိန်သည် အဘယ်မျှ ကြာပြီ မသိတော့။ ငါသည် ကမ်းကို အကြိမ်ကြိမ် ကပ်မိ၏။ ထိုသို့ ကမ်းကပ်တိုင်းပင် ငါသည် တစ်ခါသေဖူး၊ ပျဥ်ဖိုးနားလည်ကာ မအိပ် ဟု ဆုံးဖြတ်၏။ သို့သော် တစ်ညနှင့် တစ်မွန်းတည့်လျှင် ငါ၏ မျက်လုံးများသည် ကြံ့ကြံ့မခံနိုင်ဘဲ မှေးမှိတ်လာကြသည်။ အိပ်စက်ခြင်းမှ နိုးလျှင်ကား ငါသည် ရေပြင်အလယ်တွင် အထီးတည်း မချင့်မရဲ ရှိပြန်၏။ ငါသည် ကမ်းနှင့် ပင်လယ်သံသရာတွင် ပင်ပန်းလေပြီ။ သို့သော် အားကား မလျော့။ လှော်မြဲ၊ ခတ်မြဲ၊ ပင်လယ်အခြေတွင် ငါ၏ အရိုးမကျစေ ဟု စိတ်အားပြင်းထန်မြဲတည်း” ဟူ၍လည်းကောင်း၊ ငါးမန်းရှစ်ကောင်၏ အန္တရာယ်နှင့် ကြုံရသောအခါ ကြောက်စိတ်ဝင်မိသော်လည်း ထိုကြောက်စိတ်ရှိလျက်နှင့်ပင် အသက်ဘေးမှ လွတ်မြောက်ရန်အတွက် အားထုတ်ရုန်းကန်ရပုံကို ―
“ငါးမန်းရှစ်ကောင်သည် ငါ၏ လှေအနီးတွင် ဝေ့ဝဲ၍ နေ၏။ ရေပြင်အထက်တွင် အရှိန်နှင့် ပြေးနေသည့် ချွန်ထက်ထက် ဆူးတောင်များသည် ငါ၏ လှေနှင့် နီးလိုက်ဝေးလိုက် ရှိသည်။ တစ်ခါတွင် ငါးမန်းများသည် ရေပြင်အထက် အစွယ်အဖွေးသားနှင့် ခေါင်းကို ဖော်လျက် ငါ၏ လှေအား ထိုးမှောက်တော့မည်ကဲ့သို့ တိုးဝင်လာ၏။ ငါသည် ကြောက်စိတ်တို့ ဖုံးလျက် ဘာလုပ်ရမည် မသိ။ လှေနံရံအား လှေတက်ဖြင့် တဒေါင်ဒေါင် ခေါက်၍ အသံကုန်ဟစ်ရသည်။ ငါ လွတ်နိုင်ပါမည်လား။ ငါ၏ အရိုးစုသည် ပင်လယ်ကြမ်းပြင်ထက်တွင် ငြိမ်သက်ပျက်ယွင်းရတော့မည် ထင်၏။ ငါသည် ငါးမန်းများကို တုန်လှုပ်သော တဟေးဟေး အသံနှင့် နှင်ထုတ်သည်။ ငါ မသေလိုသေး။ ငါးမန်းများ၏ စက်ကွင်းမှ လွတ်ရန် လှေကို ငါ တွင်တွင်လှော်၏” ဟူ၍လည်းကောင်း ကိုယ်တိုင်ပြောရှုထောင့်က ဝင်စားပြီး သရုပ်ဖော်ထားသည်။
ဤအဖွဲ့များသည် ဦးတည်ရာမဲ့နေသည့်ကြားမှ တစ်ချိန်ချိန်တွင် ပင်လယ်ပြင်မှ လွတ်မြောက်နိုင်လိမ့်မည် ဟူသော မျှော်လင့်ချက်ဖြင့် ကြိုးစားနေသည့် ဇာတ်ဆောင်၏ အားမာန်၊ ပင်ပန်းမှုနှင့် ကြောက်ရွံ့မှုတို့က ခန္ဓာကိုယ်ကို မည်မျှပင် နှိပ်စက်နေပါသော်လည်း မျှော်လင့်ချက်ဖြင့် အားဆက်ကာ စိတ်အား မယုတ်လျော့ပုံတို့ကို ဖော်ပြနေသည်။ ထိုရုပ်ပုံများမှတစ်ဆင့် လူသားတို့သည် ဘဝလမ်းခရီးကို လျှောက်လှမ်းရာတွင် ဦးတည်ချက်မဲ့နေသော အချိန်ကာလများကို ရင်ဆိုင်ကြုံတွေ့ကြရသည်များ ရှိသကဲသို့ မိမိ၏ ဦးတည်ချက်ကို တိတိပပ မသိဘဲ ရောက်ရာပေါက်ရာ ကြိုးစားကြရတတ်ပုံ၊ ဆိုးရွားသော အန္တရာယ်တို့က ပေးလာသော အကြောက်တရားနှင့် ပင်ပန်းမှုများက မည်မျှပင် နှိပ်စက်ပါသော်လည်း အခက်အခဲများကြားမှ လွတ်မြောက်နိုင်အောင် သို့မဟုတ် ဦးတည်ရာတစ်ခုခုသို့ ရောက်ရှိအောင် မလျော့သော ဇွဲဖြင့် ကြိုးစားတတ်ကြရပုံများကိုပါ ဆက်စပ်သိမြင်လာစေသော နိမိတ်ပုံဖန်တီးမှုများ ဖြစ်သည်။
ဇာတ်ဆောင်သည် ပင်လယ်ပြင်တွင် မုန်တိုင်းနှင့် ရင်ဆိုင်ကြုံတွေ့ရပုံကို “ပင်လယ်လှိုင်းများသည် တစ်လုံးပြီးတစ်လုံး ပြေးလာလျက် ငါ၏ လှေငယ်အား ဖုံးလွှမ်းတော့မည်ကဲ့သို့ ဝုန်းခနဲ မြင့်တက်၍ လာသည်။ ခဏကြာလျှင် လှေငယ်သည် လှိုင်းတောင်ကုန်းထိပ်တွင် ထီးထီးကြီး ရောက်၍ နေ၏။ ပြီးလျှင်ကား လှိုင်းထိပ် အမြင့်ဆုံးမှသည် အနက်ရှိုင်းဆုံး လှိုင်းချောက်နက်ကြီးထဲသို့ တစ်ရှိန်ထိုး လျှောဆင်းလျက် ရှိပြန်သည်” ဟူ၍လည်းကောင်း၊ “ငါသည် လေထဲတွင် ပေါလောမျောလျက် လှိုင်းထန်နေသည့် ပင်လယ်တစ်ခုလုံးကို အထက်မှ ဆီး၍ မြင်နေရ၏။ ငါ၏ လှေငယ်သည် ရုန့်ရင်းကြမ်းတမ်းသော လှိုင်းတစ်ခုနှင့် ဗြန်းခနဲ တိုးပြီး အစိတ်စိတ် အမွှာမွှာ ကွဲထွက်သွားခဲ့ပြီ။ လွတ်လမ်းကား မမြင်ရ။ နောက်ဆုံးတွင် အထက်အမြင့်ဆီမှ တအိအိ ပြုတ်ကျလာသည့် ငါ့အား ပင်လယ်သည် အေးစက်စက် ဆီးကြိုပွေ့၏။ အို မွန်းလှပါပြီကွယ်။ မနက်ဖြန်သည် မရောက်နိုင်ပြီလော” ဟူ၍လည်းကောင်း သရုပ်ဖော်ထားသည်။ ဤအဖွဲ့တွင် ပင်လယ်ပြင်မုန်တိုင်း၏ ရိုက်ခတ်မှု ပြင်းထန်ပုံနှင့် ဇာတ်ဆောင်၏ အလူးအလဲ ခံစားရပုံတို့ကို တွေ့မြင်ရသည်။ စာရေးဆရာသည် ဇာတ်ဆောင်နေရာက ဝင်စားပြီး မုန်တိုင်းကြောင့် ဖြစ်ပေါ်လာသော လှိုင်းလုံးများကို လောကဓံတရား၏ ရိုက်ခတ်မှုများအဖြစ် ထင်ဟပ်ပြခဲ့၏။ လူသားတို့သည် ရုန်းကန်ကြိုးစားရသော ဘဝတွင် လောကဓံတရား၏ အကျဘက်သို့ ရောက်ရှိလာသောအခါ မိမိ၏ ပိုင်ဆိုင်မှုများကို အချိန်အကန့်အသတ်မရှိ၊ အတိုင်းအဆမရှိ ထိုးနှက်ဖျက်ဆီးခြင်း ခံရတတ်ပုံနှင့် ထိုထိုးနှက်မှု၏ ဒဏ်ကို အလူးအလဲ ခံစားကြရပုံတို့ကိုပါ ထိုရုပ်ပုံများမှတစ်ဆင့် ဆက်စပ်ခံစားသိမြင်လာစေပေသည်။
ဇာတ်ဆောင်သည် လှေများစွာ စုဝေးနေသော လှေပင်လယ်သို့ ရောက်ရှိသွားသောအခါ အသွင်အမျိုးမျိုးရှိသော လူများနှင့် တွေ့ရပုံကို “လူတို့သည် တစ်ဦးနှင့်တစ်ဦး မတူညီကြ။ အပေါင်းလက္ခဏာသဏ္ဌာန်ရှိသော လူ၊ အစားလက္ခဏာသဏ္ဌာန်ရှိသော လူ၊ စတုရန်းပုံရှိသော လူ စသော သင်္ချာလူများကို တွေ့ရ၏။ နွားမျက်နှာနှင့် လူ၊ မြွေမျက်နှာနှင့် လူ၊ ယုန်မျက်နှာနှင့် လူ စသော တိရစ္ဆာန်လူများကိုလည်း တွေ့ရသည်။ ငါးပြားစေ့မျက်နှာနှင့် လူ၊ ဆယ်ပြားစေ့ မျက်နှာနှင့် လူ၊ ငါးမူးစေ့မျက်နှာနှင့် လူ စသော ပိုက်ဆံလူများကိုလည်း တွေ့ရသည်” ဟူ၍ ရေးသားထားသည်။ ဤအဖွဲ့တွင် စာရေးဆရာသည် ဇာတ်ဆောင်နေရာက ကိုယ်တိုင်ဝင်စားပြီး မြင်တွေ့ရသော လူများ၏ ပုံဏ္ဌာန်ကို သင်္ချာလက္ခဏာ၊ တိရစ္ဆာန်သဏ္ဌာန်၊ ငွေကြေးများ၏ ပုံစံဖြင့် သရုပ်ဖော်ထားသည်။ ထိုအသွင်အမျိုးမျိုး၏ ရုပ်ပုံများသည် လူသားတို့၏ အမူအကျင့်စရိုက်တို့အပေါ် စာရေးဆရာက စိတ်လှုပ်ရှားမှုဖြင့် သိမြင်သည့် စိတ်မြင်စိတ်သိ ပုံသဏ္ဌာန်များ ဖြစ်သည်။ လောကတွင် ကြုံတွေ့ဆုံတွေ့ရမည့် လူတို့သည် ကောင်းမွန်သော လက္ခဏာရှိသူ၊ မိမိ၏ လုပ်အားကို စားသုံးကာ အမြတ်ထုတ်မည့် သူ၊ အဘက်ဘက်ကို ညီညွတ်မျှတအောင် ပြုမည့်သူ၊ မိမိ၏ လုပ်အားကို အခြားသူများ အသုံးချခံရမည့်သူ၊ လှည့်ဖျားဖြားယောင်းကောက်ကွေ့တတ်သူ၊ နုနယ်သိမ်မွေ့သော သူ သို့မဟုတ် နုနယ်ယောင်ဆောင်ထားသူ စသည်ဖြင့် အမျိုးမျိုး ဖြစ်နိုင်ပြီး လူတို့ နေထိုင်ရာ အရပ်သည် ငွေကြေးပိုင်ဆိုင်မှုအလိုက် အလွှာအမျိုးမျိုး ကွဲပြားကွာခြားရသော အသိုက်အဝန်းဖြစ်နေပုံတို့ကိုပါ ဆက်စပ်သိမြင်လာစေသော နိမိတ်ပုံဖန်တီးမှုများပင်။
ဇာတ်ဆောင် တွေ့မြင်ရသော လှေပင်လယ်ရှိ လူတို့၏ အပြုအမူကို “လူအုပ်သည် ပင်လယ်လှိုင်းထန်လျှင် ကံအမိုက်မှောင် ကျရလေပြီကော ဟု တစ်ယောက်နှင့်တစ်ယောက် ဖက်၍ ငိုရှိုက်၏။ အဖဘုရားသခင် ကယ်တော်မူပါ ဟု တိုင်တည်၏။ လှိုင်းငြိမ်လျှင်ကား အားလုံးကို မေ့လျော့၍ ဆိုမြဲ၊ ကမြဲပင်တည်း” ဟူ၍ သရုပ်ဖော်ထားသည်။ အခက်အခဲများသော ကာလတွင် လူသားတို့သည် ခိုကိုးရာ ရှာ၍ အသက် ဆက်နိုင်ရေးကို ရုန်းကန်ကြိုးစားကြရသော်လည်း ထိုကာလကို လွန်မြောက်ကာ ပုံမှန်ဘဝအခြေအနေသို့ ပြန်လည်ရောက်ရှိသွားချိန်တွင် မိမိတို့ ကြုံတွေ့ခဲ့ရသော ပင်ပန်းမှု၊ ဆင်းရဲမှုနှင့် အန္တရာယ်တို့ကို အမှတ်မရကြတော့ဘဲ မေ့မေ့လျော့လျော့ နေတတ်ကြသော လူ့သဘောသဘာဝသည် စာရေးဆရာ၏ စိတ်တွင် စိတ်လှုပ်ရှားမှု ဖြစ်စေခဲ့ဟန်တူသည်။ ထို့ကြောင့် ပင်လယ်လှိုင်းထန်ချိန်၊ လှိုင်းငြိမ်ချိန်နှင့် လှေပင်လယ်ရှိ လူတို့၏ အပြုအမူတို့ကို စာရေးဆရာက စိတ်လှုပ်ရှားမှုဖြင့် သိမြင်ခဲ့သော နိမိတ်ပုံများအဖြစ် ဖန်တီးထားခြင်း ဖြစ်လေသည်။
“ပင်လယ်” ဝတ္ထုတွင် စာရေးဆရာသည် ပင်လယ်ပြင်တွင် လှေငယ်ဖြင့် တစ်ကိုယ်တည်း ရောက်ရှိနေသော လူသားကို လက်တွေ့လောကရှိ လူသားအဖြစ်လည်းကောင်း၊ လှေပင်လယ်ရှိ လူများကို လက်တွေ့လောကရှိ လူ့အသိုက်အဝန်းအဖြစ်လည်းကောင်း၊ ပင်လယ်လှိုင်းနှင့် မုန်တိုင်းတို့ကို လောကဓံတရားနှင့် ဘဝအခက်အခဲများအဖြစ်လည်းကောင်း နိမိတ်ပုံပြုထားသည်။ ဤနိမိတ်ပုံများကို ဖန်တီးခြင်းဖြင့် လူ့သက်တမ်းတစ်လျှောက်တွင် လူအမျိုးမျိုးနှင့် တွေ့ကြုံရပြီး အန္တရာယ်အမျိုး မျိုး၊ အခက်အခဲအမျိုးမျိုးနှင့် ကြုံတွေ့ရချိန်နှင့် ဘဝဦးတည်ချက် ရေရာမှုမရှိချိန်တို့တွင် စိတ်၏ အနှုတ်သဘောဆောင်သော ခံစားချက်နှင့် အတွေးများက ခန္ဓာကိုယ်ကို နှိပ်စက်လင့်ကစား အားမာန်မလျှော့ဘဲ ကြိုးစားရုန်းကန်သင့်သည် ဟူသည့် ဘဝအသိအမြင်ကိုပါ ဆက်စပ်ခံစား သိမြင်လာစေပေသည်။ ။
________
― ဖန်တီးမှုပညာရပ်ပိုင်းအနှစ်ချုပ် ―
စာရေးဆရာသည် ဇာတ်ဆောင်ပါဝင်ပါက ထိုဇာတ်ဆောင်နေရာက ဝင်စားပြီး သရုပ်ဖော်မှု၊ တစ်နည်းအားဖြင့် ကိုယ်တိုင်ပြောရှုထောင့် သို့မဟုတ် ပထမလူရှုထောင့်မှ ဝင်စားပြီး သရုပ်ဖော်ရာ တွင် ဇာတ်ဆောင်တို့၏ အပြောစကားများ၊ အတွေးစကားများနှင့် အပြုအမူများ၊ ဇာတ်လမ်းပါ အခြားဇာတ်ဆောင်များ၏ အပြုအမူများနှင့် ဇာတ်လမ်းဇာတ်ကွက်များကို မိမိ၏ စိတ်လှုပ်ရှားမှု၊ အသိအမြင်တို့နှင့် ပေါင်းစပ်ကာ နိမိတ်ပုံဖန်တီးထားသည်ကို တွေ့ရှိရသည်။ ထိုသို့ နိမိတ် ပုံဖန်တီးထားခြင်းဖြင့် စာဖတ်သူသည် ဝတ္ထုတွင် စာရေးဆရာက ထည့်သွင်းဖန်တီးထားသည့် အသိအမြင်နှင့် လက်တွေ့လောကရှိ လူ့သဘောသဘာဝများနှင့် အဖြစ်အပျက်များကိုပါ ဆက်စပ်သိမြင်လာနိုင်ပေတော့သတည်း။ ။
________
― နောက်ဆက်တွဲ ―
စာရေးဆရာကိုယ်တိုင် ဝတ္ထုဇာတ်လမ်းထဲတွင် ဇာတ်ဆောင်အဖြစ် ပါဝင်ခံစားပြီး သရုပ်ဖော်နည်းနှင့် ပတ်သက်၍ “တိုက်ရိုက်ဖွဲ့အမြင်နိမိတ်ပုံ” တွင် မျိုးသန့်က “ဇာတ်ဆောင်နေရာမှ ဝင်စားပြီး သရုပ်ဖော်မှုမျိုးကား ဝတ္ထုတို၊ ဝတ္ထုရှည်နှင့် ကဗျာ တို့တွင် ယနေ့တိုင် မရိုးနိုင်ဘဲ ထိရောက်နေဆဲဖြစ်သည် . . . နိမိတ်ပုံတို့သည် ဒိဋ္ဌဓမ္မနှင့် အမြဲယှဥ်နေဖို့ လိုပါသည်” ဟူ၍ ဆိုထားပုံအရ ဤနည်းစနစ်ဖြင့် နိမိတ်ပုံ ဖန်တီးမှုသည် စာပေအရေးအသားများတွင် အများဆုံး တွေ့ရပြီး ဒိဋ္ဌလောကနှင့် ဆက်စပ်သော စာရေးဆရာ၏ အတွေးအမြင်၊ စေတနာနှင့် ခံစားချက်တို့ကို သရုပ်ဖော်ထင်ဟပ်သော အရေးအဖွဲ့မျိုးဖြစ်သည်ဟု ဆိုနိုင်ပေသည်။
ဤသရုပ်ဖော်နည်းသည် ဝတ္ထုတွင် စာရေးဆရာက ကိုယ်တိုင်ပြောရှုထောင့် သို့မဟုတ် ပထမလူ ရှုထောင့်မှ ဝင်စား၍ ရေးသားသော နည်းဖြစ်သည်။ ကိုယ်တိုင်ပြောရှုထောင့် သို့မဟုတ် ပထမလူ ရှုထောင့်နှင့် ပတ်သက်၍ “ဝတ္ထုတိုသဘောတရား ဝတ္ထုတိုအတတ်ပညာ” တွင် မမိုးမြေက “ဇာတ်ကြောင်းပြောသူမှာ ‘ကျွန်တော်၊ ကျွန်မ၊ ကျွန်ုပ်၊ ကျုပ်၊ ငါ’ စသော နာမ်စားကို သုံး၍ ပြောရသည်။ ဇာတ်ကြောင်းပြောသူသည် ဝတ္ထုအတွင်းမှ နေသည့် ဇာတ်ဆောင်တစ်ဦးလည်း ဖြစ်နိုင်သည်။ … ဇာတ်ကြောင်းပြောသူသည် မိမိ၏ ကိုယ်၊ နှုတ်၊ နှလုံးအမူအရာအားလုံးကို သိခွင့်ယူပြီးလျှင် တင်ပြနိုင်ခွင့်ရှိသည်။ သို့ရာတွင် ဇာတ်ကြောင်းပြောသူက အခြားဇာတ်ဆောင်များအကြောင်း ပြောရာတွင်မူ ထိုသူတို့၏ စိတ်အမူအရာများ၊ ခံစားမှုများ၊ အတွေးများ၊ အကြံအစည်များကို တင်ပြနိုင်စွမ်း မရှိပေ” ဟူ၍ ဆိုထားသည်။ ထိုအဆိုအရ ဤရှုထောင့်မှ ဝင်စား၍ သရုပ်ဖော်ရာတွင် စာရေးဆရာသည် မိမိ ဝင်စားမည့် ဇာတ်ဆောင်ကို မိမိအလိုကျ မချွင်းမချန် သရုပ်ဖော်ပြနိုင်ခွင့် အပြည့်အဝ ရရှိထားသော်လည်း ဇာတ်လမ်းတွင် ပါဝင်သည့် အခြားဇာတ်ဆောင်များကိုကား ကန့်သတ်ချက်များနှင့်သာ သရုပ်ဖော်ခွင့်ရှိသည်ကို တွေ့နိုင်သည်။ ထို့ကြောင့် ဤသရုပ်ဖော်နည်းဖြင့် ဖန်တီးသော နိမိတ်ပုံသည် စာရေးဆရာ ဝင်စားသည့် ဇာတ်ဆောင်အပေါ်တွင် အများဆုံး မှီတည်နေပေသည်။ ။
________
နိမိတ်ပုံဖန်တီးခြင်းနှင့် ပတ်သက်သော အခန်းဆက်ဆောင်းပါးများ ဤတွင် ပြီးပါပြီ။ ။
ကျမ်းကိုးစာရင်းကြည့်ရန်
ရေအေး။ (၂၀၂၀)။ ရေအေး ဝတ္ထုတိုများ (၂၀၀၃-၂၀၂၀)။ ရန်ကုန်၊ ဇလပ်နီစာပေ။
Written by – Htet Phone Shein
Edited by – Nyan Win Htet
Fact Hub Myanmar
Proudly powered by FH Editor Team
This content is licensed under CC BY-NC-ND 4.0
