_______________

ရှေ့မှာတင်ပြခဲ့ဖူးတဲ့ ဆောင်းပါးမှာ ဘာသာစကားက စိတ်ကူးထင်ရာ သတ်မှတ်ချက်တွေ (အတ္တနောမတိတွေ) ဖြစ်တယ်လို့ ဆိုခဲ့ပေမဲ့ အဲဒီစိတ်ကူးထင်ရာသတ်မှတ်မှုတွေဟာ ကြုံရာကျပန်းလုပ်ထားတာ မဟုတ်ပါဘူး။ စဉ်းစားကြည့်ရင် မြန်မာဘာသာစကား အသုံးပြုသူတစ်ဦးအနေနဲ့ –
“ငါ မြင်ဖူးတယ် ကြီးမားပြီး လှပတဲ့ သစ်ပင်တစ်ပင်ကို“
ဒီလို ပြောဖူးမယ် ဆိုပေမဲ့ –
“တယ် ဖူး သစ် ကို ငါ တဲ့ တစ်ပင် ပြီး မြင် လှပ ကြီးမား ပင်“
ဒီလို ပြောမိလိမ့်မယ်လို့ သင် အိပ်မက်တောင် မက်ဖူးမှာ မဟုတ်ပါဘူး။ မရေမတွက်နိုင်တဲ့ ဖြစ်တန်စွမ်းတွေ ဖန်တီးနိုင်တဲ့ ဥပဒေသတွေအရ ဘာသာစကားတွေက အသံတွေကို စုစည်းတွဲစပ်ပြီး စကားလုံးတွေကို စီကြ၊ စဉ်ကြပါတယ်။ လူသားသုံးဘာသာစကားရဲ့ အလွန်အရေးကြီးတဲ့ ဒီဝိသေသလက္ခဏာကို “စကားသံနှစ်ဆင့်ပုံဖော်ခြင်း” လို့ ခေါ်ပါတယ်။ “စကားသံ နှစ်ဆင့်ထုတ်မှု” လို့လဲ ခေါ်နိုင်ပါတယ်။ အနက်မဲ့ အစိတ်အပိုင်း အရေအတွက်အနည်းငယ်ကို အနက်ရှိ စကားသံများစွာအဖြစ် ပေါင်းစပ်နိုင်တယ်လို့ ဆိုလိုတာပါ။
စကားသံနှစ်ဆင့်ပုံဖော်ခြင်း ဘယ်လိုလုပ်ဆောင်သလဲဆိုတာ ဆန်းစစ်ကြည့်ရရင် ဥပမာအနေနဲ့ “ခွေး” ဆိုတဲ့ စကားလုံးကို ကြည့်ပါ။ ဗျည်းသံ /ခ/ နဲ့ သရသံ /အွေး/ တစ်ခုချင်းစီဆိုရင် အဓိပ္ပာယ်မရှိပေမဲ့ ပေါင်းစပ်လိုက်ရင်တော့ အဓိပ္ပာယ်ရှိတဲ့ စကားလုံးတစ်လုံး ဖြစ်လာပါတယ်။ အနက်မဲ့သံရင်းတစ်ခုနေရာမှာ အခြားတစ်ခု (ဥပမာ – သ ၊ ဆ ၊ အော ၊ အို ) ကို အစားထိုးကြည့်ရင်လဲ နောက်ထပ် အနက်ရှိ စကားလုံးတွေ ရနိုင်ပါတယ် (ဥပမာ – သွေး၊ ဆွေး၊ ခေါ၊ ခို) ။
ကျွန်တော်တို့ ယေဘုယျ နားလည်နိုင်တဲ့၊ ဒါမှမဟုတ် နားမလည်နိုင်တဲ့ ဝေါဟာရတွေကို ဒီနည်းနဲ့ပဲ ထွင်နိုင်ပါတယ်။ သင့်အဖွား နားမလည်နိုင်ပေမဲ့ သင်တို့အားလုံး သတိပြုကောင်း ပြုမိကြမဲ့ ယခုအချိန်ထိ စကားလုံးတစ်လုံး မဖြစ်သေးတဲ့ ဥပမာတစ်ခုကတော့ [d] ဒါမှမဟုတ် [f] နေရာမှာ [b] + [l] ကို အစားထိုးထားတဲ့ blog ဆိုတဲ့ စကားလုံးပဲ ဖြစ်ပါတယ်။ (*** ၂၀၀၆ လေ့လာချက်အရသာ၊ နှောင်းတွေ့လေ့လာချက်များအရ dictionary များမှာ တရားဝင်ထည့်သွင်းဖော်ပြထား။)
စကားသံနှစ်ဆင့်ပုံဖော်ခြင်းနဲ့ ချိတ်ဆက်နေတာကတော့ ဘာသာစကားရဲ့ ထုတ်လုပ်နိုင်စွမ်းပါပဲ။ ဒီနေရာမှာ အဓိကထားမှာက ဥပမာအနေနဲ့ အနက်အဓိပ္ပာယ်ရဲ့ အသေးဆုံးယူနစ်ဖြစ်တဲ့ ရှိပြီးသား ရုပ်ရင်းတွေကို ထပ်မံတွဲစပ်ခြင်းဖြင့် အနက်အဓိပ္ပာယ်အဆင့်ဆင့် ဖြစ်ပေါ်လာခြင်းပဲ ဖြစ်ပါတယ်။ “လှ” နဲ့ “အ” ကို တွဲစပ်လိုက်ရင် “အလှ” ဖြစ်လာတယ်။ ထုတ်လုပ်နိုင်စွမ်းက အများအားဖြင့် ဝါကျဖွဲ့ပုံတွေပါ။ စကားလုံးတွေ ပေါင်းစပ်လိုက်ခြင်းဖြင့် “သူ(မ)က လှတယ်” ဆိုတဲ့ ဝါကျမျိုး ဖွဲ့နိုင်ပါတယ်။ “သူ(မ)” နေရာမှာ “သူ” ၊ “ကျွန်မ” ၊ “သင်” တို့ကို အစားထိုးလိုက်ရင် “သူ လှတယ်” ၊ “ကျွန်မ လှတယ်” ၊ “သင် လှတယ်” ဆိုတဲ့ ပုံစံတူဝါကျတွေ ရလာနိုင်ပါတယ် (သူမ၊ သူ၊ ကျွန်မ၊ သင် တို့ဟာ ဒီဝါကျတွေမှာ ပြုလုပ်သူ၊ သို့မဟုတ် ကတ္တားတွေ ဖြစ်ပါတယ်) ။
သိသာထင်ရှားစွာပဲ ကျွန်တော်တို့ ထုတ်လုပ်နိုင်တဲ့ ဝါကျစဉ်အမျိုးမျိုးမှာ ကန့်သတ်ချက်တွေ ရှိနေပြီး ဒါတွေကပဲ ဘာသာစကားရဲ့ သဒ္ဒါကို ဖြစ်ပေါ်စေတာပါ။ ဒီစည်းမျဉ်းတွေကို အသုံးချ ပြီး လူသားတွေဟာ မရေမတွက်နိုင်တဲ့ တွဲစပ်မှုတွေကို ဖန်တီးထုတ်ဖော်နေကြတယ်။ ဒါကြောင့် ဘာသာစကားခွဲခြမ်းစိတ်ဖြာမှုရဲ့ အဆင့်တိုင်းမှာ မရေမတွက်နိုင်တဲ့ ဖြစ်တန်စွမ်းတွေကို ထုတ်ပေးနိုင်တဲ့ ကန့်သတ်စည်းမျဉ်းတွေနဲ့အတူ တွဲစပ်နိုင်တဲ့ အစိတ်အပိုင်းတွေ အကန့်အသတ်နဲ့ပဲ ရှိတယ် ဆိုတာ တွေ့ရပါတယ်။
“အဲဒီစာအုပ်အကြောင်း ဘယ်တုန်းကမှ မပြောဖူးဘူး၊ မကြားဖူးဘူး၊ ဒါပေမဲ့ လက်ရှိ ငါ အသုံးပြုနေတဲ့ ဘာသာစကားကိုပဲ အသုံးပြုသူတစ်ဦး ရေးထားတဲ့ ဝတ္ထုတစ်အုပ်ကို ငါတော့ ဖတ်နိုင် နားလည်နိုင်သားပဲ” လို့ ထောက်ပြနိုင်တာပေါ့။ ဒါက ရေရာတဲ့ လှုံ့ဆော်မှုကို တုံ့ပြန်နိုင်စွမ်းရှိပြီး သေချာတဲ့ ဆက်သွယ်ရေးပုံစံတစ်ခုအနေနဲ့ အသုံးပြုကောင်းပြုနိုင်တဲ့ လူသားတွေနဲ့ တိရစ္ဆာန်တွေကြားက မတူညီတဲ့ နည်းတစ်ခု ဖြစ်နေလို့ပါပဲ။ လူသားတွေက ကြိုက်တဲ့ အကြောင်းအရာကို ကြိုက်သလို ပြောနိုင်စွမ်းကြတယ်။ ဒီနေရာမှာ မှားပြောမိတာ၊ ဖြစ်ပြီးသား အကြောင်းတစ်ချို့ကို ပြောတာ၊ တစ်ခုခုထွင်ပြောတာနဲ့ လိမ်ညာပြောတာတွေလည်း ပါဝင်ပါတယ်။
အဆုံးမဲ့ တွဲစပ်မှုတွေအကြောင်း တင်ပြရာမှာ စကားလုံး ဒါမှမဟုတ် စကားစု ဖွဲ့နိုင်စွမ်းနဲ့ ပုံစံတူ ထပ်တလဲလဲ အသုံးပြုခြင်းအကြောင်း ချန်လှပ်ထားခဲ့လို့ မရပြန်ပါဘူး။ ဒီပညာရပ်သုံးဝေါဟာရတွေက စကားလုံးရှည်လျားမှု၊ ဒါမှမဟုတ် စကားလုံးအရေအတွက်၊ ဒါမှမဟုတ် ဝါကျအရှည်၊ ဒါမှမဟုတ် ဝါကျအရေအတွက်တို့အတွက် သီအိုရီအရကန့်သတ်ချက် မရှိဘူး ဆိုတဲ့ အချက်နဲ့ ချိတ်ဆက်နေပါတယ်။ ဘာသာဗေဒဆိုင်ရာ ဖွဲ့စည်းပုံအားလုံးကို (ယူနစ်တစ်ခုအဖြစ် ထမ်းဆောင်တဲ့ စကားလုံးအုပ်စုတွေ၊ ဒါမှမဟုတ် စကားလုံးတွေ) စကားလုံးတွေနဲ့ ပြုလုပ်ထားပါတယ်။ ရိုးရှင်းတဲ့ ယူနစ်တွေရဲ့နေရာမှာ ရှုပ်ထွေးတဲ့ယူနစ်တွေလဲ ဝင်လာနိုင်ပါတယ်။ ဥပမာအနေနဲ့ –
၁။ သူ အခန်းထဲ ဝင်လာတယ်။ (သူ = ကတ္တား)
လူကြီး အခန်းထဲ ဝင်လာတယ်။ (လူကြီး = ကတ္တား)
၂။ မြန်မာဝတ်စုံပြည့်နဲ့လူကြီး ခမ်းနားထည်ဝါလှတဲ့ အိမ်ကြီးရဲ့ လူမရှိတဲ့ဧည့်ခန်းထဲ ဝင်လာတယ်။ (မြန်မာဝတ်စုံအပြည့်နဲ့လူကြီး = ကတ္တား)
ထပ်ဆက်ပြီး ရေးချင်သေးရင် လူကြီးရဲ့ ပုံပန်းသွင်ပြင်၊ သို့မဟုတ် အိမ်နဲ့ အခန်းရဲ့ ပုံစံခင်းကျင်းမှု အသွင်အပြင်ကို သရုပ်ဖော်ရေးနိုင်ပါတယ်။
အဆုံးမသတ်နိုင်တဲ့ ဝါကျတွေကို ဖန်တီးသွားနိုင်တဲ့ နောက်နည်းလမ်းတစ်ခုကတော့ ပုံစံတူ ထပ်တလဲလဲ အသုံးပြုခြင်းပါပဲ။ ဘာသာစကားရဲ့ ဒီအရည်အသွေးက ဖြစ်စဉ်ကို အကြိမ်ကြိမ် ထပ်တလဲလဲ ဖြစ်ပေါ်စေပါတယ်။
၁။ ဘာသာဗေဒအကြောင်း မင်းသိတယ်။
၂။ ဘာသာဗေဒအကြောင်း မင်းသိတာကို ငါသိတယ်။
၃။ ဘာသာဗေဒအကြောင်း မင်းသိတယ်လို့ ငါသိတာကို သူ သိနေတယ်။
၄။ ဘာသာဗေဒအကြောင်း မင်းသိတယ်လို့ ငါသိတာကို သူ သိနေတယ် ဆိုတာကို ငါတို့ အားလုံး သိနေတယ်။
ဒါမှမဟုတ် အခြား မတူပိုကွဲပြားတဲ့နည်းနဲ့ ရေးနိုင်ပါတယ်။
၅။ ဘာသာဗေဒအကြောင်း မင်းသိတယ်လို့ ငါ ထင်နေကြောင်း သူမျှော်လင့်နေတယ်ဆိုတာ ငါတို့အားလုံး သတိပြုမိတယ်။
ဒီလောက်ဆိုရင် ဘာသာစကားတစ်မျိုးမျိုးကို အသုံးပြုနေသူတွေက သူတို့ ဖန်တီးနိုင်စွမ်းရှိသမျှ သဘောတူလက်ခံသတ်မှတ်ထားတဲ့ ဆိုင်ရာ ဘာသာစကားစနစ်ဥပဒေသတွေနဲ့အညီ အဆုံးမဲ့ တွဲစပ်ပေါင်းစပ်နိုင်ကြောင်း တီးမိခေါက်မိကြလောက်ပါပြီ။ ။
Click to view the references
- Borbála Richter. (2006). First Steps in Theoretical and Applied Linguistics. Bölcsész Konzorcium, Budapest.
Written by – Htet Phone Shein
Edited by – Ingyin Khin
Fact Hub Myanmar
Proudly powered by FH Editor Team
This content is licensed under CC BY-NC-ND 4.0
