
“နေကို ရောင်စဉ် ၇ မျိုးလုံးကို ထုတ်လွှတ်ပေမဲ့ အနီ၊ လိမ္မော်၊ အဝါနဲ့ အဖြူရောင် အလုံးကြီး အနေနဲ့ပဲ မြင်ရလေ့ရှိတယ်။ ဒါပေမဲ့ အပြာ၊ ခရမ်း၊ မဲနယ်ရောင် အလုံးကြီးကိုတော့ ကမ္ဘာကနေ တစ်ကြိမ်တစ်ခါတောင် မြင်ရမှာ မဟုတ်ပါဘူး။”
ကောင်းကင်တစ်ခုလုံး လှပစွဲမက်စရာ ထွန်းလင်းသွားပြီး လိမ္မော်နီရောင် အလုံးကြီးကို နှုတ်ဆက်ခွဲခွာတဲ့ နေ၀င်ချိန်တွေကို စာဖတ်သူတို့ ကြည့်ဖူး၊ မြင်ဖူးကြမှာပါ။ အဲဒီအချိန်လေးမှာ မျက်စိနဲ့ တိုက်ရိုက် သွားတောင် ကြည့်လို့မရတဲ့ လင်းချင်တိုင်းလင်းနေတဲ့ ဝါရောင်ဖြာ ကြယ်လုံးကို လှပတဲ့ လိမ္မော်၊ ဒါမှမဟုတ် အနီရောင်အနေနဲ့ မြင်ရလေ့ရှိပါတယ်။
ယေဘုယျအနေနဲ့ ကျွန်တော်တို့ မြင်ဖူးတဲ့ နေကနေ ထုတ်လွှတ်လိုက်တဲ့ အရောင်တွေက အများကြီး ရှိပါတယ်။ အရိုးရှင်းဆုံးကတော့ မျက်စိနဲ့ မြင်နိုင်တဲ့ ရောင်စဉ် ၇ သွယ်ပေါ့။ ပိုပြီး စိတ်၀င်စားဖို့ကောင်းတဲ့ အချက်က နေဟာ ဒီအရောင် ၇ မျိုးလုံးကို ထုတ်လွှတ်တယ်ဆိုတာပါ။ ဒီတော့ စာဖတ်သူတို့အတွက် မေးစရာတစ်ခု ပေါ်လာပါတယ်။ အခြေအနေ၊ အကျိုးအကြောင်း ကိုက်ညီတဲ့အခါ နေကို ဒီအရောင် ၇ မျိုးထဲက တစ်ရောင်ချင်းစီနဲ့ မြင်ရနိုင်သလား . . . ?
ဒီမေးခွန်းကို အဖြေရှာတဲ့ နေရာမှာ နောက်မေးခွန်းတစ်ခုနဲ့ စတင်ရပါလိမ့်မယ်။ “နေရဲ့ မူလအရောင်က ဘာလဲ?” ဆိုတာပါ။ နေရဲ့ မူလအရောင်ကို မသိပါဘဲ မတူညီတဲ့ အချိန်မှာ မတူညီတဲ့ အရောင်တွေနဲ့ ဒီအလုံးကြီးကို မြင်ရတာက ဘယ်လောက်တောင် ထူးဆန်းနေမလဲပေါ့။
ဒါပေမဲ့ အရှေ့မှာ မှတ်ခဲ့ကြသလိုပဲ နေဟာ သတ်တံမှာပါတဲ့ အရောင် ၇ ရောင်လုံးကို ထုတ်လွှတ်ပါတယ်။ ဆိုတော့ ဘာကိုအဓိက ရှာဖွေရမလဲဆိုရင် နေက အရောင်တစ်ရောင်ကို အခြားအရောင်တွေထက် ပိုပြီး ထုတ်လွှတ်နေသလား ဆိုတာကိုပါ။
ဘယ်အရောင်ကို နေက အများဆုံး ထုတ်လွှတ်ပါသလဲ . . . ?
နေရောင်ခြည်က လာတဲ့ အလင်းကို သုံးမြှောင့်ဖန်တုံးကို ဖြတ်သန်းစေမယ်ဆိုရင် အရောင် ၇ မျိုးက အခြားတစ်ဖက်ကနေ ဖြာထွက်လာတာကို တွေ့ရမှာပါ။ ဒါပေမဲ့ ဒီဖြာထွက်လာတဲ့ အလင်းတန်းတွေက ပမာဏနှုန်းထား တူညီနေတဲ့ပုံ ရှိကြပါတယ်။
ဒါကို အဖြေရှာဖို့အတွက် Spectroscopy (ဒြပ်နှင့် လျှပ်စစ်သံလိုက်လှိုင်းများကြားက ထိတွေ့နွယ်ယှက်မှုကို လေ့လာသော ဘာသာရပ်) ဆိုတာကို အသုံးပြုရပါလိမ့်မယ်။ ဒီစာလုံးနဲ့ အလင်းရောင်စဉ်ကို အသေးစိတ်ကျကျ ခွဲခြမ်းစိတ်ဖြာ လေ့လာတာကို လှလှလေး သုံးလိုက်တာပါပဲ။ ဒီနေရာမှာ လှည့်ကွက်ကို ရှာတွေ့ခဲ့တာပါ။ လေ့လာချက်တွေအရ အရောင်တစ်ရောင်က အခြား ကျန်တဲ့ အရောင် ၆ ရောင်ထက် ပိုပြီး ထင်ထင်ရှားရှား ပေါ်ထွက်နေတယ်လို့ သိရပါတယ်။ ဒါပေမဲ့ စာဖတ်သူတို့က အနီရောင်လို့ ခန့်မှန်းလိုက်မယ်ဆိုရင် မှားပါတယ်။ လိမ္မော်ရောင်လို့ ခန့်မှန်းလိုက်ရင်လဲ မှားနေအုံးမှာပါ။ ဒါပေမဲ့ အဝါရောင်လို့ ခန့်မှန်းလိုက်ရင် နောက်တစ်ကြိမ်ထပ်ပြီး မှားပါလိမ့်မယ်။ ယုံချင်ယုံ မယုံချင်နေပါ၊ စာဖတ်သူတို့ သိထားတဲ့ နေလုံးကြီးက အစိမ်းရောင်ကို အများဆုံး ထုတ်လွှတ်နေပါတယ်။
ဒါက ဘယ်လိုများ ဖြစ်နိုင်ရတာလဲ။ ပြီးတော့ မှန်ခဲ့ရင်ရော ဒီလိုမျိုး အစိမ်းရောင်ကို အများဆုံး ထုတ်လွှတ်နေတယ်ဆိုရင် ဘာလို့ အစိမ်းရောင်နေလုံးကြီးကို မမြင်ရတာလဲ . . . ?
နေဘာလို့ မစိမ်းရတာ . . .
ဖြစ်ချင်တော့ ကမ္ဘာကနေ နေစိမ်းကြီးကို မမြင်ရနိုင်တာအတွက် အကြောင်းပြချက် များစွာရှိပါတယ်။ အရေးကြီးဆုံးကတော့ ကမ္ဘာ့လေထုက လှိုင်းအလျားတိုတဲ့ အလင်းတန်းတွေကို ဖြန့်ကျက်ပေးလိုက်တယ် ဆိုတာပါ။ ရိုးရိုးလေး ပြောရရင် လေထုက ရောင်စဉ်တန်းထဲမှာရှိတဲ့ လှိုင်းအလျားတို အပြာရောင်အပိုင်းကို စစ်ထုတ်လိုက်တာပါ။ ဒီနေရာမှာ တစ်ခုရှိတာက အစိမ်းရောင်ဆိုတာက အပြာနဲ့ အဝါ စပ်ကြားရောင် ဖြစ်တယ်ဆိုတာကို မမေ့ဖို့ လိုပါတယ်။
လေထုက အပြာရောင်ကို ဆွဲယူသွားတဲ့ အခါမှာ အဝါရောင်ပဲ လွှမ်းမိုးသွားတဲ့ အလင်းသာ ကျန်ရှိပါတယ်။ ဒါကြောင့်ပဲ ကောင်းကင်ကို အပြာရောင်အနေနဲ့ မြင်ရပြီး နေကိုတော့ အဝါရောင်အနေနဲ့ မြင်ရတာပါ။
ဆက်ပြီး နေက ဘယ်လောက်ပဲ အစိမ်းရောင်တွေကို ထုတ်လွှတ်တယ် ဆိုပါအုံးတော့ သက်တံမှာ ပါတဲ့ အခြားအရောင်တွေကလဲ ဒီဖြစ်စဉ်မှာ ပါ၀င်နေပါတယ်။ ဒီအရောင်တွေရဲ့ နောက်ဆုံးပေါင်းစည်းလိုက်ခြင်း (Culmination) က အဖြူရောင်ပဲ ပြန်ရပါတယ်။ ဆိုလိုတာက စာဖတ်သူတို့ရဲ့ အမြင်အာရုံ လွဲမှားနေမှ၊ ဒါမှမဟုတ် အစိမ်းရောင် မျက်စိကာ မျက်မှန်တွေ ၀တ်ထားမှသာ နေစိမ်းကြီးကို မြင်ရပါလိမ့်မယ်။
အချုပ်ပြောရရင် နေက အရောင်တွေအားလုံး ထုတ်လွှတ်ပေမဲ့ အစိမ်းရောင်ကို ပိုထုတ်လွှတ်နေပြီး သူ့ရဲ့ မူလအရောင်က အဖြူရောင်ကြီးပဲ ပြန်ဖြစ်သွားတယ်ပေါ့။ နောက်မေးခွန်းတစ်ခုက အဖြူရောင် နေလုံးကြီးကိုရော ကမ္ဘာကနေ မြင်ရနိုင်သလား . . . ?
နေဖြူကြီး?
စာဖတ်သူတို့က မွန်းတည့်ချိန် ၁၂ နာရီ ဒေါင်ဆိုတာနဲ့ နေကို မော့ကြည့်လိုက်မယ်ဆိုရင် (လိုက်မလုပ်သင့်ပါ) အဝါရောင်မဟုတ်ဘဲ အဖြူရောင်ဖြစ်နေတဲ့ အလုံးကြီးကို မြင်ရမှာပါ။ ဒါက ဘာကြောင့်လဲဆိုရင် နေကလာတဲ့ အလင်းက လေထုရဲ့ ပါးလွှာတဲ့ အငွေ့အိတ်အပိုင်း (Thin Part of Atmosphere’s Envelope) ကို ဖြတ်သွားပြီး အလင်းနည်းနည်းလေးပဲ ဖြာကျရလို့ ဖြစ်ပါတယ်။ ဒီတော့ သူ့ရဲ့ မူလအရောင်ကို မြင်ရတာပေါ့။
ဒီလိုမျိုး အလင်း ဖြာကျဖြန့်ကျက်တဲ့ ဖြစ်စဉ်ကြောင့် နေ့တစ်နေ့ရဲ့ အခြားသော (ညနေအပါအ၀င်) အချိန်တွေမှာ အဖြူရောင်အနေနဲ့ မြင်ရဖို့ အတော်ကို ခက်ပါတယ်။ ဒါပေမဲ့ စာဖတ်သူတို့ အာကာသကို တစ်နေ့တစ်ချိန် ရောက်ဖြစ်မယ်ဆိုရင် နေကို ကြည့်လိုက်ပါ (တိုက်ရိုက်တော့ မဟုတ်ပါဘူး)။ အဲဒီအခါမှာ ကြီးမားတောက်ပတဲ့ အဖြူရောင် အလုံးကြီးကို မြင်ရပါလိမ့်မယ်။
ဒါဆိုရင် ကျန်တဲ့ အရောင်တွေဘက် လှည့်ကြရအောင်။ လိမ္မော်ရောင်နဲ့ အနီရောင်တို့ပေါ့။ အမှန်အတိုင်း ပြောရရင် ဒီအရောင်တွေက လူအတော်များများ နှစ်သက်ကြတဲ့ အရောင်တွေပါ။ ဒီအရောင်တွေက မျက်လုံးတွေကို မထိခိုက်စေသလို တော်တော်လေးလဲ လှတယ်လေ။ ဒါပေမဲ့ နေကို ဒီအရောင်တွေရဲ့ အဖျော့၊ အရင့်နဲ့ ဘာလို့ မြင်နေကြရတာလဲ?
နေထွက်ချိန်နဲ့ နေ၀င်ချိန်မှာပဲ ဒီအရောင်တွေကို မြင်ရတယ်ဆိုတာ မှတ်မိကြလား? ဒါက ဘာကြောင့်လဲဆိုရင် အပေါ်မှာ ခဏခဏ ပြောခဲ့တဲ့ အလင်းဖြန့်ကျက်မှုကြောင့်ပါ။ လှိုင်းအလျားတိုတဲ့ ရောင်စဉ်တန်းရဲ့ အပြာဘက်ခြမ်းက ဖြာကျဖြန့်ကျက်သွားပြီး အနီဘက်ခြမ်းကိုပဲ ချန်ထားခဲ့ပါတယ်။ ဒါကြောင့် စာဖတ်သူတို့က မတူညီတဲ့ အနီ၊ လိမ္မော်နဲ့ အဝါတို့ရဲ့ အရင့်၊ အဖျော့တွေကို နေထွက်ချိန်နဲ့ နေ၀င်ချိန်မှာ မြင်ရတာဖြစ်ပါတယ်။
ခရမ်းရောင်၊ မဲနယ်ရောင်၊ သို့မဟုတ် အပြာရောင်နေလုံး?
နေဟာ ဒီအရောင် ၃ ရောင်အပါ အရောင်တွေ အကုန်လုံးကို ထုတ်လွှတ်တယ်ဆိုတာ သိပြီးကြမှာပါ။ ဒါ့အပြင် စာဖတ်သူတို့အနေနဲ့ ညဘက်တွေမှာ အလွန်လှပတဲ့ အပြာရောင် ကြယ်တွေကို မြင်ဖူးကြမှာပါ။ ဒီတော့ နေသာ ဒီအရောင်တွေကို ထုတ်လွှတ်တယ်ဆိုရင် ဘာလို့များ အပြာရောင်နေကို ကောင်းကင်ထက်မှာ မမြင်ရတာလဲ?
အရှေ့မှာ ပြောခဲ့သလိုပဲ လှိုင်းအလျားတိုတဲ့ အရောင်တွေကို လေထုက ဖယ်ထုတ်ပစ်ပါတယ်။ ဒီ အရောင် ၃ ရောင်လဲ ပါတာပေါ့။ ဒါပေမဲ့ အလင်းဖြာထွက်တာအပြင် ဒီအရောင်တွေဟာ သူတို့ရဲ့ တိုနေတဲ့ လှိုင်းအလျားတွေကြောင့် စွမ်းအင်ရောင်စဉ် (Energy Spectrum) မြင့်ကြပါတယ်။ လူသားတွေရဲ့ မျက်လုံးတွေက အပြာရောင်နဲ့ပတ်သက်ရင် ထိလွယ်ရှယ်လွယ်ပါ။ အကြမ်းပြောရရင် မျက်လုံးတွေက ခရမ်းရောင်နဲ့ မဲနယ်ရောင်တွေကို အပြာအနေနဲ့ ပြန်ပြောင်းပြီး မြင်စေမယ်ပေါ့။
အကယ်၍ နေသာ အပြာရောင်ကို ပိုပြီး ထုတ်နေခဲ့မယ်ဆိုရင် စာထတ်သူတို့ရဲ့ မျက်လုံးတွေက ဒီအရောင်တွေကို မြင်ရဖို့ ဆင့်ကဲပြောင်းလဲလာပါလိမ့်မယ်။ ဒါပေသိ နေက လုံလောက်တဲ့ အပြာရောင်အလင်းတန်းတွေကို ထုတ်လွှတ်မှာ မဟုတ်တဲ့အပြင် အချိန်ကြာလာတာနဲ့အမျှ သူ့ရဲ့ အရောင်ဟာ ရောင်စဉ်တန်းရဲ့ အနီဘက်ပိုင်းကို ကူးပြောင်းသွားမှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နေရဲ့ အပူချိန်က ဆက်ပြီး လျော့နေမှာ ဖြစ်လို့ပါ။
ပြောချင်တာက နေကို ဒီအရောင်တွေနဲ့ တွဲပြီး တစ်သက်လုံး မြင်ရမှာ မဟုတ်ပါဘူး။
အခုဆိုရင် စာဖတ်သူတို့ဟာ ကမ္ဘာကနေ မြင်ရတဲ့ နေရဲ့ ဖြစ်နိုင်ချေရှိ အရောင်တွေကို ဘာကြောင့်လဲ၊ ဘာကြောင့်မဟုတ်တာလဲ စသဖြင့် ရှာဖွေခဲ့ပြီးပြီ ဖြစ်ပါတယ်။
ပြန်ပြီးချုပ်ရရင် နေမှာ ဖြစ်နိုင်ချေရှိတဲ့ အရောင် ၄ ရောင် — အဝါ၊ လိမ္မော်၊ အနီနဲ့ အဖြူ ရှိပါတယ်။ ဒီအရောင်တွေ ကြားမှာ ရှိနေတဲ့ အရင့်၊ အဖျော့အကုန်လုံးက မတူညီတဲ့ ရာသီဥတုအခြေအနေပေါ် မူတည်ပြီး ဖြစ်ပေါ်နိုင်ပါတယ်။ ဒါပေမဲ့ စာဖတ်သူတို့ရဲ့ နေမင်းကြီးဟာ ဘယ်တော့မှ ခရမ်းရောင်၊ မဲနယ်ရောင်၊ ဒါမှမဟုတ် အပြာရောင် ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒီလောက်ဆိုရင် သိသွားကြမယ်ထင်ပါတယ်။ ။
Click to view References
Mogarkar, M. (2023, October 19). In how many colors can we see the sun?
| Writer | Fact-checker | Final-editor |
| Khant Zaw Aung | Mon Myat Kyaw | Nyan Win Htet |
Fact Hub Myanmar
Proudly powered by FH Editor Team
This content is licensed under CC BY-NC-ND 4.0
