
Culicidae ဆိုတဲ့ စကားလုံးကို သိပါသလား . . . ?
ခြင် (Mosquito) လို့ အားလုံးရင်းနှီးထားကြပြီးဖြစ်တဲ့ ဒီ အင်းဆက်မျိုးစိတ်ကိုတော့ သိပ္ပံအခေါ်အဝေါ်မှာ ကော်လစ်စစ်ဒေး (Culicidae) ဆိုပြီး သတ်မှတ်သုံးနှုန်းပါတယ်။ ကော်လစ်စစ်ဒေးတွေကို အများအားဖြင့်တော့ ရောဂါပိုးသယ်ဆောင်သူတွေအဖြစ် အသိများပြီး အန္တရာယ်များတဲ့ မျိုးစိတ်တစ်ခုပါ။ ကမ္ဘာတစ်ဝှမ်းမှာ ခြင်တွေကြောင့် နှစ်စဥ် အသက်ဆုံးရှုံးရတဲ့ လူဦးရေဟာလဲ တစ်သန်းအထက်မှာရှိနေပါတယ်။
ခြင်မျိုးစိတ်အားလုံးရဲ့ သိပ္ပံနာမည် (Culicidae)
ကော်လစ်စစ်ဒေးတွေကတစ်ဆင့် ကူးစက်တဲ့ ရောဂါတွေဟာ အသက်ဆုံးရှုံးတဲ့အထိ မရောက်ရင်တောင် နောက်ဆက်တွဲ ထိခိုက်နိုင်တဲ့ ပြင်းထန်ရောဂါတွေ ဖြစ်နိုင်တာကြောင့် ခြင်အန္တရာယ်က ပေါ့ဆလို့မရပါဘူး။ ဥပမာဆိုရရင် ဗိုင်းရပ်စ် (Virus) သယ်ဆောင်ထားတဲ့ ခြင်မျိုးစိတ်အပေါ် မူတည်ပြီး ငှက်ဖျား၊ သွေးလွန်တုပ်ကွေး၊ ဆင်ခြေထောက်ရောဂါ၊ အသည်းရောင်အသားဝါရောဂါ၊ ဦးနှောက်အမြှေးပါးရောင်ရောဂါ စတဲ့ လူတွေနဲ့ ရင်းနှီးပြီးသား ရောဂါတွေ ဖြစ်ပွားနိုင်ပါတယ်။ ဒါပေမဲ့ တစ်ခုရှိတာက ခြင်မျိုးစိတ်ပေါင်း ၃၅၀၀ ဝန်းကျင်ရှိတဲ့အထဲ မျိုးပွားဖို့ရာ အာဟာရအတွက် သွေးလိုအပ်တဲ့ ခြင်မျိုးစိတ်တချို့ရဲ့ ခြင်အမတွေကပဲ သတ္တဝါတွေဆီကနေ သွေးစုပ်ယူကြတာပါ။ ဒါ့အပြင် အရွယ်ရောက်ပြီးသား ခြင်တွေအပါအဝင် ခြင်သားလောင်း (ပိုးလောက်လန်း) တွေက ကုန်းနေရေနေသတ္တဝါတွေ၊ ငါးတွေ၊ ငှက်တွေနဲ့ အင်းဆက်အချို့ရဲ့ အစာရင်းမြစ်တစ်ခု ဖြစ်နေတာ မို့ အစာကွင်းဆက်ရဲ့ အရေးပါတဲ့ နေရာတစ်ခုမှာပါ ရပ်တည်နေကြပါသေးတယ်။
| Writer | Hnin Shwe Yee San |
| Copy-editor | Mori |
Scientific Terms Explanation Program ဆိုတာ လူသိနည်းပြီး ရင်းနှီးကျွမ်းဝင်မှု သိပ်မရှိကြတဲ့ သိပ္ပံဆိုင်ရာ ဝေါဟာရတွေအကြောင်း Fact Hub ကနေ နေ့စဉ် ရှင်းပြတင်ဆက်ပေးသွားမဲ့ ပရိုဂရမ်အသစ်တစ်ခုပဲ ဖြစ်ပါတယ်။
Fact Hub Myanmar
Proudly powered by FH Editor Team
This content is licensed under CC BY-NC-ND 4.0
