
ငလျင်ဘေးဒဏ် ကြုံရတဲ့ အရေးပေါ်အခြေအနေတွေမှာ သောက်သုံးရေကတစ်ဆင့် ကျန်းမာရေးအတွက် နောက်ဆက်တွဲဆိုးကျိုးတွေ များစွာ ဖြစ်စေနိုင်ပါတယ်။ ပိုက်ခေါင်းက လာတဲ့ ရေတွေ၊ ဘုံပိုင်ရေတွေ၊ စိတ်မချရတဲ့ အခြားအရင်းအမြစ်က လာတဲ့ ရေတွေဟာ တိုက်ရိုက်သောက်သုံးတာ၊ ချက်ပြုတ်ဖို့ သုံးတာ၊ တစ်ကိုယ်ရည်သန့်ရှင်းရေးအတွက် သုံးတာမျိုးတွေအတွက် မသင့်တော်ပါဘူး။ ဒါကြောင့် ယခုလို ဒီလိုကာလမှာ ရေကို ဘယ်လို သန့်စင်နိုင်ပါသလဲ . . . ?
၁။ ကျိုချက်ခြင်း
ဒီနည်းလမ်းက အကောင်းဆုံး ဖြစ်ပါတယ်။ ရေကို ကျိုချက်လိုက်တဲ့အခါ ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေနဲ့ ကပ်ပါးကောင်တွေလို ရောဂါပိုးမွှားတွေကို ထိထိရောက်ရောက် ရှင်းလင်းပေးနိုင်ပါတယ်။ ကျိုချက်တဲ့အခါ
— ရေက မကြည်မလင် ဖြစ်နေရင် အဝတ်သန့်သန့်တစ်ထည် ဒါမှဟုတ် မျက်နှာသုတ်ပုဝါသန့်သန့်တစ်ခုနဲ့ အရင်ဆုံးစစ်ထုတ်ပါ။
— ထည့်စရာ တစ်ခုထဲ ရေကို အနည်ထိုင်စေပြီးမှ ကြည်လင်နေတဲ့ ရေကို ထုတ်ယူပါ။
— ပြီးရင် ပွက်ပွက်ဆူတဲ့အထိ အနည်းဆုံး ၁ မိနစ်ခန့် ကျိုချက်ပါ။
— ကျိုချက်ပြီးတဲ့ရေကို အအေးခံပြီး အသေအချာ ပိတ်ထားနိုင်တဲ့ ပုလင်းသန့်သန့်တွေထဲ သိုလှောင်ထားပါ။
— ခပ်ပေါ့ပေါ့အရသာကို မကြိုက်သူတွေက ကျိုချက်ထားတဲ့ ရေထဲ ဆားအနည်းငယ် ထည့်ပြီး သောက်သုံးနိုင်ပါတယ်။
၂။ ဓာတုနည်းဖြင့် သန့်စင်ခြင်း
ရေကို ကျိုချက်လို့ မရတဲ့အခါ ဒါမှမဟုတ် အခွင့်မရှိတဲ့အခါ အနံ့မပါတဲ့ အိမ်သုံးဘလိချ်၊ အိုင်အိုဒင်း ဒါမှမဟုတ် ကလိုရင်းဒိုင်အောက်ဆိုဒ်ဆေးပြားတွေ သုံးပြီး ရေကို သန့်စင်နိုင်ပါတယ်။ (ကျိုချက်တာလောက် ထိရောက်မှု မရှိနိုင်ပါ။) ဓာတုနည်းနဲ့ ရေကို သန့်စင်တာက ခရစ်ပ်ပ်တော့ပိုရီဒီယမ် (Cryptosporidium) နဲ့ ဂီယာဒီယာ (Giardia) လို ကပ်ပါးကောင်အချို့ကို မရှင်းထုတ်ပေးနိုင်ပါဘူး။
— ရေက မကြည်မလင် ဖြစ်နေရင် အရင်ဆုံး စစ်ထုတ်ပါ။
— ဘလိချ်နဲ့ ရေပမာဏကို မှန်မှန်ကန်ကန် အချိုးကျ အသုံးပြုပါ။ ဆိုဒီယမ်ဟိုက်ပိုကလိုရိုက် (Sodium Hypochlorite) ၅% ကနေ ၉% ထိ ပါတဲ့ ဘလိချ်အမျိုးအစားကို ဒီအချိုးအဆအတိုင်း သုံးပါ။
(က) ၁ လီတာ – ၂ စက်
(ခ) ၁ ဂါလန် – ၈ စက်
(ဂ) ၅ ဂါလန် – အစက် ၄၀ (လက်ဖက်ရည်ဇွန်းဝက်)
— သောက်သုံးမဲ့ ရေကို သေချာမွှေပြီး အနည်းဆုံး မိနစ် ၃၀ ကြာ ထားထားပါ။
— သန့်စင်ပြီးသားရေကို ပုလင်းသန့်သန့်တွေထဲ သိုလှောင်ထားပါ။
— ဆိုဒီယမ်ဟိုက်ပိုကလိုရိုက် ၁% ပါတဲ့ ဘလိချ်ဖြစ်နေခဲ့ရင် ပမာဏကို ပိုတိုးထည့်ဖို့ လိုအပ်ပါတယ်။ ရေက မကြည်မလင်ဖြစ်နေရင်၊ အရောင်ပါနေရင် ဒါမှမဟုတ် အေးလွန်းနေရင် ဘလိချ်ပမာဏကို နှစ်ဆတိုးပါ။
— အထုပ် ဒါမှမဟုတ် ဘူးပေါ်မှာ ပါတဲ့ ညွှန်ကြားချက်တွေကို လိုက်နာပါ။
— သိုင်းရွိုက်ရောဂါရှိသူတွေ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ၊ အိုင်အိုဒင်းနဲ့ ဓာတ်မတည့်သူတွေက အိုင်အိုဒင်းနဲ့ သန့်စင်ထားတဲ့ ရေကို မသောက်သုံးသင့်ပါ။
— အိုင်အိုဒင်းနဲ့ သန့်စင်ထားတဲ့ ရေကို ရက်သတ္တပတ်အနည်းငယ်ထက် ပိုပြီး မသောက်သုံးသင့်ပါ။
၃။ ရေစစ်ကိရိယာဖြင့် စစ်ထုတ်ခြင်း
အလွယ်တကူ သယ်သွားနိုင်တဲ့ ရေစစ်ကိရိယာတွေက ဘက်တီးရီးယားနဲ့ ကပ်ပါးကောင်တွေကို ဖယ်ရှားပေးနိုင်ပေမဲ့ ဗိုင်းရပ်စ်တွေကိုတော့ မရှင်းထုတ်ပေးနိုင်ပါဘူး။ ရေစစ်ကိရိယာနဲ့ စစ်တဲ့အခါ
— ၀.၃ မိုက်ခရွန် အရွယ်အစားရှိတဲ့ ရေစစ်ချောင်းဆိုရင် ဘက်တီးရီးယာတွေကို ဖယ်ရှားပေးနိုင်ပါတယ်။
— ၁ မိုက်ခရွန် အရွယ်အစားရှိတဲ့ ရေစစ်ချောင်းဆိုရင် က ခရစ်ပ်ပ်တော့ပိုရီဒီယမ် (Cryptosporidium) နဲ့ ဂီယာဒီယာ (Giardia) လို ကပ်ပါးကောင်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။
— ရေစစ်ချောင်းတွေက ဗိုင်းရပ်စ်တွေကို မဖယ်ရှားနိုင်တာကြောင့် သန့်စင်ဆေး (အိုင်အိုဒင်း၊ ကလိုရင်း ဒါမှမဟုတ် ကလိုရင်းဒိုင်အောက်ဆိုဒ်) ကို သုံးပြီးမှ ရေကို သောက်သုံးသင့်ပါတယ်။
၄။ ခရမ်းလွန်ရောင်ခြည်ဖြင့် သန့်စင်ခြင်း
ခရမ်းလွန်ရောင်ခြည်သုံးကိရိယာတွေက ကြည်လင်တဲ့ ရေနည်းနည်းမှာတော့ ရောဂါပိုးမွှားတွေကို ရှင်းပေးနိုင်ပေမဲ့ ရေမကြည်နေရင်တော့ အကျိုးမရှိပါဘူး။ ဒီကိရိယာတွေကို အသုံးပြုရင် ရေထဲက အမှုန်တွေကို အရင်ဆုံး စစ်ထုတ်ရပါမယ်။ ကိရိယာအသုံးပြုပုံလမ်းညွှန်စာရွက် ဒါမှမဟုတ် စာအုပ်ထဲက ညွှန်ကြားချက်တွေကို လိုက်နာဖို့ လိုပါတယ်။
၅။ နေရောင်ခြည်ဖြင့် သန့်စင်ခြင်း (SODIS)
ယခုလို အရေးပေါ်အခြေအနေတွေမှာ နေရောင်ခြည်က ကြည်လင်တဲ့ ရေရဲ့ အရည်အသွေးကို မြှင့်တင်ပေးနိုင်ပါတယ်။ ဒါပေမဲ့ ရေက မကြည်မလင်ဖြစ်နေရင်တော့ အကျိုးသက်ရောက်မှု မရှိနိုင်ပါဘူး။ အလုပ်မဖြစ်ပါ။ နေရောင်ခြည်နဲ့ သန့်စင်တဲ့အခါ
— ရေကို အရင်ဆုံး စစ်ထုတ်ပါ။
— ကြည်လင်တဲ့ ရေကို သန့်ရှင်းကြည်လင်တဲ့ ပလပ်စတစ်ပုလင်း ဒါမှမဟုတ် ဘူးထဲ ထည့်ပါ။
— ပုလင်း၊ ဘူးတွေကို နေရောင်ခြည် တိုက်ရိုက်ရတဲ့ နေရာမှာ နေရောင်ပြင်းရင် ၆ နာရီ၊ တိမ်ထူရင် ၂ ရက်အထိ ထားပေးပါ။
— ပုလင်းတွေကို အမည်းရောင်မျက်နှာပြင်နဲ့ နီးတဲ့ ဒါမှမဟုတ် အမည်းရောင်မျက်နှာပြင်ပေါ်မှာ ထားတာက အာနိသင် ပိုကောင်းစေပါတယ်။
References
- How to make water safe in an emergency. (2024, September 19). Water, Sanitation, and Hygiene (WASH)-related Emergencies and Outbreaks.
Written by Htet Phone Shein
Released from Fact Hub Go: Content Writer Desk, Earthquake Response©️ 𝟮𝟬𝟮𝟰-𝟮𝟬𝟮𝟱 | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿
Fact_Hub #Earthquake_Response
Fact Hub Myanmar
Proudly powered by FH Editor Team
This content is licensed under CC BY-NC-ND 4.0
