ပါလ်ဆာဖျူရှင်အမည်ရ ယူကေအခြေစိုက် အာကာသကုမ္ပဏီဟာ နျူကလီးယား ဖျူရှင် (fusion) စနစ်ကိုအသုံးပြုထားတဲ့ ဒုံးပျံအင်ဂျင်တစ်ခု တည်ဆောက်နေပြီး အဲ့ဒီအင်ဂျင်ဟာ နေရဲ့အပူချိန်ထက် ကျော်လွန်ခံနိုင်ရည်ရှိမယ်လို့ ဆိုပါတယ်။ ကမ္ဘာ့အကြီးဆုံး ဖျူရှင်စွမ်းအင်သုံး ဒုံးပျံအင်ဂျင်ဖြစ်လာနိုင်ပြီး အဲ့ဒီအင်ဂျင်သုံး ဒုံးပျံဟာ တစ်နာရီကို မိုင်ငါးသိန်းကျော်တဲ့ နှုန်းနဲ့ အာကာတစ်ခွင် ခရီးနှင်နိုင်မှာ ဖြစ်ပါတယ်။
နျူကလီးယားဖျူရှင်နည်းပညာဟာ လက်ရှိအချိန် ကမ္ဘာပေါ်မှာ ဖြစ်နေတဲ့ စွမ်းအင်လိုအပ်ချက်နဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းကာကွယ်ရေးကိစ္စတွေအတွက် ဖြေရှင်းနည်အဖြစ် သတ်မှတ်ခံထားရတဲ့ သန့်စင်စွမ်းအင်အမျိုးအစားတစ်ခုပါ။ ကမ္ဘာနဲ့တစ်ဝှမ်းက နျူကလီးယားစွမ်းအင်သုံး ဓာတ်ပေါင်းဖိုတွေအကုန်လုံးဟာ စွမ်းအင်ထုတ်လုပ်တဲ့နေရာမှာ ဖစ်ရှင် (Fission) ကိုပဲ အဓိကထား အသုံးပြုနေကြတာပါ။ ဖစ်ရှင်ထက် စွမ်းအင်ထုတ်လုပ်မှု ပိုမိုများပြားပြီး ပိုမိုအားကောင်းတဲ့ ဖျူရှင်နည်းပညာကိုတော့ အနာဂတ်ရဲ့ နည်းပညာတစ်ခုအဖြစ် သတ်မှတ်ထားကြပြီး လက်ရှိအချိန်ထိ စမ်းသပ်နေဆဲဖြစ်ပါတယ်။
ဖစ်ရှင်နဲ့ ဖျူရှင်အကြောင်း အသေးစိတ်ကိုတော့ ဒီ link လေးကတဆင့် ဖတ်ရှုနိုင်ပါတယ်။
သိပ္ပံပညာရှင်တွေကလည်း လွန်ခဲ့တဲ့နှစ်တွေက စပြီး နျူကလီးယားဖျူရှင်စနစ်နဲ့ လည်ပတ်နိုင်မယ့် ဓာတ်ပေါင်းဖိုတေွ စမ်းသပ်ဆောက်လုပ်နေပြီး အင်မတန်မြင့်မားတဲ့ အပူချိန်တွေကိုလည်း စံချိန်တင်ရရှိထားပါတယ်။ ဒါပေမဲ့ဖျူရှင်ကရတဲ့ စွမ်းအင်ကိုတော့ သေသေချာချာအသုံးပြုရတာမျိုး မရှိသေးပါဘူး။
ပါလ်ဆာဖျူရှင်ရဲ့ တည်ထောင်သူ၊ စီအီးအိုဖြစ်တဲ့ ရစ်ချက်ဒီနန်ကတော့ အာကာသစူးစမ်းလေ့လာရေးတွေအတွက် အသုံးပြုတဲ့ ဒုံးပျံတွေမှာ နျူကလီးယား ဖျူရှင်စွမ်းအင် အသုံးပြုဖို့ ကြိုးပမ်းနေသူတစ်ယောက်ပါ။ သူ့ကုမ္ပဏီဟာ လက်ရှိအချိန်မှာ ယူကေအာကာသအေဂျင်စီနဲ့အတူ ဖျူရှင်စွမ်းအင်သုံး ဒုံးပျံအင်ဂျင်တစ်ခု ပူးပေါင်းတည်ဆောက်နေပြီး အဲ့ဒီဒုံးပျံအင်ဂျင်ကို တပ်ဆင်အသုံးပြုတဲ့အချိန်မှာ သူ့ရဲ့ အပူချိန်ဟာ နေရဲ့အပူချိန်ကို ကျော်လွန်သွားမယ်လို့ ဆိုပါတယ်။
ပါလ်ဆာဖျူရှင်ဟာ Direct Fusion Drive (DFD) ကို စတင်လုပ်ဆောင်နေပြီဖြစ်ပြီး DFD စနစ်ကိုသုံးမယ်ဆိုရင် နျူကလီးယားဖျူရှင်ကထွက်တဲ့ စွမ်းအင်ကို လျှပ်စစ်စွမ်းအင်အဖြစ် တဆင့်ခံပြောင်းလဲနေမှာမဟုတ်ဘဲ အင်ဂျင်ရဲ့ တွန်းအားအဖြစ် တိုက်ရိုက်အသုံးပြု မောင်းနှင်မှာပါ။ ပါလ်ဆာက လုပ်ဆောင်နေတဲ့ DFD မှာဆိုရင် ဓာတ်ပေါင်းဖိုဟာ စွမ်းအင်အဖြစ်နဲ့ လျှပ်ဓာတ်ဆောင်အမှုန် ပလာစမာတွေကို ထုတ်လွှတ်ပြီး လည်ပတ်နေတဲ့ သံလိုက်စက်ကွင်းကနေတဆင့် မောင်းနှင်ဖို့ တွန်းအားရရှိမှာဖြစ်ပါတယ်။ အဲ့ဒီ ပလာစမာ ပါတီကယ်တွေက အင်ဂျင်ရဲ့ အိတ်ဇောကနေ တစ်နာရီကို မိုင်ငါးသိန်းနှုန်းနဲ့ လွတ်ထွက်မှာဖြစ်ပြီး အဲ့ဒီကနေတဆင့် ဒုံးပျံအတွက်လိုအပ်တဲ့ တွန်းအား (Thrust force) ကို ရရှိမှာပါ။
ဒုံးပျံအင်ဂျင်နဲ့ သူနဲ့ဆက်စပ်လိုအပ်မယ့် နည်းပညာတွေကိုတော့ လက်ရှိအချိန်မှာ အကောင်အထည်ဖော်နေဆဲဖြစ်ပြီး အောင်မြင်ခဲ့မယ်ဆိုရင် နေအဖွဲ့အစည်းရဲ့ ပြင်ပအထိပါ တွင်တွင်ကျယ်ကျယ် နယ်ချဲ့ခရီးနှင်နိုင်ဖို့ လမ်းစပွင့်လာမှာဖြစ်ပါတယ်။ ပါလ်ဆာက တီထွင်ထုတ်လုပ်နေတဲ့ ဒီဖျူရှင်အင်ဂျင်ကို တပ်ဆင်ထားတဲ့ ဒုံးပျံဟာ ကမ္ဘာကနေ ပလူတိုဂြိုဟ်ကို ရောက်ဖို့ အရင်လို ဆယ်စုနှစ်တစ်ခုစာ ခရီးနှင်စရာမလိုဘဲ အချိန်ငါးနာရီနဲ့ ရောက်ရှိနိုင်ပြီး စေတန်ဂြိုဟ်ရဲ့ ဂြိုဟ်ရံလဖြစ်တဲ့ တိုက်တန်ကိုရောက်ဖို့ အချိန် နှစ်နာရီခန့်သာ ကြာမြင့်နိုင်တော့မှာ ဖြစ်ပါတယ်။
Source – Interesting Engineering, NASA, How stuff works
Image – Interesting Engineering
Written by – Zwe Thukha Min
Edited by – Fact Hub Editor Team
©️ 𝟮𝟬𝟮𝟯-𝟮𝟬𝟮𝟰 | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿
#Fact_Hub #News #Science_Updates #Aerospace #Fusion #Rocket_Engine #Pulsar
Fact Hub Myanmar
Proudly powered by FH Editor Team
This content is licensed under CC BY-NC-ND 4.0
