– လကမ္ဘာပေါ်သို့ ခြေချခြင်း (၅၄) နှစ်ပြည့်
လူသားတွေဟာ ဘာဆိုဘာမှ မဟုတ်တဲ့ ဆဲလ်တစ်လုံးသက်ရှိလေးအဖြစ်ကနေ ကမ္ဘာပေါ်က ဉာဏ်ရည်အမြင့်ဆုံး သက်ရှိအဖြစ်ကို ဆင့်ကဲပြောင်းလဲလာခဲ့ကြတယ်။ ကျွန်တော်တို့လူသားတွေက ဘက်တီးရီးယားတွေ၊ ငါးတွေ၊ မျောက်တွေနဲ့ အမျိုးတော်ခဲ့ကြဖူးတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းခြောက်သန်းလောက်တုန်းကစပြီး လူသားမျိုးနွယ်ရဲ့ အစ ဘိုးအေကြီးတွေက သူတို့ရဲ့ ခြေထောက်ပုတိုတိုလေးတွေကို ထောက်ရပ်ကြပြီး ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာခဲ့ကြတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်သန်းခွဲ သမိုင်းမတင်မီခေတ်လောက်ကတည်းက ကျွန်တော်တို့ ဟိုမိုဆေးပီးယန်းတွေက သဘာဝပတ်ဝန်းကျင်ကို စူးစမ်းလေ့လာမှုတွေ ပြုလုပ်ခဲ့ကြတယ်။ သူတို့က မရောက်ဖူးတဲ့ နေရာတွေဆီ သွားကြတယ်။ တိုက်ကြီးတွေ တစ်ခုနဲ့ တစ်ခု ဖြတ်ကျော်ပြီး နယ်ချဲ့ကြတယ်။ နေရာတစ်နေရာကို ရောက်ရင် အခြေတကျ စုစည်းနေထိုင်ကြတယ်၊ လူ့အဖွဲ့အစည်းတွေ ဖြစ်တည်ခဲ့ကြတယ်၊ ရှေးဟောင်းယဉ်ကျေးမှုတွေ စတင်ဖြစ်ပေါ်ခဲ့တယ်။ အဲ့ဒီနောက် သူတို့က ကျန်နေသေးတဲ့ နေရာတွေကို ဆက်လက်နယ်ချဲ့ကြတယ်။ ဟိုမိုဆေးပီးယန်းတွေက မြေကြီးပေါ်မှာ အလုပ်ရှုပ်ရတာ ကြာလာတော့ ကောင်းကင်ပေါ်ကို မော့ကြည့်ပြီး စူးစမ်းလေ့လာခဲ့ကြတယ်။ နေဆိုတာ ဘာလဲ၊ လဆိုတာ ဘာလဲ၊ ကြယ်က ဘာ၊ ဂြိုဟ်ကဘာ .. စတာတွေကို သူတို့ခေတ် သူတို့အချိန်အခါအလိုက် သင့်တော်တဲ့အဖြေတွေ ရှာခဲ့ကြတယ်။ အဲ့ဒီလို စူးစမ်းလေ့လာမှုတွေကို အခြေခံလို့ လောကဓာတ်သိပ္ပံပညာ ပေါ်ပေါက်လာခဲ့တယ်။ ၁၄ ရာစုကနေ ၁၇ ရာစုနှစ်တွေကစပြီး လူသားတွေက အတော်ကြီးမားတဲ့ သိပ္ပံဆိုင်ရာ တိုးတက်ပြောင်းလဲမှုတွေ၊ ရီနေးဆန့်တွေကို ကြုံတွေ့ခဲ့ရတယ်။ လူသားသမိုင်းအတွက် ကြီးမားတဲ့ အရွေ့တွေကို ဖော်ဆောင်နိုင်ပြီး ရာစုနှစ်အနည်းငယ်အတွင်းမှာပဲ ကမ္ဘာကြီးဟာ အရှိန်အဟုန်နဲ့ တိုးတက်ပြောင်းလဲခဲ့တယ်။
အဲ့ဒီနောက် ၁၉ ရာစုနှစ်ဝက်ကျော် ဆယ်စုနှစ်တစ်ခုရဲ့ နှစ်တစ်နှစ်မှာ ဟိုမိုဆေးပီးယန်းတွေက ကမ္ဘာမဟုတ်တဲ့ တခြားမြေတစ်ခုပေါ်မှာ ခြေချနိုင်ခဲ့တယ်။ ၁၉၆၉ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့မှာ လူသားတွေ လကမ္ဘာပေါ်ကို ဆင်းသက်နိုင်ခဲ့တယ်။ အတိအကျဆိုရင်တော့ အပိုလို ၁၁ အမည်ရ အာကာသယာဉ်နဲ့ နိုင်ငံတကာစံတော်ချိန် ည ၈ နာရီနဲ့ ၁၇ မိနစ်မှာ လကမ္ဘာပေါ်ကို ဆင်းသက်နိုင်ခဲ့တာ။ ယာဉ်ဆင်းသက်ပြီး ခြောက်နာရီအကြာမှာ အာကာသယာဉ်မှူး နေးလ် အမ်းစထရောင်းက လကမ္ဘာပေါ်ကို ပထမဆုံး ခြေချနိုင်ခဲ့တယ်။ နိုင်ငံတကာစံတော်ချိန်အရ ဇူလိုင်လ ၂၁ ရက်နေ့ ည ၂ နာရီ ၅၆ မှာပေါ့။ အမ်းစထရောင်း ဂြိုဟ်ဆင်းယာဉ်ကလေးဆီက ချထားတဲ့ လှေကားကနေ လကမ္ဘာရဲ့ မြေပြင်ပေါ် ဖြည်းဖြည်းချင်းဆင်းနေတဲ့ ပုံရိပ်ကို တစ်ကမ္ဘာလုံးက ရင်သပ်ရှုမော စောင့်ကြည့်နေခဲ့ကြတယ်။ တစ်ကမ္ဘာလုံးက အမွေးတုံးမျောက်ဝံတွေက သူတို့အမျိုးတစ်ယောက် လကမ္ဘာပေါ် ခြေချနေတဲ့ သမိုင်းဝင်အခိုက်အတန့်ကို တိုက်ရိုက်ကြည့်ရှုနေကြတာ။ သစ်ဥသစ်ဖုတွေစားပြီး ဗိုက်ဆာတော့မှ အမဲထလိုက်၊ ရလာတဲ့အသား အစိမ်းစားတတ်ခဲ့တဲ့ အမွေးတုံးမျောက်ဝံတွေ ကမ္ဘာနဲ့ ကီလိုမီတာသိန်းချီဝေးတဲ့ မြေတစ်ခုပေါ် ခြေချနိုင်ခဲ့တာဟာ ဒီကနေ့မှာ ၅၄ နှစ် ပြည့်ပါပြီ။ တစ်နည်းအားဖြင့် လူသားတို့ မိမိတို့ရဲ့ မိခင်ဂြိုဟ်ကို ကျော်လွန်ပြီး အာကာသကိုလိုနီစတင်တဲ့ မှတ်ကျောက်တစ်ခုပေါ့။
နေးလ်အမ်းစထရောင်းပြောခဲ့တဲ့စကားအရ
“လူသား တစ်ယောက်အတွက်တော့ ခြေလှမ်းသေးသေးလေးပါပဲ၊ ဒါပေမဲ့ လူသားမျိုးနွယ်တစ်ခုလုံးအတွက်ဆိုရင်တော့ ကြီးမားတဲ့ ခြေလှမ်းပါပဲ”။
Image – NASA
Telegram – t.me/facthub_mm
www.facthub-mm.org မှာလည်းဝင်ဖတ်နိုင်ပါတယ်။
Written by – Zwe Thukha Min
Edited by – Fact Hub Editor Team
©️ 𝟮𝟬𝟮𝟯-𝟮𝟬𝟮𝟰 | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿
#Fact_Hub #Moon_landing #54thAnniversary #Short #Essay #nostalgia
Fact Hub Myanmar
Proudly powered by FH Editor Team
This content is licensed under CC BY-NC-ND 4.0
