Close Menu
Fact Hub Myanmar
    Archives
    • April 2025
    • March 2025
    • January 2025
    • November 2024
    • October 2024
    • September 2024
    • July 2024
    • May 2024
    • March 2024
    • January 2024
    • December 2023
    • November 2023
    • October 2023
    • September 2023
    • August 2023
    • July 2023
    • June 2023
    • May 2023
    • April 2023

    ရှင်သန်ကျန်ရစ်သူရဲ့ အပြစ်ရှိစိတ် (Survivor Guilt) ကို ဘယ်လို သက်သာစေမလဲ . . .

    April 4, 2025

    ငလျင်ကို ဘာကြောင့် ကြိုတင်ခန့်မှန်းလို့ မရတာလဲ . . . ?

    April 4, 2025

    မန္တလေးကျုံးက ပလတ်စတစ်နဲ့ ဖော့ဘူးခွံတွေ

    April 4, 2025

    မြစ်ရေခမ်းတာလား . . . မြေအရည်ပျော်တာလား . . . ?

    April 4, 2025
    Facebook X (Twitter) Instagram
    Fact Hub Myanmar
    • In-depth Articles
    • News
    • Contri Column
    Fact Hub Myanmar
    Home»Uncategorized»လူဖြူတစ်ယောက်က ဖန်တီးခဲ့တဲ့ လူမည်းဇာတ်ဆောင် ကလေးရုပ်ပြစာအုပ် (သို့မဟုတ်) ဂန္ထဝင်ကလေးစာပေအညွှန်း (၂)
    Uncategorized

    လူဖြူတစ်ယောက်က ဖန်တီးခဲ့တဲ့ လူမည်းဇာတ်ဆောင် ကလေးရုပ်ပြစာအုပ် (သို့မဟုတ်) ဂန္ထဝင်ကလေးစာပေအညွှန်း (၂)

    Htet Phone SheinBy Htet Phone SheinSeptember 23, 2023Updated:March 3, 2024No Comments5 Mins Read
    လူဖြူတစ်ယောက်က ဖန်တီးခဲ့တဲ့ လူမည်းဇာတ်ဆောင် ကလေးရုပ်ပြစာအုပ် (သို့မဟုတ်) ဂန္ထဝင်ကလေးစာပေအညွှန်း (၂)
    Share
    Facebook Email Telegram
    လူဖြူတစ်ယောက်က ဖန်တီးခဲ့တဲ့ လူမည်းဇာတ်ဆောင် ကလေးရုပ်ပြစာအုပ် (သို့မဟုတ်) ဂန္ထဝင်ကလေးစာပေအညွှန်း (၂)

    နှင်းနဲ့ ပတ်သက်ရင် လူတွေမှာ အတွေးတစ်ခု ရှိတတ်ကြတယ်။ နှင်းကျတဲ့ အရပ်မှာ နေရင်ပဲဖြစ်ဖြစ်၊ နှင်းသိပ်မကျတဲ့ ဒေသမှာ နေရင်ပဲဖြစ်ဖြစ်၊ နှင်းလုံးဝမကျတဲ့ နေရာမှာ နေရင်ပဲဖြစ်ဖြစ် ပထမဆုံးနှင်းကျတာကို မြင်ရကြည့်ရရင် ကြည်နူးစရာကောင်းပြီး မျှော်လင့်ချက်တစ်ခု ဖြည့်ဆည်းပေးခံလိုက်ရသလိုပဲ ဆိုတဲ့ အတွေးလေးပေါ့။ ဇာတ်လမ်းတွေ၊ ရုပ်ရှင်တွေထဲက ဒါမှမဟုတ် နှင်းကျတဲ့ အရပ်ဒေသက လူအချို့ရဲ့ ပြောစကားအရ လူကြီးတွေအတွက်တော့ နှင်းကျတဲ့၊ နှင်းထူတဲ့ နေ့တွေဟာ စိတ်ဖိစီးစရာ၊ နှင်းရှင်းတာကို တကူးတက လုပ်ရမှာ၊ စိတ်ရှုပ်ရတယ် ဆိုပေမဲ့ လွတ်လပ်ပေါ့ပါးပြီး ရွှင်မြူးနေတတ်တဲ့ ကလေးလေးတွေအတွက်ကတော့ ဒီလိုနေ့တွေဟာ အပြင်ထွက်ပြီး နှင်းတွေကြား ဆော့ကစားလို့ ကောင်းတဲ့ နေ့တွေပဲပေါ့။

    အဲဒီလို ဆော့တတ်တဲ့ ကလေးတွေထဲမှာ ပီတာ (Peter) တစ်ယောက်လဲ အပါအဝင် ဖြစ်ပါတယ်။ ပီတာက နှင်းထူထူကျထားတဲ့ တောင်ပူစာလေးတွေပေါ်မှာ ဆောင်းဝတ်အနီရောင်ဝတ်စုံပြည့်လေးနဲ့ ကစားတတ်တဲ့ ကလေးလေးပါ။ ဆောင်းရာသီရဲ့ နှင်းကျတဲ့ ရက်တစ်ရက်မှာ ပီတာ နိုးလာခဲ့တယ်။ အိမ်ပြင်ထွက်ပြီး နှင်းပြင်ပေါ်မှာ ခြေရာလေးတွေ ချန်ခဲ့လိုက်တယ်။ ပီတာက အသက်ငယ်သေးတော့ သူ့ထက် အသက်ကြီးသူတွေနဲ့ နှင်းဘောလုံးပစ်တမ်းကစားဖို့ အရွယ်မမျှတာမို့ သူတစ်ယောက်တည်းပဲ နှင်းလူရုပ်တစ်ခုနဲ့ နှင်းနတ်သားနတ်သမီးရုပ်တွေ လုပ်ခဲ့တာပေါ့။ အဲဒီနောက်တော့ တောင်ပူစာလေးပေါ်ကနေ လျှောဆင်းလာခဲ့တယ်။ ပီတာဟာ သူ့အိတ်ကပ်လေးထဲမှာတော့ နှင်းလုံးလေးတစ်လုံး ထည့်သိမ်းပြီး အိမ်ပြန်လာခဲ့ပါတယ်။ အိပ်ရာမဝင်ခင်မှာပဲ နှင်းလုံးလေး အရည်ပျော်သွားတာကို မြင်လိုက်ရတော့ ပီတာခမျာ အတော်လေး ဝမ်းနည်းခဲ့ရတယ်။ ဒါပေမဲ့လဲ နောက်ရက်မှာတော့ နှင်းတွေက အရင်နေ့ကထက် ပိုကျလာခဲ့တယ်။ ပီတာလဲ နှင်းတွေကြားမှာ သူ့သူငယ်ချင်းတစ်ယောက်နဲ့အတူ ထွက်ဆော့တော့တယ်။ ဒီတော့ နှင်းကျတဲ့ နေ့ဟာ ပီတာ့အတွက် တစ်ယောက်တည်းပဲဖြစ်ဖြစ်၊ သူငယ်ချင်းနဲ့ပဲဖြစ်ဖြစ် ဆော့ကစားရမဲ့ နေ့လေးတစ်နေ့ပဲ လို့ အက်ဇ်ရာဂျက်ကိ(တ်)စ်က “နှင်းကျတဲ့ နေ့ (The Snowy Day)” မှာ ဖန်တီးတင်ပြထားခဲ့ပါတယ်။

    ရိုးရှင်းတဲ့ ဇာတ်ကြောင်းတစ်ခုမျှသာပါပဲ လို့ ထင်ကောင်းထင်နိုင်ပေမဲ့ ကိ(တ်)စ်က ဒီစာအုပ်ကို အသေးစိတ် ဖန်တီးထားခဲ့တာပါ။ college art အဖြစ် ပေါင်းစပ်ဖန်တီးတဲ့ နေရာမှာ ဆီစိမ်အဝတ်စတွေ၊ စကျင်ကျောက်နဲ့ လုပ်ထားတဲ့ စက္ကူတွေ၊ ရေဆေးတွေ၊ အိန္ဒိယမင်တွေအပြင် ကမ္ဘာတစ်ဝှမ်းက ကောင်းပေ့လှပေ့ဆိုတဲ့ စက္ကူတွေကိုပါ ဖြတ်တောက်အသုံးပြုခဲ့ပြီး ဘယ်နှကြိမ်ကြည့်ကြည့် မျက်စိပသာဒဖြစ်ပြီး စိတ်ကျေနပ်စရာကောင်းအောင် ပေါင်းစပ်ပုံဖော်ခဲ့ပါတယ်။ ဒါကြောင့်ပဲ ကိ(တ်) ကို သူ့ရဲ့ ခေတ်ပြိုင်အနုပညာရှင်တစ်ဦးဖြစ်တဲ့ ရေနိုးလ်ဒ်ရပ်ဖဲင်စ်က “ဖန်တီးနေတဲ့ ရုပ်ပုံတစ်ပုံချင်းစီအတွက်  စက္ကူစတွေကို မှန်မှန်ကန်ကန် ရွေးချယ်နိုင်ဖို့ တစိမ့်စိမ့်တွေးဆရင်း နေ့ရက်တွေကို ကုန်ဆုံးခဲ့လောက်ပုံပဲ” လို့ ရေးသားဖော်ပြခဲ့ဖူးပါတယ်။ ဒီလို ကြိုးစားအားထုတ်မှုတွေကြောင့် ကလေးရုပ်ပြစာအုပ်တွေထဲမှာ ကားလ်ဒက်ကော့တ်ဆု (the Caldecott Medal) ကို ရရှိခဲ့တဲ့ အာဖရိကန်အမေရိကန်လူမည်းကလေးဇာတ်ဆောင် ပါဝင်တဲ့ ပထမဆုံးစာအုပ်အဖြစ် မှတ်တမ်းဝင်ခဲ့တာပါ။ ဒါ့အပြင် ကိ(တ်)စ်ရဲ့ ဖန်တီးမှုဟာ ကလေးစာဖတ်ပရိသတ်တွေကို ကိုယ့်ပုံစံလေးနဲ့ ကိုယ် နေပြီး ကိုယ့် ဆော့ချင်တာလေးတွေ ရှိရင် ပီတာလိုပဲ လွတ်လွတ်လပ်လပ် ဆော့နိုင်ဖို့ အသိအမြင်တစ်ခုကို ပေးနိုင်ခဲ့တဲ့အတွက် “နှင်းကျတဲ့ နေ့ (The Snowy Day)” ဟာ အမေရိကန်နိုင်ငံက စာကြည့်တိုက်တိုင်းမှာ အနည်းဆုံးတစ်အုပ်စီ ထားပေးရပြီး အငှါးအများဆုံးစာအုပ်အဖြစ်လဲ အမြဲမှတ်တမ်းဝင်နေခဲ့တာ ယနေ့အချိန်အထိပါပဲ။

    ကိ(တ်)စ်ဟာ ကလေးတစ်ယောက်က သူ့ဆီ ပေးပို့ခဲ့တဲ့ စာတစ်စောင်ထဲက အကြိုက်ဆုံးဖြစ်တဲ့ “မင်းမှာ ကလေးတစ်ယောက်ရဲ့ စိတ်သဘောမျိုးရှိလို့ ငါတို့ မင်းကို သဘောကျတယ်” စာကြောင်းကို အမြဲဆိုသလို ကိုးကားဖော်ပြလေ့ရှိခဲ့ပါတယ်။ ဒီကိုးကားချက်ကို သက်သေခံနေကြောင်း ပြလို့ ရတဲ့ အချက်ကတော့ ကိ(တ်) က ဒီစာအုပ်ထဲမှာ ပီတာဟာ နက်နဲတဲ့ နှင်းထုထဲ လျှောက်သွားကြောင်း ရေးသားချက်ပါပဲ။ လူကြီးတွေအနေနဲ့ ကြည့်ရင် ဒီစာအုပ်ထဲက နှင်းထုဟာ ပါးပါးသာ ဖြစ်နိုင်ပေမဲ့ ကလေးငယ်တစ်ယောက်ရဲ့ မြင်ကနေ ကြည့်ရင် ဒီနှင်းထုဟာ နက်နဲထူထဲနေမှာ ဖြစ်သလို လူကြီးအမြင်မှာ နှင်းသိပ်နေတဲ့ တောင်ပူစာလေးတွေ ဆိုပေမဲ့ ကလေးငယ်ဖြစ်တဲ့ ပီတာ့အတွက်တော့ လျှောဆင်းစရာ တောင်တန်းတစ်ခုလို ဖြစ်နေနိုင်တာပေါ့။ အရွယ်ရောက်ပြီးသူတစ်ယောက်အမြင်က ကြည့်ရင် ယုတ္တိမကျဘူး၊ ချဲ့ကားလွန်းတယ် လို့ မြင်နိုင်ပေမဲ့ တကယ်တော့ ကိ(တ်)စ်က ကလေးတစ်ယောက်လို စိတ်၊ ကလေးတစ်ယောက်ရဲ့ အမြင်မျိုးနဲ့ လက်တွေ့ကျကျ မြင်ပြီး ယုတ္တိကျကျ ဖန်တီးထားခဲ့တာပဲ ဖြစ်ပါတယ်။ ကိ(တ်)စ်ရဲ့ ဇာတ်ဆောင် ပီတာနဲ့ ပတ်သက်ပြီး ဝါရှင်တန်သတင်းအချက်အလက်တက္ကသိုလ် (University of Washington Information School) က ကလေးသူငယ်နှင့်လူငယ်ဝန်ဆောင်မှုဌာနက ပါမောက္ခမီရှဲအိပ်ချ်မာတင်က “နေ့စဉ်ဘဝမှာ အလုပ်တွေနဲ့ ပိပြားတဲ့ ၂၁ ရာစုက ကျွန်မတို့တွေကို ပီတာလေးကို ပိုပြီး အသိအမှတ်ပြုစေပါတယ် – ပျော်ရွှင်ဆော့ကစားဖို့ အနူးအညွတ်တောင်းဆိုနေတဲ့ နှင်းတွေ ဝန်းရံထားတဲ့ အပြင်ကို တစ်နေလုံး ထွက်ဆော့ခွင့် ဆိုတဲ့ စည်းစိမ်တစ်ခု ရထားတဲ့ ကလေးလေးတစ်ယောက်ပေါ့” လို့​တောင် ရေးသားဖော်ပြခဲ့ပါတယ်။

    လူဖြူတစ်ယောက်ဖြစ်တဲ့ ကိ(တ်)စ်ဟာ လူမည်းဇာတ်ဆောင်ကို ကလေးစာပေလောကမှာ ပထမဆုံး ထည့်သွင်းဖန်တီးခဲ့သူ မဟုတ်ပေမဲ့ အထက်မှာ ဖော်ပြခဲ့တဲ့အတိုင်း ကလေးစာပေနယ်ပယ်မှာ အကျိုးသက်ရောက်မှု အလွန်ကြီးမားခဲ့တဲ့ ပထမဆုံး စာအုပ်ကို ဖန်တီးခဲ့သူပါ။ ဒါ့အပြင် နယူးယော့ခ်တိုင်းမ်ရဲ့ ဖော်ပြချက်အရ ကိ(တ်)စ်ဟာ အာဖရိကန်အမေရိကန်လူမည်းကလေးငယ်ကို အဓိကဇာတ်ဆောင်အဖြစ် ထည့်သွင်းထားတဲ့ ပထမဆုံးကလေးရုပ်ပြစာအုပ်ကို ဖန်တီးခဲ့သူ ဖြစ်ပြီး ပီတာက စပြီး သူ့ရဲ့ အခြားစာအုပ်တွေမှာလဲ လူမည်းဇာတ်ဆောင်တွေ ထည့်သွင်းဖော်ပြရင်း အသားအရောင်ခွဲခြားမှုကို ကလေးစာပေမှာ ချိုးဖျက်ခဲ့သူတစ်ဦးလို့ ဆိုလို့ ရပါတယ်။

    ဖလောရန့်စ်ဘီဖရိဒ်မဲန်းက ၁၉၆၉ ခုနှစ်မှာ ကိ(တ်)စ်နဲ့ လုပ်ခဲ့တဲ့ အင်တာဗျူးအကြောင်း ရေးသားချက်အရ ကလေးဘဝတုန်းက ကိ(တ်)စ် ရဲ့ အဖေက ကိ(တ်) စ်ရဲ့ အနုပညာကို ရှုတ်ချခဲ့ပါတယ်။ အရှက်ရစရာလို့လဲ မြင်ခဲ့ပုံပါ။ အဲဒီအချိန်မှာ ကိ(တ်)စ်အတွက် အားအင်တစ်ခုဖြစ်စေခဲ့တာဆိုလို့ သူ့အမေတစ်ယောက်ပါပဲ။ ပန်းချီကားတွေကို အဖေ မမြင်အောင် အမေက ကူဝှက်သိမ်းပေးခဲ့တယ်။ ကိ(တ်)စ်ရဲ့ အဖေက ‘အနုပညာသမားတွေက ငယ်မွတ်နေရတဲ့လူတွေ၊ ဂရင်းဝစ်ချ်ရွာမှာ စားပွဲထိုးလုပ်နေတဲ့ သူ့အနေနဲ့ ခပ်ကြောင်ကြောင်ပန်းချီဆရာတွေခမျာ ကံကောင်းအကြောင်းအလှခြင်းနည်းပါးကြောင်းကို မြင်ခဲ့ရတယ်’ လို့ ပြောခဲ့တာမျိုးတောင် ရှိပါတယ်။ ဒါကြောင့်ပဲ “နှင်းကျတဲ့ နေ့ (The Snowy Day)” မှာ ပီတာအတွက် အမေဇာတ်ဆောင်ပဲ ပါပြီး အဖေဇာတ်ဆောင် မထည့်ထားတာလား လို့ တွေးကောင်းတွေးစရာလဲ ဖြစ်ရပြန်ပါတယ်။ ဒါပေမဲ့ ကိ(တ်)စ် နောက်ပိုင်းမှာ သိခဲ့ရတာက သူ ပန်းချီဆွဲဖို့ လိုအပ်တဲ့ ပစ္စည်းတွေကို အဖေက တောက်လျှောက်ဝယ်ပေးနေခဲ့တယ် ဆိုတာပါပဲ။ ရှေ့မှာ တစ်မျိုးပြောဆိုနေပေမဲ့ နောက်ကွယ်က ထောက်ပံ့ပေးနေခဲ့တဲ့ အဖေ့အတွက် ကိ(တ်)စ်မှာ ဝမ်းနည်းစရာတွေ ပိုဖြစ်သွားစေခဲ့တာကတော့ အဖေ ကွယ်လွန်ပြီးသွားတဲ့နောက် သူ တွေ့မိတဲ့ ပိုက်ဆံအိတ်ထဲက သတင်းစာဖြတ်ပိုင်းလေးတွေနဲ့ သူ အောင်မြင်ခဲ့တာတွေနဲ့ ပတ်သက်တဲ့ အမှတ်တရပုံလေးတွေ ဖြစ်နေခဲ့တာပါ။ အဲဒီနောက်မှာတော့ ကိ(တ်)စ်ဟာ ရုပ်ပြသရုပ်ဖော်သူတစ်ဦးအဖြစ် အလုပ်လုပ်ခဲ့တယ်။ သူ့လက်ရာတွေက ကလေးတွေအတွက် လေးစားစရာကောင်းတဲ့ အနုပညာရှင်တစ်ဦး ဖြစ်လာခဲ့တာပေါ့။

    ၁၉၆၀ ခုနှစ်မှာ ကိ(တ်)စ်က သူ့ရဲ့ ပထမဆုံးစာအုပ်အဖြစ် “ငါ့ခွေးကလေး ပျောက်သွားတယ် (My Dog is Lost)” ကို ပူးတွဲရေးသားခဲ့ပြီးနောက် ၁၉၆၂ ခုနှစ်မှာ ထုတ်ဝေတဲ့ ဒုတိယမြောက်စာအုပ်က ကိ(တ်)စ်ရဲ့ ဘဝကို အကြီးအကျယ်ပြောင်းလဲသွားစေခဲ့ပါတယ်။ “နှင်းကျတဲ့ နေ့” ရဲ့ သရုပ်ဖော်ပုံဖွဲ့စည်းမှုက ဆွဲဆောင်မှု ရှိလို့ အောင်မြင်တယ် ဆိုတာထက် ပိုပြီး ထူးခြားနေတဲ့အချက်ကတော့ အဓိကဇာတ်ဆောင်ကို နီဂရိုးကလေးလေးတစ်ယောက်အဖြစ် ဖန်တီးထားခဲ့ခြင်းပါပဲ။ ဖရိဒ်မဲန်းကတော့ “ပီတာဟာ နီဂရိုးကလေးလေးတစ်ယောက်ဆိုတာကို စာသားတွေကနေ မဟုတ်ဘဲ ပုံတွေကနေ မြင်ရပါတယ်။ ဒါပေမဲ့ ဒီစာအုပ်က ရည်ရွယ်ချက်တစ်ခု ဒါမှမဟုတ် အာဘော်တစ်ခုနဲ့ ရေးသားထားတယ် လို့ ခံစားမိတာမျိုး မရှိဘူး။ ကလေးတွေအတွက်တော့ ဒီစာအုပ်က ကလေးတစ်ယောက်အကြောင်းပါပဲ” လို့ ရေးသားခဲ့တယ်။

    ဒါပေမဲ့ “နှင်းကျတဲ့ နေ့ (The Snowy Day)” နဲ့ ပတ်သက်ပြီး အငြင်းပွါးဖွယ်ရာတွေ၊ မေးခွန်းထုတ်စရာတွေလဲ ရှိနေခဲ့ပါတယ်။ လူဖြူတစ်ယောက်က လူမည်းတွေရဲ့ ဘဝအကြောင်း ရေးသားခွင့်ရှိရဲ့လား၊ ဇာတ်လမ်းထဲမှာ ပီတာရဲ့ ဖခင်မပါတဲ့အတွက် ပီတာ့အမေက single mother တစ်ယောက်လား၊ ပီတာနဲ့အတူ အိမ်မှာ တစ်နေ့လုံး ရှိနေနိုင်တဲ့အတွက် ပီတာတို့က အထက်တန်းလွှာကလား၊ ဒါမှမဟုတ် ပီတာ့အမေက အလုပ်မရှာနိုင်လို့လား၊ ဒါဆိုရင် ပီတာတို့က ငွေကြေးချို့တဲ့တဲ့ မိသားစုလား . . . ဒီလို မေးခွန်းတွေပေါ့။ လူမည်းအခွင့်အရေးတက်ကြွလှုပ်ရှားမှုခေါင်းဆောင်တွေကတော့ ကိ(တ်)စ်ရဲ့ ဖန်တီးမှုကိုအားပေးထောက်ခံခဲ့ကြပြီး လဲန်းစ်တန်ဟဂ်ဟက်စ်ကတောင် “အက်ဇ်ရာဂျက်ကိ(တ်)စ်ရဲ့ နှင်းကျတဲ့ နေ့က လုံးဝကို ချစ်စရာ ကောင်းတဲ့ စာအုပ်လေးပဲ။ ဒီစာအုပ်လေးကို ပေးဖို့ မြေးကလေးတွေ ငါ့မှာ ရှိချင်တယ်။ ရှိတယ်၊ ငါ့မှာ (တကယ်လဲ မြေးကလေးတွေ) ရှိနေပါတယ်” ဆိုတဲ့ အကြောင်း ပါတဲ့ မေးလ်တစ်စောင် ရေးခဲ့ပါတယ်။ ဟဂ်ဟက်စ်က တိုးတက်ပြောင်းလဲနေတဲ့ လူဖြူတွေက လူမည်းတွေနဲ့အတူ တိုးတက်ခြင်းနဲ့ ပြောင်းလဲခြင်းဆီသို့ ခရီးတစ်ခုကို လျှောက်လှမ်းဖို့နဲ့ ပတ်သက်တဲ့ အရင့်အရင် ခေါင်းဆောင်တွေရဲ့ ရှုထောင့်ကနေ ကိ(တ်)စ်ရဲ့ စာအုပ်ကို နားလည်ခဲ့ပုံ ရပါတယ်။ နောက်ပိုင်းမှာတော့ ကိ(တ်)စ်ရဲ့ “နှင်းကျတဲ့ နေ့ (The Snowy Day)” ဟာ အပြစ်ကင်းစင်ပြီး သူ သဘောကျရာ နှင်းတွေနဲ့ လွတ်လွတ်လပ်လပ် ကစားနေတတ်တဲ့ ကလေးလေးတစ်ယောက်အကြောင်းကို အဓိက ဦးတည်ထားတာဖြစ်ပြီး လူမျိုးရေး၊ ကျား/မ ခွဲခြားမှု၊ လူမှုရေးနောက်ခံ၊ မိသားစုရေးရာ စတဲ့ နိုင်ငံရေးရာများဟာ ဖတ်သူရှုထောင့်ကနေ မြင်နိုင်တဲ့ ကွဲပြားအမြင်တွေသာ ဖြစ်ကြောင်းနဲ့ အထွေထွေရေးရာ ရှုပ်ထွေးနေတဲ့ ကာလမှာ လူမည်းဇာတ်ဆောင်ကို ထည့်သွင်းဖန်တီးခဲ့ခြင်းကြောင့် ဝေဖန်တွေးဆစရာတွေ ဖြစ်ခဲ့ကြောင်း လက်ခံလာကြရာ ကိ(တ်)စ်ရဲ့ ဇာတ်လမ်းဟာ ကလေးတွေအတွက် ပီတာ ဆိုတဲ့ ကလေးရုပ်ပုံလေးနဲ့ စိတ်တံခါးတစ်ခုကို ဖွင့်ပေးလိုက်တဲ့ စာအုပ်တစ်အုပ်သာ ဖြစ်တယ် လို့ တွေးကြစရာပါ။

    ကိ(တ်)စ်ရဲ့ “နှင်းကျတဲ့ နေ့ (The Snowy Day)” နဲ့ ပတ်သက်ပြီး ပတ်သက်တဲ့ ရိုက်ကူးမှုတွေ၊ တင်ဆက်မှုတွေ၊ အခြေခံပြီး တစ်ဖန်ဖန်တီးမှုတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

    ◾️၁၉၆၄ ခုနှစ်မှာ မယ်လ်ဝစ်တ်မဲန်းက ဒါရိုက်တာအဖြစ် ရိုက်ကူးပြီး ဂျွန်ဟာဗေးက ဇာတ်ကြောင်းပြောသူအဖြစ် ပါဝင်ခဲ့တဲ့ ဝက်စ်တန်ဝုဒ်စ်စတူဒီယိုရဲ့ ပထမဆုံး အန်နီမေးရှဲန်းရုပ်ရှင်အဖြစ် ဖန်တီးခဲ့ပါတယ်။

    ◾️၂၀၁၆ ခုနှစ်မှာ အမေဇုန်ပရိုင်းမ်တွင် မူကြိုကလေးလေးတွေအတွက် ခရစ္စမတ်အထူးအစီအစဉ်အဖြစ် ထုတ်လွှင့်ဖို့ အန်နီမေးရှဲန်း ဖန်တီးခဲ့ပါတယ်။ ဇာတ်ကြောင်းပြောသူအဖြစ် လောရန့်စ်ဖစ်ရှ်ဘဲန်းက ပါဝင်ထားပြီး ရက်ဂီနာကင်းနဲ့ အန်ဂျလာဘက်စက်က အသံသရုပ်ဆောင်ပေးခဲ့ပါတယ်။ Daytime Emmy Awards (2017) မှာ စကာတင်ဆု ၅ ဆု စာရင်းဝင်ခဲ့ပြီး “OUTSTANDING PRE-SCHOOL CHILDREN’S ANIMATED PROGRAM” နဲ့ “OUTSTANDING MUSIC DIRECTION AND COMPOSITION” ဆိုတဲ့ ဆုနှစ်ခု ဆွတ်ခူးခဲ့ပါတယ်။

    အချုပ်အနေနဲ့ ဆိုရရင် အနည်းဆုံး ဘာသာစကား ၁၀ မျိုးအထိ ဘာသာပြန်ဆိုထားရပြီး ဘရွတ်ကလင်းပြည်သူ့စာကြည့်တိုက်ရဲ့ အငှါးရဆုံးစာရင်းမှာ Where the Wild Things Are စာအုပ်ပြီးရင် ဒုတိယမြောက်အငှါးရဆုံးစာအုပ်အဖြစ် ၁၂၅ နှစ်ပြည့်နှစ်ပတ်လည်မှာ ဖော်ပြခြင်းခံခဲ့ရတဲ့ “နှင်းကျတဲ့ နေ့ (The Snowy Day)” စာအုပ်ဟာ အက်ဇ်ရာဂျက်ကိ(တ်)စ်ရဲ့ အပြောင်မြောက်ဆုံး စာပေလက်ရာတစ်ခုအဖြစ် ကလေးတွေ နှစ်နှစ်ခြိုက်ခြိုက် ဖတ်ရှုနေကြရတာ ဖြစ်ပါတယ်။ မတူကွဲပြားမှုတွေနဲ့ ပြည့်နှက်နေတဲ့ ဒီကမ္ဘာကြီးပေါ်မှာ၊ ဒီလောကကြီးထဲမှာ၊ ဒီလူမှုအသိုက်အဝန်းမှာ ရှင်သန်နေကြရတဲ့ လူသားတွေရဲ့ ငယ်စဉ်ဘဝအတွက် သိပ်လှတဲ့ စာပေလက်ရာအမှတ်တရတစ်ခု ဆက်ပြီး ဖြစ်နေပေးမှာပါ။

    “အခြားလူတွေကို သူတို့ပုံစံလေးအတိုင်း တစ်ထပ်ကျ မြင်နိုင်တဲ့အခါမှာ ဒါဟာ မတူကွဲပြားတဲ့ ကမ္ဘာတစ်ခု ဖြစ်နေမှာပါ”

    — အက်ဇ်ရာဂျက်ကိ(တ်)စ်

    References – Blakemore, E. (2017) The man whose snowy day helped diversify children’s books, JSTOR Daily.

    – Hernández, J.C. (2021) ‘The Snowy Day,’ a children’s classic, becomes an opera, The New York Times.

    – Keats, E. Z. (1962) The Snowy Day (1st ed). Viking Press. United States.

    – Martin, M.H. (2020) What captivates children about ‘The Snowy Day’?, The Atlantic.

    – Milligan, M. (2017) 2017 Daytime Emmy Award Winners, Animation Magazine.

    – Moyer, A. (no date) Visibility and authenticity in the Snowy Day, Adrianna Moyer.

    – Norris, D.M. (2021) Why did I fail to notice race in ‘The snowy day?’, Electric Literature.

    – NPR Staff (2012) ‘The Snowy Day’: Breaking color barriers, quietly, NPR.

    – Paul, P. (2011) ‘The Snowy Day’ celebrates 50 years, The New York Times.

    – Sasser, M. Tyler. (2014) The Snowy Day in the Civil Rights Era: Peter’s Political Innocence and Unpublished Letters from Langston Hughes, Ellen Tarry, Grace Nail Johnson, and Charlemae Hill Rollins.” Project Muse. Johns Hopkins University Press.

    – Willome, M. (2017) Literacy never melts: ‘The Snowy Day’ by Ezra Jack Keats, Tweetspeak Poetry.

    Written by – Htet Phone Shein
    Edited by – Fact Hub Editor Team

    ©️ 𝟮𝟬𝟮𝟯-𝟮𝟬𝟮𝟰 | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿

    #Fact_Hub #Language  #Article #Linguistics #Literature #Classic_children’s_Literature

    Fact Hub Myanmar

    Proudly powered by FH Editor Team

    This content is licensed under CC BY-NC-ND 4.0

    Share. Facebook Email Telegram
    Previous Articleမျက်စိနာရောဂါဟာ တစ်ယောက်နဲ့ တစ်ယောက် အကြည့်ခြင်းကနေ ကူးစက်နိုင်ပါသလား။
    Next Article အပူဒဏ်နဲ့ အအေးဒဏ် ဘယ်ဟာက ပိုပြီး အန္တရာယ်ပေးနိုင်သလဲ။
    Htet Phone Shein

    Related Posts

    ရှင်သန်ကျန်ရစ်သူရဲ့ အပြစ်ရှိစိတ် (Survivor Guilt) ကို ဘယ်လို သက်သာစေမလဲ . . .

    April 4, 2025

    ငလျင်ကို ဘာကြောင့် ကြိုတင်ခန့်မှန်းလို့ မရတာလဲ . . . ?

    April 4, 2025

    မန္တလေးကျုံးက ပလတ်စတစ်နဲ့ ဖော့ဘူးခွံတွေ

    April 4, 2025

    မြစ်ရေခမ်းတာလား . . . မြေအရည်ပျော်တာလား . . . ?

    April 4, 2025

    ငှက်အုပ်ပျံတာက မုန်တိုင်းရဲ့ ရှေ့ပြေးလား

    April 4, 2025

    မိုးလေဝသပညာရှင် ဦးဝင်းနိုင် ပြောတဲ့ မုန်တိုင်းအလားအလာ

    April 4, 2025
    Add A Comment
    Leave A Reply Cancel Reply

    Categories
    • Astronomy & Space (1)
      • Astrobiology (1)
    • Uncategorized (248)
    Archives

    At Fact Hub, we are dedicated to sharing trustworthy and reliable information that empowers people through knowledge. As a fact-checking organization, our mission is to distinguish truth from misinformation, and to uphold accuracy, integrity, and responsibility in the information we share.

    Facebook YouTube Telegram
    Archives
    • April 2025 (7)
    • March 2025 (10)
    • January 2025 (2)
    • November 2024 (4)
    • October 2024 (14)
    • September 2024 (3)
    • July 2024 (1)
    • May 2024 (1)
    • March 2024 (4)
    • January 2024 (17)
    • December 2023 (14)
    • November 2023 (26)
    • October 2023 (18)
    • September 2023 (23)
    • August 2023 (20)
    • July 2023 (13)
    • June 2023 (11)
    • May 2023 (28)
    • April 2023 (32)

    ရှင်သန်ကျန်ရစ်သူရဲ့ အပြစ်ရှိစိတ် (Survivor Guilt) ကို ဘယ်လို သက်သာစေမလဲ . . .

    April 4, 2025

    ငလျင်ကို ဘာကြောင့် ကြိုတင်ခန့်မှန်းလို့ မရတာလဲ . . . ?

    April 4, 2025

    မန္တလေးကျုံးက ပလတ်စတစ်နဲ့ ဖော့ဘူးခွံတွေ

    April 4, 2025

    မြစ်ရေခမ်းတာလား . . . မြေအရည်ပျော်တာလား . . . ?

    April 4, 2025
    Copyright © 2026. Fact Hub Myanmar. All rights reserved.

    Type above and press Enter to search. Press Esc to cancel.