နျူတန်ရဲ့ ဥပဒေသတွေ ဆိုတာ လောကထဲက ရွေ့လျားမှုတိုင်းနီးပါးကို ရှင်းပြနိုင်တယ်ဆိုပြီး နာမည်ကြီးကြပါတယ်။ ဒါပေမဲ့ မကြာသေးခင်က ပြုလုပ်ထားတဲ့ လေ့လာမှုအသစ်တွေ အရတော့ ကြိုးပုံစံအမြီးနဲ့ စေးပျစ်တဲ့အရည်တွေထဲ ကူးခတ်နေကြတဲ့ “သုက်ကောင်”တွေဟာ နျူတန်ရဲ့ ရွေ့လျားမှုဆိုင်ရာ ဥပဒေသ သုံးရပ်ထဲက တစ်ရပ်ကို ချိုးဖောက်နေတယ်လို့ အဆိုပြုလာပါတယ်။
နျူတန်ရဲ့ ဥပဒေသ သုံးရပ်ကို ပြန်ရှင်းရရင် ပထမအချက်က အားသက်ရောက်မှုမရှိရင် အလျင်ပြောင်းနှုန်းမရှိဆိုတဲ့ အချက်ပါ။ ဒုတိယအချက်ကတော့ ပထမအချက်ကိုအခြေခံပြီး ဒြပ်ထုကိုပါ ထပ်ပေါင်းထားတဲ့ ရွေ့လျားမှုဆိုင်ရာ ညီမျှခြင်း F=ma ပါ။ တတိယအချက်ကတော့ ရူပဗေဒကို အသေအချာ မလေ့လာဖူးသူတွေပါ ပါးစပ်ဖျားကမချကြတဲ့ သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိတယ် ဆိုတဲ့အချက်ပါ။ သုက်ကောင်တွေ ချိုးဖောက်တဲ့ ဥပဒေသကလဲ အဲ့ဒီ နောက်ဆုံးဥပဒေသပါပဲ
တကယ်ဆိုရင် သုက်ကောင်တွေရဲ့အမြီးရှည်တွေဟာ သူတို့ကျော်ဖြတ်တဲ့ ကြားခံနယ်တွေမှာ စက်ကွင်းတစ်ခုလို ပြန်လည်ပတ်ပြီး ရှေ့ကို မရွေ့လာသင့်တာပါ။ သုက်ကောင်တင်မဟုတ်ပါဘူး။ ငွေ့ရည်တွေထဲမှာရှိနေတဲ့ အမှုန်တွေနဲ့ ငှက်အုပ်တွေအကုန်ပါပဲ။ သူတို့တွေဟာ ကိုယ်ပိုင်စွမ်းအင်ထုတ်တဲ့ အရာတွေဖြစ်တာကြောင့် သူတို့ဝန်းကျင်မှာရှိတဲ့ စနစ်တွေကို မျှခြေအခြေနေကနေ ဆွဲတင်သွားပါတယ်။ ဒါကြောင့်ပဲ နျူတန်ရဲ့ တတိယဥပဒေသက ဒီနေရာမှာ အလုပ်မလုပ်တော့ခြင်းပါ။
ကျိုတိုတက္ကသိုလ်မှာရှိတဲ့ သင်္ချာသိပ္ပံပညာရှင် Kenta Ishimoto (ကန်းတအိရှိမိုတို) နဲ့ အဖွဲ့ဟာ ဒီလိုမျိုး သုက်ကောင်တွေနဲ့ အခြားအဏုဇီဝ ကူးခတ်နေတဲ့ အကောင်လေးတွေရဲ့ ကွဲထွက်နေတဲ့ အပြန်အလှန်သက်ရောက်မှုတွေကို လေ့လာခဲ့ပါတယ်။ သုတေသီတွေဟာ သုက်ကောင်တွေကို စမ်းသပ်ရင်း ရလာတဲ့ ရလဒ်တွေကို ဆန်းစစ်ခဲ့ပြီး စိမ်းပြာရေညှိဖြစ်တဲ့ Chlamydomonas (ခလာမိုင်ဒိုမိုနပ်စ်) ရဲ့ လှုပ်ရှားမှုတွေကိုပါ ပုံဖော်ခဲ့ပါတယ်။ စမ်းသပ်ချက်မှာအသုံးပြုခဲ့တဲ့ သတ္တဝါနှစ်ကောင်လုံးဟာ ပါးလွှာပြီး ကောက်ကွေးနေတဲ့ ဆဲလ်မွေးရှည်တွေကို အသုံးပြုပြီး စေးပျစ်တဲ့ ပတ်ဝန်းကျင်မှာလှုပ်ရှားနေကြတဲ့ သတ္တဝါတွေဖြစ်ပါတယ်။
ဒီလိုစေးပျစ်တဲ့ ပတ်ဝန်းကျင်ဆိုတာ ဆဲလ်မွေးရှည်တွေကထုတ်တဲ့ စွမ်းအင်ကို မြန်မြန်ပျံ့နှံ့စေရမှာပါ။ ဒါပေမဲ့ ရုန်းပြန်သတ္တိရှိတဲ့ ဆဲလ်မွေးရှည်လေးတွေကတော့ တုံ့ပြန်မှုတစ်ခုတောင်မရှိဘဲ ဆက်လက်သွားနေတာကို တွေ့ရှိခဲ့ရပါတယ်။ ဒီလိုတွေ့ရှိမှုကြောင့် သုတေသီတွေအနေနဲ့ ဆဲလ်မွေးရှည်တွေမှာ odd elasticity (သူ မတူရုန်းပြန်) ဂုဏ်ရှိတယ်လို့ ကောက်ချက်ချနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီသူ မတူရုန်းပြန်ဂုဏ်က ဆဲလ်မွေးရှည်တွေရဲ့ ညီညာတဲ့ လှိုင်းလိုရွေ့လျားမှုကိုတော့ မရှင်းပြနိုင်ခဲ့ပါဘူး။ ဒါကြောင့် သုတေသီတွေဟာ ဒီအရာကိုရှင်းပြနိုင်ဖို့ odd elastic modulus (သူ မတူရုန်းပြန်မှုဆိုင်ရာ ထိန်းညှိမှု) ဆိုတဲ့ အခေါ်ဝေါ်သစ်ကို မိတ်ဆက်ခဲ့ပါတယ်။ ဒီအခေါ်ဝေါ်သစ်အောက်မှာဆိုရင် ဆဲလ်မွေးရှည်ရဲ့ အတွင်းပိုင်း လည်ပတ်မှုပုံစံတွေကို ကောင်းကောင်းရှင်းပြနိုင်ပါတယ်။
ဒီပြဿနာကို လေ့လာခဲ့တဲ့ သုတေသီအဖွဲ့ကနေပြီး ထပ်ဆောင်းပြောကြားခဲ့တာကတော့ “ဖြေရှင်းရလွယ်တဲ့ ရိုးရှင်းတဲ့ပုံစံတွေကနေ Chlamydomonas နဲ့ သုက်ကောင်ဆဲလ်တွေထိကို ကျွန်တော်တို့ဟာ ဖြစ်နေကျမဟုတ်တဲ့၊ ကွဲထွက်နေတဲ့ ပစ္စည်းတွေအတွင်းကအတွင်းဘက် အပြန်အလှန်သက်ရောက်မှုတွေကို ပဟေဋိအဖြေဖော်ဖို့ odd-bending modulus ကိုလေ့လာခဲ့ပါတယ်။” လို့ပဲဖြစ်ပါတယ်။
သုတေသီတွေအနေနဲ့ ဒီသုတေသနလုပ်ငန်းဟာ အနာဂတ်မှာစက်ရုပ်တွေရဲ့လှုပ်ရှားမှုဆိုင်ရာအဆစ်တွေကိုဖန်တီးတဲ့နေရာမှာ တစ်ထောင့်တစ်နေရာကနေပံ့ပိုးနိုင်ရမယ်လို့မျှော်လင့်နေကြပါတယ်။
Ref – ScienceAlert
Written by – Aung Bhone Myint Htoo
Edited by – FH Team
©️ 𝟮𝟬𝟮𝟯-𝟮𝟬𝟮𝟰 | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿
#Fact_Hub #News #Article #Physics #Sperm #Defying_Physics_Laws #Newton
Fact Hub Myanmar
Proudly powered by FH Editor Team
This content is licensed under CC BY-NC-ND 4.0
