Close Menu
Fact Hub Myanmar
    Archives
    • April 2025
    • March 2025
    • January 2025
    • November 2024
    • October 2024
    • September 2024
    • July 2024
    • May 2024
    • March 2024
    • January 2024
    • December 2023
    • November 2023
    • October 2023
    • September 2023
    • August 2023
    • July 2023
    • June 2023
    • May 2023
    • April 2023

    ရှင်သန်ကျန်ရစ်သူရဲ့ အပြစ်ရှိစိတ် (Survivor Guilt) ကို ဘယ်လို သက်သာစေမလဲ . . .

    April 4, 2025

    ငလျင်ကို ဘာကြောင့် ကြိုတင်ခန့်မှန်းလို့ မရတာလဲ . . . ?

    April 4, 2025

    မန္တလေးကျုံးက ပလတ်စတစ်နဲ့ ဖော့ဘူးခွံတွေ

    April 4, 2025

    မြစ်ရေခမ်းတာလား . . . မြေအရည်ပျော်တာလား . . . ?

    April 4, 2025
    Facebook X (Twitter) Instagram
    Fact Hub Myanmar
    • In-depth Articles
    • News
    • Contri Column
    Fact Hub Myanmar
    Home»Uncategorized»စိတ်ကူးယဉ်ယုံကြည်မှု
    Uncategorized

    စိတ်ကူးယဉ်ယုံကြည်မှု

    Julian Htet AungBy Julian Htet AungNovember 23, 2023Updated:March 3, 2024No Comments4 Mins Read
    စိတ်ကူးယဉ်ယုံကြည်မှု
    Share
    Facebook Email Telegram

    စိတ်ကူးယဉ်တယ်ဆိုတာ တကယ်တော့ အထူးအဆန်း မဟုတ်ပါဘူး။ ကျွန်တော်တို့အားလုံးဟာ စကားပြောတတ်စအရွယ်ကနေ အခုအချိန်ထိ စိတ်ကူးယဉ်ခဲ့ကြ၊ စိတ်ကူးယဉ်နေကြတာပါပဲ။ ကျွန်တော့်အနေနဲ့ “ငါဟာ အနာဂါတ်မှာ ရူပဗေဒပညာရှင်တစ်ယောက် ဖြစ်လာမယ်” လို့ အမြဲတမ်း စိတ်ကူးယဉ်တယ်။ ကျွန်တော့်အမေက “ငါ့သားသမီးတွေရဲ့ ဘဝ‌တွေဟာ အနာဂါတ်မှာ ကောင်းစားပါလိမ့်မယ်” လို့ စိတ်ကူးယဥ်တယ်။ ကျွန်တော့်ရဲ့ ချစ်သူကလဲ “ကိုဂျူနဲ့ ငါနဲ့ဟာ သာယာပျော်ရွှင်တဲ့ မိသားစုတစ်ခုကို အတူတကွ တည်ဆောက်နိုင်လိမ့်မယ်” လို့ စိတ်ကူးယဉ်မယ် (မရှိသေးပေမဲ့ပေါ့)။

    ပြောရမယ်ဆိုရင် လူတစ်ဦးချင်းစီအလိုက် စိတ်ကူးယဉ်မှုမှာ အကြောင်းအရာနဲ့ ပမာဏသာ ပြောင်းလဲသွားလိမ့်မယ်။ သေချာတာတော့ ပိုက်ဆံမကုန်တဲ့အပြင် လုပ်အားကြီးကြီးမားမား စိုက်ထုတ်စရာ မလိုအပ်တဲ့ ဒီအလုပ်ကို လူတိုင်းက လိုလိုလားလား လုပ်ဆောင်ကြတာပါပဲ။

    အဲ့ဒီလိုမျိုး လူတစ်ဦးချင်းစီအလိုက် စိတ်ကူးယဉ်မှုပေါင်းများစွာ ရှိနေကြပေမဲ့ တစ်ချို့တွေမှာတော့ တူညီတဲ့  ဘုံစိတ်ကူးယဉ်မှု‌တွေ ရှိနေကြတယ်။ ဒီလိုဘုံစိတ်ကူးယဉ်မှုကတော့ အပေါ်က ပြောခဲ့တဲ့ တစ်ဦးချင်း စိတ်ကူးယဉ်မှုနဲ့  အရမ်းကွာခြားသလို သူ့ရဲ့ လွှမ်းမိုးမှုကလဲ လူ့အဖွဲ့အစည်း တစ်ခုလုံးအပေါ်ကို သက်ရောက်နေတယ်။

    အခုလက်ရှိ တော်လှန်ရေးဆင်နွှဲ‌နေတဲ့ ပြည့်သူ‌ကာကွယ်ရေး တပ်သားတွေ (ပီဒီအက်ဖ်) ဟာ “ငါတို့အားလုံးက တိုးတက်သော ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်ကို အတူတကွ တည်ထောင်နိုင်လိမ့်မယ်” လို့ ဆိုကြတယ်။ အမေရိကန်နိုင်ငံသားတွေက “လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီစံနှုန်းတွေဟာ ကမ္ဘာကြီးအတွက် အရေးကြီးတယ်” လို့ ယူဆကြတယ်။ ခရစ်ယာန်ဘာသာဝင်တွေဟာ “ငါတို့ဟာ ဘုရားသခင်ရဲ့ လမ်းညွှန်ချက်တိုင်းကို လိုက်နာခဲ့ကြတဲ့အတွက် ငါတို့ သေဆုံးရင် ကောင်းကင်နိုင်ငံတော်မှာ တည်ရှိနေလိမ့်မယ်” လို့ ယုံကြည်ကြတယ်။ မြန်မာကျောင်းသား/သူတွေဟာလဲ “ဒါတို့ပြည်၊ ဒါတို့မြေ” အစချီတဲ့ နိုင်ငံတော်သီချင်းကို သီဆိုကြတယ်။

    ဒီနေရာမှာ မြန်မာနိုင်ငံတော်ဆိုတာ ဘာကြီးလဲလို့ မေးလာမယ်ဆိုရင် စာဖတ်သူအနေနဲ့ ကောင်းကောင်းဖြေနိုင်မယ်လို့ ကျွန်တော် မထင်မိဘူး။ မြန်မာနိုင်ငံဆိုတာ မြန်မာနိုင်ငံမှာ နေထိုင်တဲ့လူတွေ မဟုတ်ဘူး။ တကယ်လို့ မြန်မာနိုင်ငံမှာ နေထိုင်တဲ့သူတွေက စစ်ဘေးဒဏ်၊ သဘာဝဘေးအန္တရာယ်ဒဏ်တွေ ခံစားရပြီး သေဆုံးပျောက်ကွယ်သွားမယ် ဆိုရင်လဲ မြန်မာနိုင်ငံက ပျောက်ကွယ်မသွားဘူး။ နိုင်ငံတော်အစိုးရဟာ မြန်မာနိုင်ငံကို ကိုယ်စားမပြုဘူး။ အကယ်၍ နိုင်ငံ့အစိုးရအဖွဲ့ဝင် တစ်ယောက်ယောက်က ရောဂါခံစားရလို့ လုပ်ကြံခံရလို့ သေဆုံးသွားမယ် ဆိုရင်လဲ အစိုးရအသစ် တင်မြှောက်ပြီး မြန်မာနိုင်ငံက ရှိနေအုံးမှာပဲ။

    မြန်မာနိုင်ငံဟာ ကျောင်းတွေ၊ ဆေးရုံတွေ၊ အားကစားကွင်းတွေ၊ တရားရုံးတွေ စတဲ့ အခြေခံအဆောက်အအုံတွေမှာလဲ မတည်ရှိဘူး။ အဲ့ဒီအဆောက်အအုံတွေ အားလုံး မီးလောင်ပျက်စီးသွားမယ် ဆိုရင်တောင် အဆောက်အအုံတွေ အသစ်ပြန်ဆောက်ပြီး မြန်မာနိုင်ငံဟာ ဆက်လက်ရှင်သန်နေအုံးမှာပဲ။ ဒါဆို မြန်မာနိုင်ငံဆိုတာ ဘာကြီးလဲ။

    တကယ်တော့ မြန်မာနိုင်ငံဟာ မြန်မာနိုင်ငံမှာ နေထိုင်တဲ့ လူတွေရဲ့ စိတ်ထဲမှာ အတူတကွပါဝင်နေတဲ့ စိတ်ကူးယဉ် အရှိတရားတစ်ခုသာ ဖြစ်တယ် ( မြန်မာသဒ္ဒါမှာ နိုင်ငံတော်ဆိုတာကို စိတ္တဇနာမ်လို့ ဖွင့်ဆိုထားတယ် ) ။ သူဟာ လက်ဆုပ်လက်ကိုင် ပြလို့မရ၊ ဒြပ်ထုမရှိ၊ တကယ့်လောကမှာလဲ မတည်ရှိပေမဲ့ တည်ရှိတယ်လို့ ယုံကြည်ခြင်းခံရတဲ့ အရှိတရားတစ်ခု၊ အမှန်တရားတစ်ခုသာ ဖြစ်တယ်။

    အဲ့ဒါနဲ့ ဆင်တူတဲ့ စိတ်ကူးယဉ်အကြောင်းအရာတွေကို ဒီဆောင်းပါးထဲမှာပဲ ဆက်ပြီး မြင်နိုင်သေးတယ်။ ကောင်းကင်နိုင်ငံတော်တွေ၊ နိဗ္ဗာန်တွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ ကုမ္ပဏီတွေ စတာတွေဟာ အလွန်များပြားတဲ့ စိတ်ကူးယဉ်အကြောင်းအရာတွေ ဖြစ်ပြီး သူတို့တွေ ကြားမှာ ကျွန်တော်တို့ ရှင်သန်နေရတယ်။ စိတ်ကူးယဉ်ယုံကြည်မှုတွေဟာ ဘုံပိုင်ဆိုင်မှုတစ်ခု ဖြစ်သလို အခြားတစ်ယောက်ဆီ မျှဝေဖို့လဲ အဖွဲ့ဝင်တွေက ဆန္ဒရှိကြတယ်။ ဥပမာအားဖြင့် ဗုဒ္ဓဘာသာဟာ ဗုဒ္ဓဘာသာဝင်တွေရဲ့ စိတ်ထဲမှာ အတူတကွတည်ရှိနေတဲ့ ဘုံပိုင်ဆိုင်မှုတစ်ခု ဖြစ်သလို အဲ့ဒီပိုင်ဆိုင်မှုကို အခြားသူ‌တွေဆီကိုလဲ လိုလိုလားလား မျှဝေကြတယ်။

    အကယ်၍ ဘာသာခြားလူသားတစ်ယောက်က ငါဟာ ဗုဒ္ဓဘာသာကို ကိုးကွယ်ချင်တယ်။ ဗုဒ္ဓဘာသာရဲ့ တည်ရှိမှုကို ခွဲဝေ ပိုင်ဆိုင်ချင်တယ်လို့ ပြောလာမယ်ဆိုရင်လဲ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ ကြည်ကြည်ဖြူဖြူ ခွင့်ပြုကြမှာပဲ။ ဒါ့အပြင် ဗုဒ္ဓဘာသာရဲ့ တည်ရှိမှုကို အခြားလူတွေဆီ မျှဝေဖို့ တကူးတကတောင် လုပ်ဆောင်ကြအုံးမယ် (သာသနာပြုကြတယ်ဆိုတာ ဒီသဘောပါပဲ)။ အဲ့ဒီလိုပဲ လူမျိုးခြားတစ်ယောက်ယောက်က ”ငါဟာ မြန်မာနိုင်ငံကို ချစ်တယ်၊ မြန်မာနိုင်ငံရဲ့ တည်ရှိမှုကို ခွဲဝေယူချင်တယ်” လို့ ပြောလာမယ် ဆိုရင်လဲ ကျွန်တော့်အနေနဲ့ လက်ကမ်း ကြိုဆိုမိမှာပဲ။ ဒီလိုမျှဝေပေးလိုတဲ့ ဖြစ်ရပ်နဲ့ ပက်သက်ပြီး သိသာထင်ရှားတဲ့ ဥပမာတစ်ခုကို ကျွန်တော်တင်ပြပါမယ်။

    ပထမကမ္ဘာစစ်အတွင်းမှာ ဂျာမနီနိုင်ငံအတွက် ဝင်ရောက်အမှုထမ်းခဲ့တဲ့ လူငယ်တစ်ယောက်က ”ငါတို့ ဂျာမန်လူမျိုးတွေဟာ ရှေးကျတဲ့ အာရိယန်လူမျိုးတွေက နေဆင်းသက်လာတယ်၊ ငါတို့ဟာ အသားလတ်ပြီး ဉာဏ်ရည်ထက်မြက်ကြတယ်။ ‌ကျန်းမာရေး အထူးကောင်းမွန်ပြီး သန်မာဖျက်လတ်ကြတယ်။ ဒါကြောင့် ငါတို့ဟာ လောကကြီးမှာ အသန်စွမ်းဆုံးလူသား၊ အပြည့်စုံဆုံးလူသားတွေသာ ဖြစ်တယ်” လို့ စိတ်ကူးယဥ်ခဲ့တယ်။ သူ့ရဲ့စိတ်ကူးကို သူ့ရဲ့ နောက်လိုက်အနည်းငယ်ကို မျှဝေပေးခဲ့ပြီး ဂျာမန်လူမျိုးတွေဟာ မြင့်မြတ်တဲ့ လူမျိုးတွေ ဖြစ်ကြောင်း ယုံကြည်အောင် ပြုလုပ်နိုင်ခဲ့တယ်။

    ”အသန်စွမ်းဆုံးသူဟာ ရှင်သန်ဖို့ အခွင့်အလမ်းအကောင်းဆုံး ဖြစ်တယ်။ ကောင်းမွန်တဲ့ ဗီဇကို ရရှိဖို့ ကောင်းမွန်တဲ့ ဗီဇအချင်းချင်း ပေါင်းစပ်ရမယ်။ ရှေးဦးအာရိယန်လူမျိုးတွေဟာ အာရှဘက်ကို ခြေဆန့်ပြီး ဒေသခံလူမျိုးတွေနဲ့ ရောယှက်ခဲ့ကြတဲ့အတွက် သူတို့ရဲ့ မျိုးရိုးဗီဇတွေဟာ အားနည်းလာကြတယ်။ ဂျာမန်လူမျိုးတွေကတော့ အာရိယန်လူမျိုးစစ်စစ်တွေ ဖြစ်ကြတာကြောင့် ဒီဗီဇကို အားမနည်းသွားစေဖို့ ထိန်းသိမ်းကာကွယ်ရမဲ့ တာဝန်ဝတ္တရားရှိနေတယ်။” ဆိုတဲ့ ဘက်လိုက်တဲ့ ဇီဝဗေဒပညာရှင်တွေရဲ့ အယူအဆတွေဟာ ဒီလူငယ်လေးရဲ့ စိတ်ကူးကို မြေတောင်မြှောက်ပေးလိုက်တယ်။

    ဒီလူငယ်လေးရဲ့ စိတ်ကူးယဉ်မှုကို သဘာဝတရားကြီးကပါ ထောက်ခံနေသယောင်ယောင် ပြောဆိုခဲ့ကြတယ်။ ရလဒ်ကတော့ တချို့က သိကြမှာပါ။

    ဒီလူငယ်လေးက ”လောကကြီးဟာ ယှဉ်ပြိုင်မှုတွေနဲ့ ပြည့်နှက်နေပြီး အသန်စွမ်းဆုံးသူတွေသာ ရှင်သန်ခွင့် အုပ်စိုးခွင့် ရသင့်တယ်။ ဂျာမန်လူမျိုးတွေဟာ အသန်စွမ်းဆုံးလူသား အပြီးပြည့်စုံဆုံး လူသားတွေ ဖြစ်တာကြောင့် ကမ္ဘာကြီးကို အုပ်စိုးသင့်၊ သဘာဝတရားကြီးကို ထိန်းသိမ်းကာကွယ်သင့်တယ်။” လို့ ကြွေးကြော်ခဲ့တယ်။ ဒီကြွေးကြော်စကားကို နာဇီပါတီဝင်တွေကနေ တစ်ဆင့် ဂျာမန်ပြည်သူလူထုတစ်ရပ်လုံးကို မျှဝေပေးခဲ့တယ်။ ကမ္ဘာကြီးကို မျှဝေပေးဖို့ စီစဉ်ရာမှာတော့ ပြင်းထန်တဲ့ ဆန့်ကျင်ကန့်ကွက်မှုတွေ ကြုံတွေ့ခဲ့ရပြီး ဒုတိယကမ္ဘာစစ်ကြီးကို ဖြစ်ပွားစေခဲ့တယ်။

    ဒီလူငယ်လေးကတော့ စိတ်ကူးယဉ်ကောင်းတဲ့၊ အပြောအဟောကောင်းတဲ့၊ ထူးချွန်ထက်မြက်တဲ့ ဟစ်တလာသာဖြစ်တယ် (သူ့ရဲ့ အစွန်းရောက်မှုတွေကို ဘေးဖယ် စဉ်စားလိုက်မယ်ဆိုရင်တော့ ဟစ်တလာက လူတော်တစ်ယောက်ဆိုတာ ငြင်းလို့ရမှာမဟုတ်ဘူး)။

    လက်တွေ့ဘဝမှာတော့ ဒီလိုမျှဝေမှုတွေ အများကြီး တွေ့ရမှာပါ။ မဲဆွယ်စည်းရုံးမှုတွေ၊ သာသနာပြုမှုတွေ၊ ဟောပြောပွဲတွေဟာ ဒီလိုမျှဝေမှုတွေ သက်သက်ပဲလို့ ကျွန်တော်သေချာပြောနိုင်တယ်။

    နောက်ပြီး ဒီလိုအကြောင်းအရာတွေ ဘုံစိတ်ကူးယဉ်မှုတွေဟာ လူ့အဖွဲ့အစည်းနဲ့ တစ်သားတည်းဖြစ်နေတဲ့အတွက် လူ့အဖွဲ့အစည်းရဲ့ အခြေခံအုတ်မြစ်တွေ ဖြစ်တဲ့အတွက် ဒါကို စိတ်ကူးယဉ်မှုသက်သက်ပဲ လို့တောင် ကျွန်တော်တို့ သတိမပြုမိနိုင်ကြတော့ဘူး။

    တကယ့် အရှိတရားလို့ပဲ ခံယူကြတော့တယ်။ ကျွန်တော့်အနေနဲ့ လူတစ်ယောက်ကို  ”မြန်မာနိုင်ငံဆိုတာ မြန်မာနိုင်ငံမှာ နေထိုင်တဲ့ လူသားတွေရဲ့ ပူးပေါင်းစိတ်ကူးယဉ်မှုသက်သက်ပဲ” လို့ သွားပြောလိုက်ရင် ကျွန်တော့်ကို နားမလည်တဲ့ အကြည့်နဲ့ ပြန်ကြည့်လိမ့်မယ်။ အဲ့လိုပဲ အစ္စလာမ်ဘာသာဝင်တွေကို ”အလ္လာ ဆိုတာ တကယ် မဟုတ်ဘူး၊ မင်းတို့ အစ္စလာမ်ဘာသာဝင်‌တွေရဲ့ စိတ်ထဲမှာပဲ တည်ရှိနေတာ” လို့ သွားပြောလိုက်မယ်ဆိုရင် ကျွန်တော့်အနေနဲ့ ဒေါသတကြီးတိုက်ခိုက်မှုကို ကြုံတွေ့ရနိုင်တယ်။

    ဒါကို ဥပမာပေးရရင် ကျွန်တော်အပါအဝင် ကျွန်တော်တို့ရဲ့ လက်ရှိလူ့အဖွဲ့အစည်းတွေ (အထူးသဖြင့် ဘာသာတရား) ဟာ အရုပ်မတစ်ရုပ်ကို သားသမီးအဖြစ် ပိုက်ထားတဲ့ အရူးမတစ်ယောက်နဲ့ ဆင်တူတယ်။

    ကျွန်တော်တို့ကသာ ”အဲ့ဒီအရုပ်မက နင့်ရဲ့တကယ့်သားသမီးမဟုတ်ဘူး” လို့ အရူးမကို ပြောလိုက်မယ်ဆိုရင် အရူးမဟာ ကျွန်တော်တို့ကို ”ငါ့သားသမီးအကြောင်း လျှောက်မပြောကြနဲ့” လို့ ပြန်လည်တုံ့ပြန်လိမ့်မယ်။ အကယ်၍ အရူးမရဲ့ လက်ထဲက အရုပ်ကို လုယူလိုက်မယ် ဆိုရင်တော့ အရူးမဟာ ပြင်းပြင်းထန်ထန် တိုက်ခိုက်လိမ့်မယ်။

    အရူးမနဲ့တူတဲ့ ကျွန်တော်တို့တွေဟာ အရုပ်နဲ့တူတဲ့ စိတ်ကူးယဉ် ယုံကြည်မှုတွေနဲ့ အသားကျလာခဲ့တာ အတော်ကြာခဲ့ပြီ ဖြစ်တဲ့အတွက် ဒီအရာတွေကို ဖက်တွယ်နေကြတယ်။ ဒီအရာတွေကို ဖက်တွယ်ထားသလို ဒီအရာတွေက တကယ်မတည်ရှိပါဘူးလို့ ဝေဖန်ထောက်ပြမယ် ဆိုရင်လဲ လုံးဝလက်ခံနိုင်ကြမှာ မဟုတ်ဘူး။

    တကယ်လို့ အဲ့ဒီအရာတွေကိုသာ လုယူလိုက်မယ်ဆိုရင်တော့ ပြင်းထန်တဲ့ ခုခံကာကွယ်မှုတွေကို ကြုံရမှာပဲ။ အာဏာရှင်တွေဟာ ”ငါတို့ဟာ ပြည်သူလူထုကို အုပ်ချုပ်သင့်တယ်” ဆိုတဲ့ စိတ်ကူးယဉ် အကြောင်းအရာကို ဖက်တွယ်ထားကြတယ်။ အဲ့ဒီစိတ်ကူးယဉ်မှုကို လုယူလိုက်မယ်၊ တစ်နည်း အာဏာရှင်တွေရဲ့ တည်ရှိမှုကို ခြိမ်းခြောက်မှု ပြုလိုက်မယ်ဆိုရင် သူတို့အနေနဲ့ ပြင်းပြင်းထန်ထန် ကာကွယ်ကြမယ်။ လိုအပ်လာရင် တပ်သားတွေ သံချပ်ကာတပ်တွေ ဗုံးကြဲလေယာဉ်တွေပါ အသုံးပြုသွားမယ် ဆိုတဲ့အထိပေါ့။

    နောက်ဆုံးအနေနဲ့ ဒီလို စိတ်ကူးယဉ်ယုံကြည်မှုတွေဟာ လူတွေအတွက် တကယ်လိုအပ်သလားလို့ မေးစရာရှိတယ်။ ကျွန်တော်အနေနဲ့ကတော့ ”စိတ်ကူးယဉ်ယုံကြည်မှုတွေဟာ တစ်ဦးချင်းဖြစ်တည်မှုမှာ လုံးဝမလိုအပ်ဘူး။ ဒါပေမဲ့ သူတို့ဟာ လူ့အဖွဲ့အစည်းကို တည်ဆောက်ထားကြတဲ့အတွက် လူ့အဖွဲ့အစည်းအတွက် အရေးပါတယ် ” လို့ ဖြေချင်တယ်။

    အကယ်၍ စာဖတ်သူက သင်္ဘောပျက်ပြီး ကျွန်းတစ်ကျွန်းပေါ်မှာ သောင်တင်နေခဲ့မယ် ဆိုပါစို့။

    စာဖတ်သူ အနေနဲ့ ဘာမှစားစရာမရှိဘူး၊ နေထိုင်စရာ အဆောက်အအုံတွေလဲ မတွေ့ရဘူး။ ဒါပေမဲ့ အနားမှာ ဂဏန်းအကောင်လေးတွေ၊ ပုစွန်လေးတွေ၊ ငါးလေးတွေ တွေ့နေရမယ်။ ဒါဆိုရင် စာဖတ်သူအနေနဲ့ ဘာကို ရွေးချယ်မလဲ။

    အဲ့ဒီတိရစ္ဆာန်တွေကို ဖမ်းယူသတ်ဖြတ်ပြီး ဝမ်းရေးအတွက် ဖြေရှင်းမလား၊ ဗုဒ္ဓဘာသာရဲ့ အဆုံးအမ ငါးပါးသီလထဲက ပါဏာတိပါတာကိုပဲ ဆောက်တည်မလား။

    အကယ်၍ စာဖတ်သူက ခရစ်ယာန်ဘာသာဝင်ဖြစ်ပြီး ထာဝရဘုရားသခင်အပေါ် အကြွင်းမဲ့ ယုံကြည်မှုရှိမယ် ဆိုရင်လဲ ရွေးချယ်စရာ ၂ ခုရှိတယ်။ ဒီကျွန်းပေါ် သောင်တင်လာတာက ဘုရားသခင်ရဲ့ အလိုတော်တစ်ခု ဖြစ်တဲ့အတွက် ဒီအလိုတော်အတိုင်း ဒီလိုပဲ ပိတ်မိနေမှာလား။ ဒါမှမဟုတ် ဒီအတိုင်း သေဆုံးသွားတာထက် ကြိုးစားရင်း သေဆုံးတာက ပိုပြီး ခံသာတယ်ဆိုပြီး လွတ်မြောက်ဖို့ ကြိုးစားမလား (ဖြစ်ရပ်တိုင်းဟာ ဘုရားသခင်က စီစဉ်တယ်၊ ဘုရားသခင်ရဲ့ အလိုတော်ကြောင့်သာ ဖြစ်တယ်လို့ ခရစ်ယာန်ဘာသာတရားက ယုံကြည်တယ်)။

    ဒီမေးခွန်းတွေကို ကိုယ့်ဘာသာကိုယ် ဖြေကြည့်ခြင်း စဉ်းစားကြည့်ခြင်းကနေ ”တစ်ဦးချင်း ဖြစ်တည်မှုမှာ မလိုအပ်ဘူး” ဆိုတဲ့ ကျွန်တော့်ရဲ့ အဖြေကို နားလည်မှာပါ။ ဒါကြောင့် ထပ်ပြီးရှင်းမပြတော့ပါဘူး။

    စိတ်ကူးယဉ်အရှိတရားတွေဟာ လူ့အဖွဲ့အစည်းကို တည်ဆောက်ထားတယ်။ အခုလက်ရှိ နိုင်ငံတော်တွေ၊ ကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေ၊ ဘာသာတရားတွေ စတာတွေဟာ စိတ်ကူးယဉ်မှုတစ်ခု ဖြစ်သလို အလွန်အင်အားကောင်းတဲ့ လူ့အဖွဲ့အစည်းတွေလဲ ဖြစ်ကြတယ်။ ဒီလူ့အဖွဲ့အစည်းတွေမှာ ရှိတဲ့ လူသားတစ်ဦးတစ်ယောက်ချင်းစီမှာ မတူညီတဲ့ စရိုက်တွေ၊ ခန္ဓာကိုယ် တည်ဆောက်ပုံတွေ၊ တစ်ကိုယ်ရည် နှစ်သက်မှုတွေ ရှိနေမယ်ဆိုရင်တောင် သူတို့အားလုံးဟာ ဒီအဖွဲ့အစည်းထဲမှာ အတူတကွ အလုပ်လုပ်နိုင်ကြတယ်။ တစ်ယောက်က ကော်ဖီကြိုက်ပြီး တစ်ယောက်က လက်ဖက်ရည် သောက်တတ်မယ်။ တစ်ယောက်က ဘောလုံးသမားဖြစ်ပြီး ‌အခြားတစ်ယောက်က ရေကူးချန်ပီယံ ဖြစ်မယ်။ တစ်ယောက်က အေးအေးဆေးဆေး နေတတ်ပြီး နောက်တစ်ယောက်က‌ ပျော်ပျော်နေတတ်မယ်။

    တစ်ယောက်က ဝှေးစေ့ ၂ လုံးပါတဲ့ ယောကျာ်းတစ်ယောက်ဖြစ်ပြီး တစ်ယောက်က သားအိမ်ပါတဲ့ မိန်းမတစ်ယောက်ဖြစ်မယ်။ ဘယ်လိုပဲ မတူညီမှုတွေပဲ ရှိနေပါစေ၊ သူတို့ဟာ စိတ်ကူးယဉ်ယုံကြည်မှုတစ်ခုရဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်နိုင်တယ်။ စိတ်ကူးယဉ်မှုကို ခွဲဝေပိုင်ဆိုင်နိုင်တယ်။ တစ်နည်းအားဖြင့် စိတ်ကူးယဉ်ယုံကြည်မှုဟာ လူ့အဖွဲ့အစည်းကို တည်ဆောက်ရာမှာနဲ့  ကြီးမားအောင် ပြုလုပ်ရာမှာ အောင်မြင်မှုရှိတယ်။ မယုံနိုင်စရာကောင်းလောက်အောင် စည်းရုံးနိုင်စွမ်း ကောင်းတယ်ပေါ့။ တကယ်လို့ စိတ်ကူးယဉ်ယုံကြည်မှုသာ မရှိရင် ကျွန်တော်တို့အနေနဲ့ လူ့အဖွဲ့အစည်းကို တည်ဆောက်ဖို့၊ တိုးတက်ကြီးမားအောင် လုပ်ဖို့ဆိုတာ မဖြစ်နိုင်လောက်ဘူး။

    ဥပမာပေးရရင် အမေရိကန်နိုင်ငံဟာ လူဖြူတွေ၊ ပညာရှင်တွေချည်းပဲ ဖွဲ့စည်းထားတဲ့ နိုင်ငံတစ်ခုမဟုတ်ဘူး။

    သူဟာ ကမ္ဘာအရပ်ရပ်ကလာတဲ့ မတူညီတဲ့ လူသားတွေ စုပေါင်းတည်ဆောက်ထားတဲ့ နိုင်ငံတစ်ခုသာဖြစ်တယ်။ ဒီလို မတူညီတဲ့ လူသားတွေ စုပေါင်းအလုပ်လုပ်လိုက်ကြတာ၊ အမေရိကန်နိုင်ငံဟာ ကမ္ဘာ့အလယ်မှာ မဟာအင်အားကြီး နိုင်ငံတစ်ခုအဖြစ် ရပ်တည်နေတယ်။ အမေရိကန်နိုင်ငံရဲ့ အင်အားကို အမေရိကန်ဒေါ်လာတစ်ခုတည်းပဲ ကြည့်ပြီး ဆုံးဖြတ်လို့ရတယ်။

    နောက်ပြီးတော့ ကျွန်တော်တို့အားလုံးဟာ ဒီစိတ်ကူးယဥ်မှုနဲ့ တည်ဆောက်ထားတဲ့ လူ့အဖွဲ့အစည်းထဲမှာပဲ မွေးဖွားကြီးပျင်း လာခဲ့ကြတဲ့အတွက် ဒါတွေကို တွန်းလှန်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ကျွန်တော့်အနေနဲ့ ”မြန်မာနိုင်ငံငွေကြေး ကျပ်ဟာ စိတ်ကူးယဉ်မှုသာ ဖြစ်တယ်” ဆိုပြီး ငွေကြေးအပေါ်ကို ယုံကြည်မှုမရှိတော့ဘူးဆိုရင် နောက်နေ့မှာ ကျွန်တော်ကြိုက်တဲ့ ကော်ဖီကို သောက်နိုင်မှာ မဟုတ်တော့ဘူး။

    ဒီငွေကြေးတွေကို မယုံကြည်တော့၊ အသုံးမပြုတော့တဲ့အတွက် ကော်ဖီထုပ်ကိုလဲ ဝယ်ယူနိုင်မှာ မဟုတ်တော့ဘူး။ ဒါမှမဟုတ် ကျွန်တော့်အနေနဲ့ ”မြန်မာနိုင်ငံဆိုတာ တကယ်မရှိဘူး” လို့ သူငယ်ချင်းတွေကို ပြောလိုက်မယ်ဆိုပါစို့။ 

    ကျွန်တော်ဟာ လူ့အဖွဲ့အစည်းကနေ ဖယ်ထုတ်ခံရမယ်၊ နေ့ရက်တိုင်းကိုလဲ အထီးကျန်ဆန်စွာ ဖြတ်သန်းရမယ်ဆိုတာ ‌ကျိန်းသေပါတယ်။ အဲ့ဒီလိုပဲ ”Organization တွေ Institute တွေဟာ ဘာမှမဟုတ်ဘူး၊ စိတ်ကူးယဉ်တာ သက်သက်ပဲ” လို့ ဆိုလိုက်ရင်တော့ တစ်ပတ်အတွင်း ကျွန်တော်အလုပ်ထုတ်ခံရမှာ အသေအချာပဲ။

    နောက်ဆုံးအနေနဲ့ကတော့ စိတ်ကူးယဉ်မှုဆိုတာ စိတ်ထဲမှာပဲရှိနေပေမဲ့ လက်တွေ့လူ့အဖွဲ့အစည်းကို ပုံဖော် တည်ဆောက်နေတယ်။

    နောင်အနာဂါတ်ကို ကျွန်တော်မသိနိုင်ပေမဲ့ အခုလက်ရှိ လူ့အဖွဲ့အစည်းတွေဟာ စိတ်ကူးယဉ်ယုံကြည်မှုသာ မရှိရင် ပြိုလဲပျက်စီးသွားလိမ့်မယ်လို့ ကျွန်တော်အသေအချာ ပြောနိုင်တယ်။ 

    Written by – Julian Htet Aung
    Edited by – Khant Wutyee Htet

    ©️ 𝟮𝟬𝟮𝟯-𝟮𝟬𝟮𝟰 | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿

    #Fact_Hub #Editorial #Belief #Article #Religious #Analysis

    Fact Hub Myanmar

    Proudly powered by FH Editor Team

    This content is licensed under CC BY-NC-ND 4.0

    Share. Facebook Email Telegram
    Previous Articleဒိုင်နိုဆောတွေကို အမြစ်ဖြုတ်ခဲ့တဲ့ ဂြိုဟ်သိမ်ရန်ကနေ ငါးမန်းတွေ ဘယ်လိုလွတ်မြောက်ခဲ့သလဲ။
    Next Article နပိုလီယမ် တကယ်ပဲ အရပ်ပုသလား။
    Julian Htet Aung

    Related Posts

    ရှင်သန်ကျန်ရစ်သူရဲ့ အပြစ်ရှိစိတ် (Survivor Guilt) ကို ဘယ်လို သက်သာစေမလဲ . . .

    April 4, 2025

    ငလျင်ကို ဘာကြောင့် ကြိုတင်ခန့်မှန်းလို့ မရတာလဲ . . . ?

    April 4, 2025

    မန္တလေးကျုံးက ပလတ်စတစ်နဲ့ ဖော့ဘူးခွံတွေ

    April 4, 2025

    မြစ်ရေခမ်းတာလား . . . မြေအရည်ပျော်တာလား . . . ?

    April 4, 2025

    ငှက်အုပ်ပျံတာက မုန်တိုင်းရဲ့ ရှေ့ပြေးလား

    April 4, 2025

    မိုးလေဝသပညာရှင် ဦးဝင်းနိုင် ပြောတဲ့ မုန်တိုင်းအလားအလာ

    April 4, 2025
    Add A Comment
    Leave A Reply Cancel Reply

    Categories
    • Astronomy & Space (1)
      • Astrobiology (1)
    • Uncategorized (248)
    Archives

    At Fact Hub, we are dedicated to sharing trustworthy and reliable information that empowers people through knowledge. As a fact-checking organization, our mission is to distinguish truth from misinformation, and to uphold accuracy, integrity, and responsibility in the information we share.

    Facebook YouTube Telegram
    Archives
    • April 2025 (7)
    • March 2025 (10)
    • January 2025 (2)
    • November 2024 (4)
    • October 2024 (14)
    • September 2024 (3)
    • July 2024 (1)
    • May 2024 (1)
    • March 2024 (4)
    • January 2024 (17)
    • December 2023 (14)
    • November 2023 (26)
    • October 2023 (18)
    • September 2023 (23)
    • August 2023 (20)
    • July 2023 (13)
    • June 2023 (11)
    • May 2023 (28)
    • April 2023 (32)

    ရှင်သန်ကျန်ရစ်သူရဲ့ အပြစ်ရှိစိတ် (Survivor Guilt) ကို ဘယ်လို သက်သာစေမလဲ . . .

    April 4, 2025

    ငလျင်ကို ဘာကြောင့် ကြိုတင်ခန့်မှန်းလို့ မရတာလဲ . . . ?

    April 4, 2025

    မန္တလေးကျုံးက ပလတ်စတစ်နဲ့ ဖော့ဘူးခွံတွေ

    April 4, 2025

    မြစ်ရေခမ်းတာလား . . . မြေအရည်ပျော်တာလား . . . ?

    April 4, 2025
    Copyright © 2026. Fact Hub Myanmar. All rights reserved.

    Type above and press Enter to search. Press Esc to cancel.