Close Menu
Fact Hub Myanmar
    Archives
    • April 2025
    • March 2025
    • January 2025
    • November 2024
    • October 2024
    • September 2024
    • July 2024
    • May 2024
    • March 2024
    • January 2024
    • December 2023
    • November 2023
    • October 2023
    • September 2023
    • August 2023
    • July 2023
    • June 2023
    • May 2023
    • April 2023

    ရှင်သန်ကျန်ရစ်သူရဲ့ အပြစ်ရှိစိတ် (Survivor Guilt) ကို ဘယ်လို သက်သာစေမလဲ . . .

    April 4, 2025

    ငလျင်ကို ဘာကြောင့် ကြိုတင်ခန့်မှန်းလို့ မရတာလဲ . . . ?

    April 4, 2025

    မန္တလေးကျုံးက ပလတ်စတစ်နဲ့ ဖော့ဘူးခွံတွေ

    April 4, 2025

    မြစ်ရေခမ်းတာလား . . . မြေအရည်ပျော်တာလား . . . ?

    April 4, 2025
    Facebook X (Twitter) Instagram
    Fact Hub Myanmar
    • In-depth Articles
    • News
    • Contri Column
    Fact Hub Myanmar
    Home»Uncategorized»“သမိုင်းစာမျက်နှာပေါ်က ဒုတိယမြောက် မဟာစစ်ပွဲကြီး – အပိုင်း ၁”
    Uncategorized

    “သမိုင်းစာမျက်နှာပေါ်က ဒုတိယမြောက် မဟာစစ်ပွဲကြီး – အပိုင်း ၁”

    Khant Nyar TharBy Khant Nyar TharOctober 10, 2024No Comments6 Mins Read
    “သမိုင်းစာမျက်နှာပေါ်က ဒုတိယမြောက် မဟာစစ်ပွဲကြီး – အပိုင်း ၁”
    Share
    Facebook Email Telegram

    သဘာဝတရားကြီးကို သဘာဝဖြစ်စဉ်တွေက မွမ်းမံဖန်တီးသလို သမိုင်းက အတိတ်မှတ်တမ်းတွေကိုတော့ လူသားတွေဟာ စစ်ပွဲတွေနဲ့ ပြုပြင်ပုံသွင်းခဲ့ကြပါတယ်။ အတိတ်ဆိုတဲ့ သမိုင်းစာမျက်နှာတွေကို လှန်လှောကြည့်လိုက်မယ်ဆိုရင် ပစ်ခတ်သံ၊ ပြေးလွှာသံ၊ အော်ဟစ်သံတွေနဲ့ ရေးဖွဲ့ထားတဲ့ စစ်ကဗျာတွေကို မလွဲမသွေ တွေ့ရမှာပါ။ လူ့အဖွဲ့အစည်း စပြီး တည်ထောင်လိုက်ကတည်းက လက်ရှိ မျက်မှောက်ခေတ်အထိ လူအချင်းချင်း၊ အစုအဖွဲ့အချင်းချင်းကြား ပဋိပက္ခမီးတွေ တောက်လောက်နေဆဲဖြစ်ပြီး ထပ်ခါတလဲလဲ ဖြစ်နေတဲ့ အမှားတွေကို ကျူးလွန်နေကြဆဲပါပဲ။ 

    ဒီနှစ် စက်တင်ဘာလ ၁ ရက်နေ့ဟာ လူ့သမိုင်းမှာ ကြမ်းကြုတ်လှပါတယ်ဆိုတဲ့ ဒုတိယကမ္ဘာစစ် ဖြစ်ပွားခဲ့တာ ၇၅ နှစ် ပြည့်တဲ့နေ့ ဖြစ်ပါတယ်။ ကာလအပိုင်းအခြားအရ ကြည့်မယ်ဆိုရင် ၁၀ စုနှစ် နှစ်ခုစာ ကြာမြင့်ခဲ့ပါပြီ။ တစ်နည်းပြောရရင် ပထမကမ္ဘာစစ်လိုမျိုး အကျည်းအတန်များတဲ့ ဖြစ်ရပ်တွေ ထပ်မဖြစ်စေရဘူးဆိုတဲ့ ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်ကြီး မခိုင်မြဲခဲ့တဲ့ သဘောအဓိပ္ပာယ်ပါ။ အာဏာရှင်တွေရဲ့ လိုအင်တပ်မက်မှု၊ လူမျိုးရေးဝါဒနဲ့ လောဘတွေက အတိတ်က အမှားကို ပြန်လည်အသက်သွင်းခဲ့ကြပြီး ပိုပြီးကြီးမားတဲ့ မီးတောက်တစ်ခုကို ဒုတိယံမ္ပိ အစပျိုးခဲ့ပါတယ်။


    ၁။ ဒုတိယကမ္ဘာစစ်ဆိုတာ . . .

    ပထမကမ္ဘာစစ်ကို ရိတ်သိမ်းပြီးချိန်ဟာ ကမ္ဘာ့နိုင်ငံအသီးသီးက စစ်ရဲ့ အရသာကို အပြည့်အ၀ ခံစားအပြီး မဖြေရှင်းနိုင်တဲ့ ပုစ္ဆာတွေကြားမှာ စီးပွားရေး၊ သံတမန်ရေးနဲ့ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး စတာတွေကို ပြန်လည်ထူထောင်နေတဲ့ အချိန်ဖြစ်ပါတယ်။ ဒီအချိန်မှာပဲ ရုတ်တရက်ဆိုသလို အမေရိကန်က စတင်လာတဲ့ စီးပွားပျက်ကပ် (The Great Depression) ဟာ တစ်ကမ္ဘာလုံးကို ရိုက်ခတ်ပါတော့တယ်။ အထူးသဖြင့် ဗာဆိုင်းစာချုပ် (Treaty of Versailles) ကြောင့် ညက်ညက်ကြေအောင် နင်းခံထားရတဲ့ ဂျာမနီနိုင်ငံကို ပိုပြီး အထိနာစေခဲ့တာပါ။ ဂျာမန်တွေက စစ်ရှုံးနိမ့်မှုကို သဘောမတွေ့ကြသလို တဖြည်းဖြည်း ဆင်းရဲပင်ပန်းလာတဲ့ ဘဝတွေကိုလဲ မခုံမင်တော့ဘဲ ရုန်းထွက်မရတဲ့ ခေတ်ကြီးထဲကို နစ်ဝင်ပိတ်မိနေခဲ့ကြပါတယ်။ အဲဒီအခါမှာ ဒီလိုမျိုး ရင်ဆိုင်နေရတဲ့ ပြဿနာအလုံးစုံအတွက် သူ့မှာ အဖြေတွေ ရှိပါတယ်ဆိုတဲ့ အားပြည့်မာန်ပြည့် အမျိုးသားတစ်ဦးဟာ ဂျာမန်ပြည်သူတွေရှေ့ ထွက်ချလာပြီး နာကျည်းနေတဲ့ ပြည်သူတွေရဲ့ ထောက်ခံချက်တွေကို ကုပ်တွယ်ကာ နိုင်ငံ့အာဏာကို တစ်တစ်စ ချုပ်ကိုင်လာပါတော့တယ်။ ဒီအမျိုးသားကတော့ စာဖတ်သူတို့ ရင်းနှီးပြီးသားဖြစ်တဲ့ အ‌ဒေါ့ဖ်ဟစ်တလာ ဖြစ်ပါတယ်။ ဟစ်တလာတစ်ယောက် အာဏာရလာတာနဲ့အမျှ ဗာဆိုင်းစာချုပ်ပါ အချက်တွေကို တစ်ခုပြီးတစ်ခု အတိအလင်း ချိုးဖောက်ပြီး စစ်အင်အားတွေ တိုးချဲ့လာပေမဲ့ မဟာမိတ်နိုင်ငံတွေကတော့ စစ်ကိုရှောင်ချင်တာရယ်၊ ပြန်လည်ထူထောင်ရေးနဲ့ အခြားသော နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် သတိပေးတာမျိုး မလုပ်ခဲ့ကြပါဘူး။ ဒီလိုနဲ့ပဲ ဟစ်တလာက ဂျာမန်လူမျိုးတွေကို ပြန်လည်ပေါင်းစည်းမယ်လို့ ကြွေးကြော်ပြီး ဩစတြီးယားနဲ့ ဆူဒေးတန်းလန်းဒ် (Sudetenland) ဒေသတွေကို ဂျာမနီနဲ့ ပေါင်းစည်းခဲ့ပြီး ၁၉၃၉ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှာတော့ ပိုလန်ကို စတင်ကျူးကျော်ပြီး ဒုတိယကမ္ဘာစစ်မီးကို တောက်လောင်စေခဲ့ပါတယ်။ 

    ဒုတိယကမ္ဘာစစ်ဟာ ဂျာမနီက ပိုလန်ကို ကျူးကျော်လိုက်တဲ့အချိန်မှာ စတင်ခဲ့တယ်လို့ မှတ်ယူလို့ ရပေမဲ့ အစောပိုင်းကာလတွေကတည်းက ပဋိပက္ခတွေက ကွက်ကြားကွက်ကြား ဖြစ်ပွားနေခဲ့တာပါ။ ဒီစစ်ပွဲကို ချုံ့ပြီးပြောရရင် ဗြိတိန်၊ ပြင်သစ်၊ အမေရိကန်နဲ့ ဆိုဗီယက်တို့ ဦးဆောင်တဲ့ မဟာမိတ်အင်အားစုနဲ့ ဂျာမနီ၊ အီတလီနဲ့ ဂျပန်တို့ ပါဝင်တဲ့ ဝင်ရိုးတန်းအင်အားစု (ရောမ-ဘာလင်-တိုကျို ဝင်ရိုးတန်းအင်အားစု) ဆိုတဲ့ အင်အားစုကြီး ၂ စုက အဓိက ရင်ဆိုင်တိုက်ခိုက်ခဲ့ကြပါတယ်။ ကမ္ဘာစစ်မီးက ဥရောပဒေသတွေတင် မဟုတ်ဘဲ အာရှ-ပစိဖိတ်ဒေသ၊ အာဖရိက ကိုလိုနီနယ်မြေတွေအပါအဝင် တစ်ကမ္ဘာလုံးကို ပြန့်နှံ့ခဲ့တာပါ။ စစ်ပွဲအပြီးမှာတော့ သမိုင်းမှာ တစ်ကြိမ်တစ်ခါမှ မကြုံဖူးတဲ့၊ ရက်စက်တဲ့ စစ်ရဲ့ အသွင်ကို မြင်ခဲ့ရပြီး ပထမကမ္ဘာစစ်နဲ့ မတူဘဲ ပိုပြီး အဆင့်မြင့်လာတဲ့ နျူကလီးယားလက်နက်တွေကြောင့် ဒုတိယကမ္ဘာစစ်ဟာ အကျည်းတန်ဆုံး စစ်ပွဲတစ်ရပ် ဖြစ်လာခဲ့ပါတယ်။ 


    ၂။ အာဏာရှင်ကို အလိုလိုက်ခြင်း (သို့မဟုတ်) မြူးနစ်စာချုပ်

    စာဖတ်သူတို့ ငယ်ငယ်က မုန့်တစ်ခုခု၊ ဥပမာ – ချိုချဉ်တစ်လုံးကို စားလိုက်လို့ အရသာတွေ့သွားရင် ခဏခဏ ထပ်ပြီး စားချင်တာမျိုး ဖြစ်ဖူးပါသလား . . . ? ချိုချဉ်ရဲ့ အရသာကို နှစ်သက်သွားတဲ့အခါ စိတ်ရဲ့ လှုံ့ဆော်မှုကြောင့် ထပ်ခါတလဲလဲ စားချင်လာလို့ မိဘတွေကတောင် တားယူရတဲ့ အချိန်တွေလဲ ရှိခဲ့ဖူးမှာပါ။ ဒီလိုပဲ၊ စစ်ပွဲတွေမှာလဲ မတူညီတဲ့ ဥပမာမျိုးနဲ့ ဒီလို သဘောတရားတွေ ရှိတတ်ပါတယ်။ အထူးသဖြင့် အာဏာရှင်တွေဆီမှာပေါ့။ နေရာဒေသတစ်ခုကို သိမ်းပိုက်နိုင်လိုက်တဲ့ အချိန်၊ စစ်ပွဲတစ်ခုကို အောင်နိုင်လိုက်တဲ့ အချိန်မှာ ရှိရင်းစွဲထက် ပိုတဲ့ လိုအင်တပ်မက်မှုတွေ တိုးလာပြီး စစ်ပွဲအဟုန်ကို မြှင့်ဖို့ ကြိုးစားပါတော့တယ်။ ဆိုတော့ ဒုတိယကမ္ဘာစစ်မတိုင်ခင် အချိန်ကာလတုန်းက ကမ္ဘာကြီးဟာ ဒီလိုအခြေအနေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ 

    ၁၉၃၈ ခုနှစ်၊ ဂျာမနီနဲ့ ဩစတြီးယားနိုင်ငံတို့ ပေါင်းစပ်ပြီးချိန်မှာ ဟစ်တလာဟာ တစ်ချိန်က ဂျာမန်အင်ပါယာရဲ့ အစိတ်အပိုင်းဖြစ်ပြီး ဂျာမန်လူမျိုးတွေ နေထိုင်ခဲ့တဲ့ ချက်ကိုစလိုဗားကီးယားနိုင်ငံရဲ့ အနောက်ပိုင်းက ဆူဒေးတန်းလန်းဒ် (Sudetenland) ဒေသကို မျက်စိကျလာပါတယ်။ ၁၉၃၈ ခုနှစ်၊ ဧပြီလမှာ ဟစ်တလာက သူ့ရဲ့ ဂျာမန်စစ်တပ်အကြီးအကဲ ဝီလ်ဟမ် ခိုက်ထဲလ် (Wihelm Keital) နဲ့ တိုင်ပင်ပြီး ဆူဒေးတန်းလန်းဒ်ဒေသကို အရယူဖို့ ကြိုးပမ်းလာပါတယ်။ ဒါပေမဲ့ စိတ်ထင်တိုင်း အတင်း၀င်ရုန်းလို့ မရတာကြောင့် ဒေသတွင်းမှာ ဆူပူအုံကြွလာအောင် အရင်ဆုံး လုပ်ဖို့ အကြံရခဲ့ပါတယ်။ မေလအရောက်မှာတော့ ဟစ်တလာက ချက်ကိုစလိုဗားကီးယားကို သိမ်းပိုက်ဖို့ စစ်ပြင်ခဲ့ပြီး စစ်မဖြစ်ချင်တဲ့ ချက်ကိုစလိုဗားကီးယားရဲ့ စစ်မဟာမိတ်တွေ ဖြစ်ကြတဲ့ ဗြိတိန်နဲ့ ပြင်သစ်အတွက်တော့ ဒါသာ မနှစ်မြို့စရာ ဖြစ်ခဲ့ပါတယ်။

    ဒီလိုနဲ့ စစ်မဖြစ်ချင်တဲ့ ပြင်သစ်အစိုးရ၀န်ကြီးချုပ်အသစ် ဒါလတ်ဒ်ဒီ (Daladier) နဲ့ ဗြိတိန်ဝန်ကြီးချုပ် ချိန်ဘာလင် (Chamberlain) တို့ဟာ လန်ဒန်မှာ တွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေးကို ထိန်းသိမ်းဖို့အတွက်ဆိုရင် ဟစ်တလာကို သူလိုချင်တာ ပေးမှ ရမယ်ဆိုတဲ့ အတွေးနဲ့ ဆူဒေးတန်းလန်းဒ် ဒေသက ဂျာမန်လူမျိုး ၅၀ ရာခိုင်နှုန်းနဲ့ အထက်ရှိတဲ့ ဘယ်နေရာကိုမဆို ဂျာမနီကိုပေးဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ချက်ကိုစလိုဗားကီးယားရဲ့ အစိုးရက ဒါကို သဘောမတူခဲ့ပေမဲ့ အတင်းအကျပ် ဖိအားပေးခံခဲ့ရတာကြောင့် စက်တင်ဘာလ ၂၁ ရက်နေ့မှာတော့ သဘောတူလိုက်ရပါတယ်။ ဒါပေမဲ့ ဟစ်တလာက ဒီလောက်နဲ့ အတောမသတ်နိုင်သေးဘဲ ဒေသတစ်ခုလုံးကို လိုချင်လာတာကြောင့် နှစ်နိုင်ငံစစ်ရေး တင်းမာလာပြီး ချက်ကိုစလိုဗားကီးယားကလဲ စစ်တိုက်ဖို့အသင့်ဖြစ်နေပေမဲ့ တစ်ယောက်ထဲ မတိုက်နိုင်တာတော့ အသေအချာ ဖြစ်နေခဲ့ပါတယ်။

    ဒီလိုနဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဗြိတိန်၀န်ကြီးချုပ် ချိန်ဘာလင်ဟာ စက်တင်ဘာလ ၂၉ ရက်နေ့မှာ လေးနိုင်ငံအစည်းအ‌ဝေးတစ်ရပ်ကို မြူးနစ်မြို့မှာ ကျင်းပဖို့ တောင်းဆိုလိုက်ပြီး ဂျာမနီ၊ ပြင်သစ်၊ ဗြိတိန်နဲ့ အီတလီက အကြီးအကဲတွေ ပါဝင်တက်‌ရောက်ခဲ့ပါတယ်။ ဒီနေရာမှာ စာဖတ်သူတို့ သတိထားမိကောင်းထားမိမှာပါ။ ချက်ကိုစလိုဗားကီးယားနိုင်ငံ ဒေသတစ်ခုရဲ့ ကံကြမ္မာကို ဆွေးနွေးမဲ့ အစည်းအဝေးမှာ သူ့ဒေသရဲ့ ကိုယ်စားပြုက မထီမဲ့မြင်ပြုခံထားရတယ် ဆိုတာကိုပေါ့။

    အစည်းအ‌‌ဝေးခန်းမထဲမှာတော့ အီတလီနိုင်ငံရဲ့ ခေါင်းဆောင် ဘနီတိုမူဆိုလီနီ (Benito Mussolini) က သဘောတူညီချက်ပလန်တစ်ခုကို တင်ပြခဲ့ပြီး နောက်ပိုင်းမှသိရတာက ဒီပလန်ဟာ သူကိုယ်တိုင်ရေးဆွဲတာမဟုတ်ဘဲ ဂျာမန်တွေ ရေးဆွဲထားတယ်ဆိုတာပါ။ မြူးနစ်သဘောတူညီချက် ရေးထိုးပြီးချိန်မှာတော့ ချက်ကိုစလိုဗားကီးယားဟာ တစ်ယောက်တည်းခုခံမလား၊ သဘောတူမလားဆိုတဲ့ ရွေးချယ်မှု ၂ ခုပဲ ရှိတော့တာကြောင့် လက်ခံရဖို့ ဖြစ်လာခဲ့ပါတယ်။ တစ်ဖက်မှာတော့ ဗြိတိန်ဝန်ကြီးချုပ် ချိန်ဘာလင် နေရပ်ပြန်ရောက်ချိန်မှာ စစ်ပွဲကို တားဆီးနိုင်ခဲ့တဲ့ သူရဲကောင်းကြီးအနေနဲ့ ချီး‌မြောက်ကြိုဆိုခံရပြီး ဗြိတိန် တစ်ပြည်လုံး လက်ခုပ်သံတွေ ညံသွားပါတော့တယ်။ ဒါပေမဲ့ အာဏာရှင် ဟစ်တလာအဖို့တော့ သဘောတူညီချက်စာချုပ်ဆိုတာ ဗလာစာအုပ်ထဲက စာရွက်တစ်ရွက်လောက်တောင် တန်ဖိုးမရှိတာကြောင့် ၁၉၃၉ ခုနှစ်၊ မတ်လမှာတော့ စာချုပ်ကို ဖောက်ဖျက်ပြီး ချက်ကိုစလိုဗားကီးယား တစ်နိုင်ငံလုံးကို သိမ်းပိုက်ခဲ့ပါတယ်။ ဒီလိုနဲ့ အရသာတွေ့သွားခဲ့တဲ့ ဟစ်တလာဟာ ကမ္ဘာတစ်ခွင်ကို သိမ်းဖို့ အစီအစဉ်ဆွဲခဲ့ပြီး ၁၉၃၉ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှာ ပိုလန်နိုင်ငံကို စတင်ကျူးကျော်ကာ ကြမ်းတမ်းလှတဲ့ ကမ္ဘာစစ်ခရီးလမ်းတစ်ခုကို လမ်းစဖော်ခဲ့ပါတယ်။ 


    ၃။ သေနတ်သံတွေနောက်က သတင်းအချက်အလက်စစ်ပွဲ

    ‘စစ်ပွဲ’ ဆိုတဲ့ စကားလုံးကို ပြောလိုက်မယ်ဆိုရင် အများစုက စစ်ချီလာတဲ့ စစ်သားတွေ၊ စစ်ကားတွေ၊ ကျည်ဆန်တွေကို ပြေးမြင်ကြမှာ အသေအချာပါပဲ။ ဒါပေမဲ့ စစ်ပွဲတစ်ခုမှာ သေနတ်ပစ်တတ်ဖို့၊ တင့်ကားမောင်းဖို့ပဲ အရေးကြီးတာမဟုတ်ပါဘူး။ အထူးသဖြင့် နည်းပညာတွေ အဆင့်မြင့်လာချိန်မှာ ခေတ်သစ်စစ်ပွဲတွေကို ဖော်ဆောင်ဖို့ သတင်းအချက်အလက် စီးဆင်းမှုကလဲ အလွန်အရေးပါလာပြီး ဒုတိယကမ္ဘာစစ်လို စစ်ပွဲကြီးမှာဆိုရင် အချက်အလက်တစ်ခု လွဲမှားသွားတာနဲ့ စစ်ဆင်ရေးတစ်ခု ကျဆုံးသွားနိုင်တဲ့ အနေအထားမှာ ရှိပါတယ်။ ဒါကြောင့် ကမ္ဘာစစ်ကာလအတွင်းမှာ မဟာမိတ်တွေဘက်ကရော ၀င်ရိုးတန်းအင်အားစုတွေကပါ သူလျှိုတွေ၊ အေးဂျင့်တွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့သလို သူတို့ကြောင့် ပြောင်းလဲသွားတဲ့ ရလဒ်တွေဟာလဲ ဒုနဲ့‌ဒေးပါပဲ။ ဒီထဲကမှ ဗြိတိသျှထောက်လှမ်းရေး အေဂျင်စီ MI5 ကတော့ ထူးခြားတဲ့ “Double Cross” စနစ်ကို သုံးပြီး တစ်ဖက်က သူလျှိုတွေကို သူတို့ရဲ့ သူလျှိုတွေအနေနဲ့ ပြန်ပြောင်းခဲ့ပါတယ်။ သူတို့ကိုယ်တိုင်ကိုတော့ နှစ်ထပ်သူလျှို (Double Agent) လို့ သုံးပါတယ်။

    ဗြိတိသျှနှစ်ထပ်သူလျှိုတွေရဲ့ အလုပ်ကတော့ အပြင်ပန်းမှာ ရန်သူအတွက် လုပ်ပေးသလိုနဲ့ သတင်းမှားတွေ ပေးကြရတာမျိုးပါ။ ၁၉၄၀ ပြည့်နှစ်ကာလတွေတုန်းက ဂျာမန်ဘက်ကနေ ဗြိတိန်ကို ပို့လိုက်တဲ့ သူလျှိုတွေဟာ MI5 ရဲ့ ဖမ်းဆီးတာကို ခဏခဏ ခံကြရပါတယ်။ အကြောင်းကတော့ ဗြိတိသျှတွေဟာ ဂျာမန်တွေရဲ့ Enigma Code တွေကို ဖော်ထုတ်နိုင်တာကြောင့် သူလျှိုတွေရဲ့ တည်နေရာနဲ့ အချိန်တွေကို ခန့်မှန်းနိုင်ပြီး အကွက်ချ ဖမ်းဆီးနိုင်ခဲ့တာပါ။ ဂျာမန်ထောက်လှမ်းရေး အေဂျင်စီရဲ့ မှတ်တမ်းတွေကို လေ့လာကြည့်တဲ့အခါ ဗြိတိန်ကိုလွှတ်လိုက်တဲ့ ဂျာမန်သူလျှို ၁၁၅ ယောက်နဲ့အထက် ဖမ်းခံရပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတဲ့ တစ်ယောက်ကိုသာ မဖမ်းနိုင်ခဲ့တာပါ။ အဖမ်းခံရတဲ့ ဂျာမန်သူလျှိုတွေဟာ နှစ်ထပ်သူလျှိုပြန်လုပ်ပေးမလား၊ ပိတ်လှောင်ခံမလားဆိုပြီး ရွေးချယ်ရပါတယ်။ အများစုကတော့ သူလျှိုပြန်လုပ်ပေးဖို့ ရွေးချယ်ခဲ့ကြပြီး သူတို့ကိုတော့ ဗြိတိသျှထောက်လှမ်းရေး အေဂျင်စီတွေဖြစ်တဲ့ MI6 (SIS) နဲ့ MI5 တို့က အဓိက ကြီးကြပ်ပါတယ်။

    နှစ်ထပ်သူလျှိုတွေရဲ့ အဓိကအသုံးဝင်ပုံကတ သတင်းမှားဖြန့်တဲ့ နေရာမှာ ဖြစ်ပါတယ်။ ဥပမာအနေနဲ့ နော်မန်ဒီကို တိုက်မဲ့ D-day နေ့ မရောက်ခင်မှာ အေးဂျင့်တွေက ဂျာမန်ထောက်လှမ်းရေး Abwcher ကို တည်နေရာသတင်းအမှားပေးခဲ့ပါတယ်။ တကယ့်ပစ်မှတ်နေရာ နော်မန်ဒီအစား ရှဲဘော့ဂ်ျ (Cherbourg) ကို ကမ်းတက်တိုက်ခိုက်မယ်ဆိုပြီး သတင်းပေးခဲ့တာကြောင့် မပြင်ဆင်ထားတဲ့ ဂျာမန်တွေအနေနဲ့ D-day မှာ အရှုံးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

    နောက်ထပ် ဗြိတိသျှတွေ အချက်အလက်မှား ဖြန့်ပြီး ဆင်နွှဲခဲ့တဲ့ စစ်ဆင်ရေးကတော့ Operation Mincemeat ပါ။ ၁၉၄၃ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့မှာ စပိန်ကမ်းရိုးတန်းကို အလောင်းတစ်လောင်း မျောလာခဲ့ပါတယ်။ အလောင်းမှာပါတဲ့ သက်သေတွေအရ သူဟာ တော်ဝင်ရေတပ်ရဲ့ အကြီးအကဲ ဝီလီယမ်မာတင် (William Martin) ဖြစ်ပြီး သူနဲ့အတူ လျှို့ဝှက်ဖိုင်တွဲတစ်ခု ပါလာခဲ့ပါတယ်။ ဖိုင်ထဲမှာတော့ မဟာမိတ်တွေရဲ့ နောက်ထပ်တိုက်ခိုက်မဲ့ ပစ်မှတ်ဟာ ဂရိနဲ့ ဆာဒီနီးယားဒေသ ဖြစ်တယ်ဆိုတာပါပဲ။ ဒါကို သိသိချင်း စပိန်အာဏာပိုင်တွေထဲက ဂျာမနီဘက်ယိမ်းသူတွေဟာ ဂျာမန်ထောက်လှမ်းရေးကို သတင်းပို့ခဲ့တာကြောင့် ဂျာမန်တွေဟာ ဂရိ၊ ဘောတစ်ဒေသနဲ့ ဆာဒီနီးယားဒေသ တွေမှာ နေရာယူ လုံခြုံရေးတိုးမြင့်ခဲ့ပါတယ်။

    ဇူလိုင်လ ၉ ရက်နေ့, တကယ့် မဟာမိတ်တွေ လာတိုက်တဲ့ အချိန်မှာတော့ အထွေအထူး မပြင်ဆင်ထားတဲ့ ဆီစလီ (Sicily) ဒေသဖြစ်နေပြီး တစ်လကျော်တိုက်ပွဲအပြီးမှာတော့ မဟာမိတ်တွေက ဆီစလီကျွန်းကို ရယူနိုင်ခဲ့ပါတယ်။ အပေါ်က အချက်အလက်တွေကို ပြန်ကြည့်မယ်ဆိုရင် ရုပ်အလောင်းဟာ တကယ်တော့ ဗြိတိသျှ သင်္ဘောကနေ ရည်ရွယ်ချက်ရှိရှိ မျှောချခဲ့တာ ဖြစ်ပြီး အလောင်းပိုင်ရှင်က ရိုးရိုး အိမ်ခြေမဲ့ အလုပ်ကြမ်းသမားတစ်ယောက်သာ ဖြစ်ပါတယ်။ ဒီစစ်ဆင်ရေးဟာ သတင်းအချက်အလက်ရဲ့ အရေးပါမှုကို ဝင်ရိုးတန်းအင်အားစုတွေဆီ သတိပေးလိုက်သလိုပါပဲ။


    ၄။ မကြုံလိုက်ရတဲ့ ဇီဝစစ်ပွဲ

    ဒုတိယကမ္ဘာစစ်ရဲ့ ရေချိန်ဟာ မဟာမိတ်တွေဘက်ကို တဖြည်းဖြည်း အားသာလာတာနဲ့အမျှ ဝင်ရိုးတန်းအင်အားစုရဲ့ စစ်ရေးဖိအားကလဲ သိသိသာသာ ကြီးလာပါတယ်။ အချစ်နဲ့စစ်မှာ မတရားတာမရှိဘူး ဆိုတဲ့အတိုင်း ဂျပန်တွေဟာ စစ်နိုင်ဖို့အတွက် ဉာဏ်နီ ဉာဏ်နက်မျိုးစုံ ထုတ်လာပါတော့တယ်။ ဂျပန်အင်ပါယာရဲ့ Unit 731 ဟာ စစ်ပွဲအတွက် ဓာတုနဲ့ ဇီ၀လက်နက်တွေ စမ်းသပ်နေတဲ့နေရာဆိုပြီး လူသိများကြပြီး အဲဒီကထွက်တဲ့ လက်နက်တွေကို ဂျပန်တွေအနေနဲ့ အသုံးပြုဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ဖူးပါတယ်။ ဥပမာ အီဝိုဂျီမာ (Iwo Jima) တိုက်ပွဲမှာ အမေရိကန်ရေတပ်ကို ဇီ၀လက်နက်သယ်ထားတဲ့ ဂလိုက်ဒါလေယာဉ်နဲ့ တိုက်ဖို့ စီစဉ်ခဲ့သေးတယ်လို့ သိရပါတယ်။

    ကမ္ဘာစစ်ရဲ့ အဆုံးသတ်နီးကပ်လာချိန်မှာ Unit 731 ရဲ့ ဒါရိုက်တာ အိရှီးရှီရို (Ishii Shiro) ဆီက ဇီဝလက်နက်နဲ့ တန်ပြန်တိုက်ခိုက်ဖို့ အကြံရခဲ့ပါတယ်။ အမေရိကန်ရဲ့ ကမ်းရိုးတန်းဒေသ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဒီရေဂိုမြို့ကို Aichi M6A Seiran အမျိုးအစား လေယာဉ်နဲ့ ရောဂါပိုးရှိတဲ့ ပိုးကောင်တွေကို ကြဲချမှာပါ။ အစီအစဉ်အတိအကျကတော့ ပိုးကောင်တွေသယ်ထားတဲ့ လေယာဉ်တွေကို Five I-400 ရေငုပ်သင်္ဘောတွေက ပစိဖိတ်သမုဒ္ဒရာ တစ်လျှောက်သယ်သွားမှာ ဖြစ်ပြီး ရောဂါပိုးတွေကို မြို့ထဲ ကြဲချရင်ချ၊ မချရင် လေယာဉ်နဲ့ ဝင်တိုက်ဖောက်ခွဲရမဲ့ အသေခံမစ်ရှင်ဖြစ်ပါတယ်။ စစ်ဆင်ရေးရဲ့ နာမည်ကတော့ Operation Cherry Blossoms at Night ဖြစ်ပါတယ်။ ဒီရောဂါပိုးသယ်လာတဲ့ အကောင်ဟာ လူကို ကိုက်လိုက်တာနဲ့ ‘Bubonic plague’ ဆိုတဲ့ ကူးစက်‌ရောဂါ ခံစားရမှာဖြစ်ပြီး လက္ခဏာတွေကတော့ သာမန်အဖျားလက္ခဏာတွေလိုပဲ အော့အန်တာ၊ ခေါင်းကိုက်တာအပါအဝင် ကိုယ်ခံအားစနစ်မှာ အရေးပါတဲ့ lymph Nodes လေးတွေကို ရောင်ရမ်းလာစေမှာပါ။ ဒီပိုးမွှားကို အစွဲပြုပြီး စစ်ဆင်ရေးကို Operation PX လို့လဲ ခေါ်ကြပါသေးတယ်။

    ဒါပေမဲ့ စစ်ဦးစီးချုပ် ယိုရှိဂျီရိုအုမဲဇု (Yoshijiro Umezu) ကတော့ ဇီဝလက်နက် အသုံးပြုမယ်ဆိုရင် ဂျပန်နဲ့ အမေရိကန်ကြားက စစ်ပွဲထက် လူသားမျိုးနွယ်နဲ့ ဘက်တီးရီးယားပိုးတွေကြားက အဆုံးမဲ့စစ်ပွဲသာ ဖြစ်သွားလိမ့်မယ်လို့ ဆိုပြီး စစ်ဆင်ရေးကို ခဏတာ ဆိုင်းငံ့ထားခဲ့ပါတယ်။ နောက်တစ်ခုက လေယာဉ်တွေကို သယ်သွားမဲ့ ရေငုပ်သင်္ဘောတွေကလဲ အလုံအလောက် မရှိသေးလို့ပါ။ ဒါပေမဲ့ ဒုတိယကမ္ဘာစစ်ရဲ့ အဆုံးသတ်ကို ရောက်လာချိန်မှာတော့ ဂျပန်တွေဟာ စစ်ဆင်ရေးကို စက်တင်ဘာလ ၂၂ ရက်နေ့မှာ ဆောင်ရွက်ဖို့ အစီစဉ်ချခဲ့ပေမဲ့ စစ်ဆင်ရေးအသက်မဝင်ခင် ၁၉၄၅ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်နေ့မှာ ဂျပန်အင်ပါယာက လက်နက်ချခဲ့ရတာကြောင့် ဇီဝစစ်ပွဲကြီးဟာလဲ သမိုင်းစာမျက်ပေါ်မှာ တင်ကျန်ခဲ့မဲ့အဖြစ်ကို မရောက်ခဲ့လိုက်ပါဘူး။           ။  


    References

    – The Editors of Encyclopaedia Britannica. (2024, August 1). Munich Agreement | Definition, Summary, & Significance. Encyclopedia Britannica.  

    – Imperial War Museums. (n.d.). The war on paper: Operation Mincemeat. 

    – Wikipedia contributors. (2024, July 14). Operation PX. Wikipedia.  

    – H-057-2: Operation Cherry blossoms at night. (n.d.). 

    – World Health Organization: WHO. (2022, July 7). Plague.  

    – Mallory. (2020, June 1). Secret agents, secret armies: The D-Day Misfit Spies. The National WWII Museum | New Orleans. 

    Writer Khant Nyar Thar
    Fact-checkerMon Myat Kyaw
    Final-editorNyan Win Htet
    Attribution table

    Fact Hub Myanmar

    Proudly powered by FH Editor Team

    This content is licensed under CC BY-NC-ND 4.0

    Share. Facebook Email Telegram
    Previous Article၂၀၂၄ ခုနှစ်အတွက် ဆေးဘက်ဆိုင်ရာ နိုဘယ်ဆု ဘာလဲ၊ ဘယ်လဲ . . .?
    Next Article “၂၀၂၄ ခုနှစ်အတွက် ဓာတု​ဗေဒဆိုင်ရာ နိုဘယ်လ်ဆု ဘာလဲ၊ ဘယ်လဲ . . .။”
    Khant Nyar Thar

    Related Posts

    ရှင်သန်ကျန်ရစ်သူရဲ့ အပြစ်ရှိစိတ် (Survivor Guilt) ကို ဘယ်လို သက်သာစေမလဲ . . .

    April 4, 2025

    ငလျင်ကို ဘာကြောင့် ကြိုတင်ခန့်မှန်းလို့ မရတာလဲ . . . ?

    April 4, 2025

    မန္တလေးကျုံးက ပလတ်စတစ်နဲ့ ဖော့ဘူးခွံတွေ

    April 4, 2025

    မြစ်ရေခမ်းတာလား . . . မြေအရည်ပျော်တာလား . . . ?

    April 4, 2025

    ငှက်အုပ်ပျံတာက မုန်တိုင်းရဲ့ ရှေ့ပြေးလား

    April 4, 2025

    မိုးလေဝသပညာရှင် ဦးဝင်းနိုင် ပြောတဲ့ မုန်တိုင်းအလားအလာ

    April 4, 2025
    Add A Comment
    Leave A Reply Cancel Reply

    Categories
    • Astronomy & Space (1)
      • Astrobiology (1)
    • Uncategorized (248)
    Archives

    At Fact Hub, we are dedicated to sharing trustworthy and reliable information that empowers people through knowledge. As a fact-checking organization, our mission is to distinguish truth from misinformation, and to uphold accuracy, integrity, and responsibility in the information we share.

    Facebook YouTube Telegram
    Archives
    • April 2025 (7)
    • March 2025 (10)
    • January 2025 (2)
    • November 2024 (4)
    • October 2024 (14)
    • September 2024 (3)
    • July 2024 (1)
    • May 2024 (1)
    • March 2024 (4)
    • January 2024 (17)
    • December 2023 (14)
    • November 2023 (26)
    • October 2023 (18)
    • September 2023 (23)
    • August 2023 (20)
    • July 2023 (13)
    • June 2023 (11)
    • May 2023 (28)
    • April 2023 (32)

    ရှင်သန်ကျန်ရစ်သူရဲ့ အပြစ်ရှိစိတ် (Survivor Guilt) ကို ဘယ်လို သက်သာစေမလဲ . . .

    April 4, 2025

    ငလျင်ကို ဘာကြောင့် ကြိုတင်ခန့်မှန်းလို့ မရတာလဲ . . . ?

    April 4, 2025

    မန္တလေးကျုံးက ပလတ်စတစ်နဲ့ ဖော့ဘူးခွံတွေ

    April 4, 2025

    မြစ်ရေခမ်းတာလား . . . မြေအရည်ပျော်တာလား . . . ?

    April 4, 2025
    Copyright © 2026. Fact Hub Myanmar. All rights reserved.

    Type above and press Enter to search. Press Esc to cancel.