Close Menu
Fact Hub Myanmar
    Archives
    • April 2025
    • March 2025
    • January 2025
    • November 2024
    • October 2024
    • September 2024
    • July 2024
    • May 2024
    • March 2024
    • January 2024
    • December 2023
    • November 2023
    • October 2023
    • September 2023
    • August 2023
    • July 2023
    • June 2023
    • May 2023
    • April 2023

    ရှင်သန်ကျန်ရစ်သူရဲ့ အပြစ်ရှိစိတ် (Survivor Guilt) ကို ဘယ်လို သက်သာစေမလဲ . . .

    April 4, 2025

    ငလျင်ကို ဘာကြောင့် ကြိုတင်ခန့်မှန်းလို့ မရတာလဲ . . . ?

    April 4, 2025

    မန္တလေးကျုံးက ပလတ်စတစ်နဲ့ ဖော့ဘူးခွံတွေ

    April 4, 2025

    မြစ်ရေခမ်းတာလား . . . မြေအရည်ပျော်တာလား . . . ?

    April 4, 2025
    Facebook X (Twitter) Instagram
    Fact Hub Myanmar
    • In-depth Articles
    • News
    • Contri Column
    Fact Hub Myanmar
    Home»Uncategorized»၂၀၂၄ ခုနှစ်အတွက် ဆေးဘက်ဆိုင်ရာ နိုဘယ်ဆု ဘာလဲ၊ ဘယ်လဲ . . .?
    Uncategorized

    ၂၀၂၄ ခုနှစ်အတွက် ဆေးဘက်ဆိုင်ရာ နိုဘယ်ဆု ဘာလဲ၊ ဘယ်လဲ . . .?

    Fact Hub Editor TeamBy Fact Hub Editor TeamOctober 10, 2024Updated:December 11, 2024No Comments4 Mins Read
    ၂၀၂၄ ခုနှစ်အတွက် ဆေးဘက်ဆိုင်ရာ နိုဘယ်ဆု ဘာလဲ၊ ဘယ်လဲ . . .?
    Share
    Facebook Email Telegram

    လက်ရှိ ၂၀၂၄ ခုနှစ်အတွက် နိုဘယ်ဆုတွေကို တစ်နေ့က အောက်တိုဘာလ ၇ ရက်နေ့မှာပဲ ဆွီဒင်နိုင်ငံ၊ အော်စလိုမြို့မှာ စတင်ပေးအပ်နေပါပြီ။ ဒီနှစ်အတွက် အဖွင့်ကိုတော့ ဆေးဘက်ဆိုင်ရာ နိုဘယ်ဆုနဲ့ စလိုက်ပါတယ်။ နိုဘယ်ဆုကြေညာတာကို အောက်တိုဘာလ ၇ ရက်ကနေ ၁၄ ရက်နေ့ထိ တစ်ပတ်တိတိ ပြုလုပ်သွားမှာပါ။ 

    ဒီနှစ်ရဲ့ ဆေးဘက်ဆိုင်ရာ နိုဘယ်ဆုကိုတော့ ဗစ်တာ အမ်းဘရို့စ် (Victor Ambros) နဲ့ ဂယ်ရီ ရာ့ဗ်ကမ်း (Gary Ruvkun) တို့က မျှဝေရရှိသွားပါတယ်။ ရရှိတဲ့ အကြောင်းက ဗီဇပိုင်းတွေမှာ DNA ကနေ မျိုးဗီဇကူးယူမှု လုပ်ပြီးချိန် microRNA တွေရဲ့ အခန်းကဏ္ဍနဲ့ အရေးပါပုံကို လေ့လာတွေ့ရှိခဲ့လို့ပါ။ နားလည်ရလွယ်အောင် ခွဲထုတ် ပြောပြပါ့မယ်။

    လူသားတွေ အပါအဝင် သက်ရှိတိုင်းကို ဆဲလ်တွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတာပါ။ အဲဒီဆဲလ်တွေထဲမှာ ခရိုမိုဆုမ်းလို့ ခေါ်တဲ့ မိဘတွေဆီက လက်ဆင့်ကမ်းရရှိတဲ့ မျိုးရိုးဗီဇအချက်အလက်တွေ ပါဝင်ပါတယ်။ နမူနာ၊ လူသားမျိုးစိတ်မှာဆိုရင် ဖခင်ဘက်က ခရိုမိုဆုမ်း ၂၃ ခုနဲ့ မိခင်ဘက်က ၂၃ ခု၊ ပေါင်း ခရိုမိုဆုမ်း ၄၆ ခု ရှိပါတယ်။ ဖိုသုတ်ဆဲလ်နဲ့ မမျိုးဥဆဲလ်က လွဲလို့ ခန္ဓာကိုယ်မှာ ရှိသမျှ ဆဲလ်တိုင်းရဲ့ ခရိုမိုဆုမ်းအရေအတွက်က အတူတူပါပဲ။ ခရိုမိုဆုမ်းအရေအတွက် တူညီတာမို့ ဒီခရိုမိုဆုမ်းထဲမှာ ပါဝင်တဲ့ မျိုးရိုးဗီဇဆိုင်ရာ အချက်အလက်တွေဟာလဲ တစ်ထပ်တည်းပဲ ဖြစ်ကြပါတယ်။ မျက်လုံးမှာ ရှိတဲ့ ဆဲလ်ထဲက ဗီဇနဲ့ ကျောက်ကပ်ဆဲလ်က ဗီဇ၊ နှလုံးဆဲလ်ရဲ့ ဗီဇ . . . အကုန်လုံးက တူညီတဲ့ မျိုးဗီဇဆိုင်ရာ ညွှန်ကြားချက်တွေကိုပဲ ပိုင်ဆိုင်ထားကြတာပါ။ ဒါပေမဲ့ မျက်လုံးကလဲ မျက်လုံးအလုပ်ပဲ လုပ်သလို ကျောက်ကပ်ဟာလဲ ကျောက်ကပ်အလုပ်ပဲ လုပ်တယ်။ မျက်လုံးဆဲလ်တွေဟာ မျက်လုံးအလုပ်လုပ်နိုင်ဖို့ လိုအပ်တဲ့ ညွှန်ကြားချက်တွေကိုပဲ ဖွင့်ထားတတ်ပြီး နှလုံးဆဲလ်တွေ၊ ကျောက်ကပ်ဆဲလ်တွေနဲ့ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ တခြားဆဲလ်အမျိုးအစားတွေကလဲ အလားတူပါပဲ။ ဒါကို ဇီဝဗေဒမှာ မျိုးရိုးဗီဇ ထုတ်ဖော်ပုံ (Gene Regulation) လို့ ခေါ်လေရဲ့။ ဆဲလ်အမျိုးအစားပေါ် လိုက်ပြီး ဘယ်ဆဲလ်ကတော့ ဘယ်ဗီဇကို ဘယ်အချိန်မှာ ထုတ်ဖော်ရမယ်၊ ဘယ်ဗီဇကိုတော့ ဘယ်လိုအချိန်မှာ ပိတ်ပစ်ရမယ်၊ ဘယ်လိုအခြေအနေမှာ ထုတ်ဖော်သတ္တိကြွရမယ် ဆိုတာမျိုးပေါ့။ 

    ဒီတွေ့ရှိမှုရဲ့ အစက ၁၉၈၀ ခုနှစ်ဝန်းကျင်မှာပါ။ အဲဒီအချိန်တုန်းက ဗစ်တာနဲ့ ဂယ်ရီတို့က စီ အယ်လီဂန်စ် (C. elegans) အမည်ရ တီကောင်ငယ်လေးကို လေ့လာနေကြတယ်။ စီ အယ်လီဂန်စ်က တီကောင်မျိုးစိတ်ပေမဲ့ တခြားရှုပ်ထွေးတဲ့ သက်ရှိတွေလို အာရုံကြောဆဲလ်တွေနဲ့ ကြွက်သားဆဲလ်တွေကို ပိုင်ဆိုင်ထားတာမို့ ပညာရှင်နှစ်ယောက်အဖို့ အာရုံစိုက်စရာ ဖြစ်နေတာပေါ့။ ဒီလိုနဲ့ တီကောင်ဆဲလ်ထဲမှာ မျိုးရိုးဗီဇပိုင်းအရ ကွာခြားနေတဲ့ နေရာ နှစ်နေရာရဲ့ အသားစလေးတွေကို ဆွဲထုတ်၊ လင် ၄ နဲ့ လင် ၁၄ (lin-4 and lin-14) လို့ နာမည်ပေးပြီး လေ့လာကြပါတယ်။ လင် ၄ ရော လင် ၁၄ ရောက ဆဲလ်တွေရဲ့ ဖွံ့ဖြိုးမှုကို နှောင့်နှေးအောင် လုပ်တယ်လို့ နှစ်ယောက်စလုံးက နားလည်တွေ့ရှိထားကြတာပါ။

    အဲဒီလို လေ့လာချိန်မှာ ဗစ်တာက သူ့ဆီက လင် ၄ က လင် ၁၄ ကို ထိန်းချုပ်တာမျိုး၊ နှောင့်ယှက်တာမျိုး ရှိနေတယ်လို့ တွေ့ရှိထားပါတယ်။ ဒါပေမဲ့ ဘယ်လိုလဲဆိုတာတော့ အဲတုန်းက နားမလည်ခဲ့ကြဘူးပေါ့။ နှစ်တွေကြာပြီးတဲ့နောက် ဒါကိုပဲ သုတေသနဆက်လုပ်ချိန်မှာ လင် ၄ ဗီဇပိုင်းကနေ အတော်လေးကို တိုတဲ့ RNA အမျိုးအစားတစ်ခု ထုတ်လုပ်တာကို တွေ့ရပါတယ်။ ဒီ RNA လေးမှာ တခြား RNA တွေလို DNA က ပွားပြီး ပေးလိုက်ရမဲ့ ပရိုတိန်းထုတ်လုပ်ဖို့ လမ်းညွှန်ချက် – မျိုးရိုးဗီဇအချက်အလက်တွေလဲ မပါလာသလို လင် ၁၄ ဗီဇပိုင်းက အလုပ်လုပ်နေတာကိုလဲ အတင်းလိုက်တားနေလေရဲ့။ ဒါပေမဲ့ အဲဒီအချိန်ထိလဲ ဘာကြောင့်ဆိုတာ ဂဃနဏ မသိရသေးပါဘူး။

    အသက်ဇီဝိန် ဆက်လက်ဖြစ်တည်ဖို့၊ ကြီးထွားဖွံ့ဖြိုးဖို့နဲ့ ဇီဝကမ္မဖြစ်စဉ်တွေ လည်ပတ်လှုပ်ရှားနိုင်ဖို့ ပရိုတိန်း လိုအပ်ပါတယ်။ ဘယ်လိုအချိန်မှာ ဘယ်ပရိုတိန်းကို ထုတ်ရမယ်ဆိုတဲ့ ညွှန်ကြားချက်က ဆဲလ်တွေရဲ့ ဗဟိုချက် DNA ထဲမှာ ရှိလေရဲ့။ ဒါပေမဲ့ ဆဲလ်တွေအနေနဲ့ ပရိုတိန်း တစ်ခါထုတ်မယ်ပြင်တိုင်း တစ်ခေါက် DNA ကို သွားယူနေလို့  ဘယ်အဆင်ပြေပါ့မလဲ။ မျိုးရိုးဗီဇအချက်အလက်တွေ အကုန်လုံး တစ်စုတစည်းတည်းရှိတဲ့ DNA ကို မူရင်းအတိုင်းထားပြီး ကိုယ်လုပ်ရမဲ့ အပိုင်းနဲ့ ဆိုင်တာကိုပဲ မိတ္တူဆွဲချရမှာပေါ့။ RNA အမျိုးအစားတွေထဲကမှ mRNA လို့ ခေါ်တဲ့ messenger RNA လေးတွေက DNA ဆီက မျိုးဗီဇဆိုင်ရာ အချက်အလက်လေးတွေကို လိုသလို မိတ္တူဆွဲပြီး ပရိုတိန်းထုတ်လုပ်တဲ့ဆီ သယ်ဆောင်ပေးပါတယ်။ သယ်ပေးလို့ ရောက်တော့ လာပါရဲ့၊ ပရိုတိန်းထုတ်လုပ်မဲ့ ရိုင်ဘိုဆုမ်းအနေနဲ့ ရလာတဲ့ အချက်အလက်တွေကို ပေါင်းစပ်ပြီး မှန်မှန်ကန်ကန်ထုတ်လုပ်ပေးနိုင်ဖို့ transfer RNA ခေါ် tRNA လေးတွေရဲ့ အကူအညီကို လိုပါတယ်။ RNA ဖွဲ့စည်းပုံကို အလွယ်ပြောရရင်တော့ DNA လို ကြောင်လိမ်လှေကားသဏ္ဍာန်နဲ့ နှစ်ချောင်းတွဲ (Double Strand) မဟုတ်ဘဲ တစ်ချောင်းတည်း (Single Strand) ရှိတာပါ။

    ခုနက သုတေသနကိစ္စနဲ့ ဆက်ရရင်တော့ ဗစ်တာက သူလေ့လာတုန်းမှာ လင် ၁၄ ကို လင် ၄ က ထိန်းချုပ်တာ တွေ့ရတယ်လို့ အပေါ်မှာ ပြောခဲ့ပါတယ်။  တပြိုင်တည်းမှာပဲ ဂယ်ရီကလဲ ဒီ ဗီဇပိုင်းနှစ်ခုကို  သုတေသနလုပ်နေတာပါ။ ဒါပေမဲ့ ဂယ်ရီ လေ့လာချိန်မှာ တွေ့ရတဲ့ ထူးခြားမှုတစ်ခုက လင် ၄ ဗီဇက လင် ၁၄ ကို ထိန်းချုပ်နေတာ၊ mRNA ထုတ်လုပ်မှုကို ကန့်သတ်နေတာမျိုး မရှိပါဘူး။ အဲဒီအစား နောက်ပိုင်းမှာ ဖြစ်တဲ့ ပရိုတိန်းထုတ်လုပ်မှုကိုပဲ ထိန်းချုပ်ပိတ်ပင်နေတာပါ။ ဗီဇတစ်ခုက နောက်ဗီဇတစ်ခုရဲ့ ပရိုတိန်းထုတ်လုပ်မှုတွေ၊ အလုပ်လုပ်ပုံတွေကို ထိန်းချုပ်ဖို့ mRNA ထုတ်လုပ်တာကို ကန့်သတ်တာက မျိုးရိုးဗီဇ ထုတ်ဖော်ပုံ (Gene Expression) မှာ ဖြစ်ရိုးဖြစ်စဉ်ပါ။ ဒါပေမဲ့ mRNA ကို ခွင့်ပြုပြီး ပရိုတိန်းထုတ်တာကိုမှ လာပိတ်ပင်တာကတော့ အတော်လေးကို ဆန်းပါတယ်။ ဂယ်ရီက ဒီဖြစ်စဉ်ကို သတိထားမိခဲ့ပြီး လင် ၁၄ ဗီဇပိုင်းထဲက mRNA လေး တစ်ခုက အဲဒီလို ပိတ်တဲ့ နေရာမှာ အဓိက တရားခံဖြစ်နေတာကိုလဲ တွေ့ခဲ့ရတာပါ။ ပိုပြီး ထူးဆန်းတာက အဲဒီ လင် ၁၄ ဗီဇပိုင်းထဲက mRNA နဲ့ ဟိုးအပေါ်မှာ ပြောခဲ့တဲ့ လင် ၄ ဆီက RNA အပိုင်းတိုလေးနဲ့ ဆက်စပ်ကိုက်ညီနေပါတယ်။ ဒီအပိုင်းအစလေးက အရင်တုန်းက တွေ့ခဲ့ရတဲ့ RNA အမျိုးအစားတွေနဲ့ မတူဘဲ အမျိုးအစားသစ်ဖြစ်နေတာမို့ သူ့ကို microRNA လို့ ခေါ်ခဲ့ကြတာပါ။ လင် ၄ ဆီက microRNA က ပရိုတိန်းထုတ်ဖို့ သွားနေတဲ့ လင် ၁၄ ရဲ့ mRNA ကို မသွားဖို့ တားလိုက်တဲ့ သဘောပေါ့။ သုတေသနရလဒ်ကိုတော့ ၁၉၉၃ ခုနှစ်မှာ တင်ခဲ့ပါတယ်။ microRNA ကို ဗီဇထကြွမှုတွေမှာ ပါဝင်ထိန်းချုပ်ပေးနေတဲ့ ဆဲလ်တွင်း စနစ်တစ်ရပ်အဖြစ်လဲ ထည့်သွင်းသတ်မှတ်ခဲ့ကြတာပါ။ 

    အစကတော့ သိပ္ပံပညာရှင်တွေကလဲ ဒါကို သိပ်ပြီး အရေးတယူမလုပ်ခဲ့ကြပါဘူး။ တီကောင်တွေမှာပဲ ဖြစ်လေ့ဖြစ်ထရှိတဲ့ ထူးခြားချက်အဖြစ် ယူဆခဲ့ကြပေမဲ့ ၂၀၀၀ ခုနှစ်မှာ ဂယ်ရီရဲ့ သုတေသနအဖွဲ့က microRNA ဗီဇပိုင်းဖြစ်တဲ့ လက် ၇ (let-7) ကို လူတွေအပါအဝင် တခြားတိရစ္ဆာန်မျိုးစိတ်တွေမှာပါ တွေ့ရှိခဲ့ရပါတယ်။ နောက်ပိုင်း လေ့လာတွေ့ရှိချက်တွေအရ လူတွေမှာဆိုရင် ထောင်နဲ့ချီတဲ့ microRNA မျိုးကွဲတွေ ဗီဇပိုင်းတွေထဲ ပါဝင်တာပါ။ 

    ဒီ microRNA တွေက ပရိုတိန်းထုတ်လုပ်မှုကို ရပ်တန့်ပစ်လိုက်နိုင်သလို ပရိုတိန်းထုတ်လုပ်ဖို့ရာ လမ်းညွှန်ချက်တွေ သယ်လာတဲ့ mRNA တွေကိုလဲ ဖျက်ဆီးပစ်နိုင်စွမ်း ရှိလေရဲ့။ ဒါ့အပြင်ကို microRNA မော်လီကျူးတစ်ခုက ဗီဇပိုင်း (gene) ပေါင်း မြောက်များစွာကို ထိန်းချုပ်နိုင်သလို ဗီဇပိုင်းတစ်ခုတည်းကလဲ microRNA အများကြီးရဲ့ ထိန်းချုပ်မှုကို ခံရနိုင်တယ်။ ဒါတင်မကသေး၊ မကျေနပ်လို့ မျိုးရိုးဗီဇပိုင်းတစ်ခုလုံးကို ပိတ်ချလိုက်ချင်တယ်ဆိုရင်လဲ အဲဒီကောင်လေးတွေက စွမ်းပါသတဲ့ . . .။ microRNA တွေက ဆဲလ်တွေ၊ တစ်ရှူးတွေ စနစ်တကျ ဖွံ့ဖြိုးနေရဲ့လား၊ မပွင့်သင့်သေးတဲ့ ဗီဇ ပွင့်နေလား၊ ပိတ်ရတော့မဲ့ ဗီဇက ပွင့်နေဆဲလား၊ ဆဲလ်တွေက ထုတ်သင့်တဲ့ ပရိုတိန်းတွေကို ထုတ်နေရဲ့လား၊ လုပ်ရမဲ့ အလုပ်ကို လုပ်နေရဲ့လားဆိုတာ လိုက်ကြီးကြပ်ပေးနိုင်စွမ်း ရှိပါတယ်။ တကယ်လို့သာ microRNA တွေ အလုပ်သေချာမလုပ်နိုင်ဘူးဆိုရင် ကင်ဆာလို၊ အကြားအာရုံချို့ယွင်းတာလို ရောဂါမျိုး ဖြစ်နိုင်တယ်လို့ သိရတာပါ။ 

    အခု နိုဘယ်ဆု ရသွားတဲ့ ဗစ်တာအမ်းဘရို့စ်နဲ့ ဂယ်ရီ ရာ့ဗ်ကမ်းတို့က မတူညီတဲ့ ဆဲလ်အမျိုးအစားတွေ ဘယ်လိုဖွံ့ဖြိုးလဲဆိုတာကို အင်မတန်စိတ်ဝင်စားကြသူတွေပါ။ အဲဒီကနေ လေ့လာမှုတွေ ပြုလုပ်ရင်း microRNA လို့ ခေါ်တဲ့ RNA မော်လီကျူး အမျိုးအစားအသစ် တစ်ရပ်ကို တွေ့ရှိခဲ့ကြရုံမက microRNA တွေဟာ သက်ရှိတွေရဲ့ မျိုးရိုးဗီဇထကြွမှုမှာ ဘယ်လို ထိန်းချုပ်ပါဝင်နေလဲဆိုတာပါ နားလည်နိုင်အောင် ဆောင်ရွက်ပေးခဲ့ကြပါတယ်။ ဒီလိုနဲ့ ၂၀၂၄ ခုနှစ်အတွက် ဇီဝကမ္မဗေဒ (သို့) ဆေးဘက်ဆိုင်ရာ နိုဘယ်ဆုကို ထိုက်ထိုက်တန်တန် ရခဲ့တာပါ။ ဗစ်တာနဲ့ ဂယ်ရီတို့ရဲ့ တွေ့ရှိမှုက လက်ရှိအချိန်ထိ ဇီဝဗေဒက နားလည်ထားသမျှ ဗီဇထုတ်ဖော်ပုံကို အတော်လေး တိုးတက်ပြောင်းလဲသွားစေပါတယ်။ သိပ္ပံပညာရှင်တွေအနေနဲ့ microRNA တွေဟာ ဗီဇပြောင်းလဲမှုတွေ၊ ဗီဇထုတ်ဖော်ပုံ/သတ္တိကြွပုံတွေကို ဘယ်လိုထိန်းချုပ်လဲဆိုတာ နားလည်စ ပြုလာပါပြီ။ နောက်ပိုင်း ခေတ်စားလာနေတဲ့ မျိုးရိုးဗီဇပြုပြင်ပြောင်းလဲမှု – Genetic Engineering လို နယ်ပယ်တွေအတွက်လဲ အတော်လေးကို အကျိုးရှိတဲ့ တွေ့ရှိချက်တစ်ရပ် ဖြစ်လာနိုင်ပါတယ်။

    Click to view the references
    • For the discovery of microRNA and its role in post-transcriptional gene regulation. The Nobel Prize in Physiology or Medicine 2024. (Oct 7). NobelPrize. org.
    • Lee RC, Feinbaum RL, Ambros V. The C. elegans heterochronic gene lin-4 encodes small RNAs with antisense complementarity to lin-14. Cell. 1993;75(5):843-854. doi:10.1016/0092-8674(93)90529-y
    • Wightman B, Ha I, Ruvkun G. Posttranscriptional regulation of the heterochronic gene lin-14 by lin-4 mediates temporal pattern formation in C. elegans. Cell. 1993;75(5):855-862. doi:10.1016/0092-8674(93)90530-4
    • Pasquinelli AE, Reinhart BJ, Slack F, Martindale MQ, Kurodak MI, Maller B, Hayward DC, Ball EE, Degnan B, Müller P, Spring J, Srinvasan A, Fishman M, Finnerty J, Corbo J, Levine M, Leahy P, Davidson E, Ruvkun G. Conservation of the sequence and temporal expression of let-7 heterochronic regulatory RNA. Nature. 2000;408(6808):86-89. doi:10.1038/35040556
    Released fromFact Hub Go: Content Writer Desk, Followup Writers
    Edited byFact Hub Go: Editor Desk, Copy-editors
    Attribution Table

    Fact Hub Myanmar

    Proudly powered by FH Editor Team

    This content is licensed under CC BY-NC-ND 4.0

    Medicine News Nobel Prize Science Update
    Share. Facebook Email Telegram
    Previous ArticleZoosemiotics ဆိုတဲ့ စကားလုံးကို သိပါသလား . . . ?
    Next Article “သမိုင်းစာမျက်နှာပေါ်က ဒုတိယမြောက် မဟာစစ်ပွဲကြီး – အပိုင်း ၁”
    Fact Hub Editor Team

    Related Posts

    ရှင်သန်ကျန်ရစ်သူရဲ့ အပြစ်ရှိစိတ် (Survivor Guilt) ကို ဘယ်လို သက်သာစေမလဲ . . .

    April 4, 2025

    ငလျင်ကို ဘာကြောင့် ကြိုတင်ခန့်မှန်းလို့ မရတာလဲ . . . ?

    April 4, 2025

    မန္တလေးကျုံးက ပလတ်စတစ်နဲ့ ဖော့ဘူးခွံတွေ

    April 4, 2025

    မြစ်ရေခမ်းတာလား . . . မြေအရည်ပျော်တာလား . . . ?

    April 4, 2025

    ငှက်အုပ်ပျံတာက မုန်တိုင်းရဲ့ ရှေ့ပြေးလား

    April 4, 2025

    မိုးလေဝသပညာရှင် ဦးဝင်းနိုင် ပြောတဲ့ မုန်တိုင်းအလားအလာ

    April 4, 2025
    Add A Comment
    Leave A Reply Cancel Reply

    Categories
    • Astronomy & Space (1)
      • Astrobiology (1)
    • Uncategorized (248)
    Archives

    At Fact Hub, we are dedicated to sharing trustworthy and reliable information that empowers people through knowledge. As a fact-checking organization, our mission is to distinguish truth from misinformation, and to uphold accuracy, integrity, and responsibility in the information we share.

    Facebook YouTube Telegram
    Archives
    • April 2025 (7)
    • March 2025 (10)
    • January 2025 (2)
    • November 2024 (4)
    • October 2024 (14)
    • September 2024 (3)
    • July 2024 (1)
    • May 2024 (1)
    • March 2024 (4)
    • January 2024 (17)
    • December 2023 (14)
    • November 2023 (26)
    • October 2023 (18)
    • September 2023 (23)
    • August 2023 (20)
    • July 2023 (13)
    • June 2023 (11)
    • May 2023 (28)
    • April 2023 (32)

    ရှင်သန်ကျန်ရစ်သူရဲ့ အပြစ်ရှိစိတ် (Survivor Guilt) ကို ဘယ်လို သက်သာစေမလဲ . . .

    April 4, 2025

    ငလျင်ကို ဘာကြောင့် ကြိုတင်ခန့်မှန်းလို့ မရတာလဲ . . . ?

    April 4, 2025

    မန္တလေးကျုံးက ပလတ်စတစ်နဲ့ ဖော့ဘူးခွံတွေ

    April 4, 2025

    မြစ်ရေခမ်းတာလား . . . မြေအရည်ပျော်တာလား . . . ?

    April 4, 2025
    Copyright © 2026. Fact Hub Myanmar. All rights reserved.

    Type above and press Enter to search. Press Esc to cancel.