
၂၀၂၄ ခုနှစ်ရဲ့ နိုဘယ်ဆုတွေကို နော်ဝေးနိုဘယ်ကော်မတီက အရင်အပတ် တနင်္လာနေ့၊ အောက်တိုဘာလ ၇ ရက်နေ့က စပြီး ကြေညာနေပါပြီ။ ဒီလို နှစ်စဉ် မပျက်မကွက် ပေးတဲ့ နိုဘယ်ဆုတွေထဲမှာ ဆေးဘက်ဆိုင်ရာ (သို့မဟုတ်) ဇီဝကမ္မဗေဒ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ စာပေနဲ့ ငြိမ်းချမ်းရေး . . . စတဲ့ နိုဘယ်ဆုအမျိုးအစားတွေကို သက်ဆိုင်ရာနယ်ပယ်အသီးသီးက ထူးချွန်ပြောင်မြောက်သူတွေ၊ ဆန်းသစ်တီထွင်နိုင်သူတွေနဲ့ လူသားမျိုးနွယ်အတွက် သက်ရောက်မှုကြီးမားတာတွေကို ဆောင်ရွက်နိုင်ခဲ့သူဆီ ပေးအပ်နေခဲ့တာ အဲဖရက်နိုဘယ် ကွယ်လွန်တဲ့ ၁၉၀၁ ခုနှစ်ကနေ လက်ရှိအချိန် . . . ၂၀၂၄ ခုနှစ်ထိဆိုရင် နှစ်ပေါင်း ၁၂၃ နှစ် ရှိနေပါပြီ။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၁ ရက်နေ့၊ သောကြာနေ့မှာတော့ ၂၀၂၄ ခုနှစ်ရဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုကို ကြေညာသွားခဲ့ပါတယ်။
ဒီနှစ်ရဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုကို ၂၁ ရာစုမှာ အန္တရာယ်အကြီးဆုံးလို့ ပြောလို့ရတဲ့ နျူကလီးယားလက်နက်တွေ ကင်းစင်ရေးနဲ့ ပတ်သက်လို့ ပေးအပ်သွားခဲ့တာပါ။ ဒုတိယကမ္ဘာစစ် ဟီရိုရှီးမားနဲ့ နာဂါဆာကီ နျူကလီးယားကပ်ဘေးမှာ ရှင်ကျန်ခဲ့သူတွေနဲ့ အဓိကဖွဲ့စည်းထားတဲ့ ဂျပန်အဖွဲ့အစည်း နစ်ဟွန်ဟီဒန်ကျို ခေါ် ဂျပန် အဏုမြူနဲ့ ဟိုက်ဒြိုဂျင်ဗုံးဘေး ရှင်သန်ကျန်ရစ်သူများ အသင်းချုပ် (The Japan Confederation of A- and H- Bomb Sufferers Organisation) ရဲ့ နျူလက်နက်ကင်းစင်တဲ့ ကမ္ဘာတစ်ခု ဖန်တီးဖို့ အားထုတ်ဆောင်ရွက်တာတွေနဲ့ သူတို့ရဲ့ အတွေ့အကြုံတွေပေါ် အခြေပြုပြီး ကမ္ဘာပေါ်မှာ နောက်ထပ် နျူကလီးယားလက်နက် အသုံးပြုတာမျိုး လုံးဝရှိမလာရေး ပညာပေး ကြိုးပမ်းအားထုတ်တာတွေကြောင့် နော်ဝေးနိုဘယ်ကော်မတီရဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုကို ပေးအပ်ချီးမြှင့်ခံခဲ့ရတာ ဖြစ်ပါတယ်။
=========
“နျူးကလီးယားလက်နက်နဲ့ လူ့အဖွဲ့အစည်းဟာ ဘယ်လိုအကြောင်းတရားမျိုးနဲ့မှ ယှဉ်တွဲတည်ရှိမနေသင့်ပါ။”
Nihon Hidankyo
၁၉၄၅ ခုနှစ်၊ ဩဂုတ်လ ၆ ရက်နေ့နဲ့ ၉ ရက်နေ့တို့မှာ ဂျပန်နိုင်ငံ၊ ဟီရိုးရှီးမားမြို့နဲ့ နာဂါဆာကီမြို့တို့ဟာ ဒုတိယကမ္ဘာစစ်ရဲ့ အဆုံးသတ်လက်နက်ဖြစ်တဲ့ အမေရိကန်တို့ရဲ့ နျူကလီးယားဗုံးဒဏ်သင့်ခဲ့ရပါတယ်။ အမေရိကန် B-29 ဗုံးကြဲလေယာဉ်က ယူရေနီယမ်သုံး Little Boy အမည်ရ နျူကလီးယားဗုံးနဲ့ ပလူတိုနီယမ်သုံး Fat Man အမည်ရ အဏုမြူဗုံးတွေကို ဂျပန်နိုင်ငံရဲ့ မြို့နှစ်မြို့ပေါ် ကြဲချရင်း မျက်စိတစ်မှိတ်အတွင်းမှာတင် သိန်းနဲ့ချီတဲ့ ဂျပန်ပြည်သူတွေရဲ့ အသက်တွေ နုတ်ယူခဲ့တာပါ။ အမေရိကန်တွေ ဘာလို့ ဒီလို ဗုံးကြဲခဲ့ရလဲဆိုတာကို Facthub မှာ အသေးစိတ် တင်ခဲ့ဖူးပါတယ် ➡️ https://lnk.facthub-mm.org/hGjZjB။ ဒါဟာ ကမ္ဘာပေါ်မှာ ပထမဆုံးအကြိမ် စစ်ပွဲထဲ နျူကလီးယားလက်နက်သုံးခဲ့တာဖြစ်ပြီး အင်မတန်ကြီးမားတဲ့ အဖျက်စွမ်းအားကို တစ်ကမ္ဘာလုံး မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရတာပါ။ ဒီအဖြစ်အပျက်ကြောင့် သိန်းနဲ့ချီတဲ့ လူတွေ သေဆုံးခဲ့ရပြီး ဓာတ်ရောင်ခြည်တွေ၊ ပေါက်ကွဲလောင်ကျွမ်းမှုတွေနဲ့ ရေဒီယိုသတ္တိကြွမှုတွေကြောင့် နောက်ဆက်တွဲ သေဆုံးပျက်စီးခဲ့တာလဲ မနည်းလှပါဘူး။ နော်ဝေးနိုဘယ်ကော်မတီရဲ့ ထုတ်ပြန်ချက်အရ နျူကလီးယားဗုံးဒဏ်ကနေ ရှင်ကျန်သူ ခန့်မှန်းခြေ ၆ သိန်းခွဲလောက် ရှိတယ်လို့ သိရပါတယ်။ သူတို့ကိုတော့ ဟီဘာကူရှာ (Hibakusha) တွေလို့ ခေါ်တာပါ။
ကမ္ဘာစစ်ကြီးပြီးချိန်မှာ အဏုမြူဗုံးဒဏ်က ရှင်ကျန်ရစ်ခဲ့တဲ့ ဟီဘာကူရှာတို့ရဲ့ ဘဝကံကြမ္မာဟာ နိုင်ငံပြန်လည်ထူထောင်ရေးနဲ့ ကမ္ဘာရဲ့ ဥပေက္ခာပြုခံရမှုတွေကြားမှာ မှေးမှိန်ရက် ရှိနေခဲ့ရပါတယ်။ ၁၉၅၆ ခုနှစ်မှာတော့ ဟီဘာကူရှာတို့ရဲ့ အခြေခံအခွင့်အရေးရဖို့နဲ့ နျူကလီးယားလက်နက်ရဲ့ ကြမ်းကြုတ်မှုကို ဖော်ထုတ်ဖို့ အပေါ်မှာ ပြောခဲ့တဲ့ နစ်ဟွန်ဟီဒန်ကျို (Nihon Hidankyo) အမည်ရ အဖွဲ့အစည်းပေါ်ပေါက်လာခဲ့ပါတယ်။ ဒီအဖွဲ့အစည်းကို ဂျပန်နျူဗုံးဒဏ်မှာ ကျန်ခဲ့တဲ့ ဟီဘာကူရှာတွေနဲ့ တခြား အဏုမြူလက်နက်ရဲ့ သားကောင်ဖြစ်ခဲ့ကြသူတွေနဲ့ ဖွဲ့စည်းထားပြီး ပင်မရည်မှန်းချက်နှစ်ရပ် ရှိခဲ့တာပါ။ အဲဒီ ရည်မှန်းချက်တွေက ဂျပန်ပြည်တွင်းရော ပြည်ပမှာပါ ရှိနေတဲ့ ဟီဘာကူရှာတွေရဲ့ အခြေခံရပိုင်ခွင့်တွေကို လှုံ့ဆော်ဖို့နဲ့ ဂျပန်တွေ ကြုံခဲ့ရတဲ့ ဒီလိုကပ်ဆိုးကြီးကို ကမ္ဘာပေါ်က နောက်ထပ်ဘယ်သူမှ ထပ်မကြုံရစေဖို့ ဖြစ်ပါတယ်။ အဖွဲ့အစည်းရဲ့ ဆောင်ပုဒ်ကတော့ ‘ဟီဘာကူရှာတွေ ထပ်မရှိလာစေရ — No more Hibakusha’ ဆိုပြီးပါ။
ဒီနေ့မှာတော့ နီဟွန်ဟစ်ဒန်ကျိုဟာ ဂျပန်နိုင်ငံအခြေစိုက် နျူကလီးယားလက်နက်ကင်းစင်ရေး လှုံ့ဆော်တဲ့ အကြီးမားဆုံး အဖွဲ့အစည်းတွေထဲက တစ်ခုဖြစ်လာပြီး ဟီဘာကူရှာတွေနဲ့ ပါဝင်ဖွဲ့စည်းထားတာနဲ့အညီ သူတို့ကိုယ်သူတို့ ပြယုဂ်တစ်ရပ်အဖြစ် သက်သေထူရင်း ကြုံခဲ့ရတဲ့ စိတ်ဒဏ်ရာတွေ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကို ပဓာနမထားဘဲ ကမ္ဘာတစ်ဝှမ်း နျူကလီးယားလက်နက်ဖျက်သိမ်းရေး၊ အလုံးစုံကင်းစင်ရေးကို ဦးစားပေး ဆောင်ရွက်နေပါတယ်။ ကမ္ဘာလုံးဆိုင်ရာ နျူးကလီးယားလက်နက် ပပျောက်ရေး စံသတ်မှတ်ချက်ဖြစ်တဲ့ ‘nuclear taboo’ ကိုလဲ မသွေဖည်အောင် ပုံဖော်လျက်ရှိပြီး နျူကင်းစင်ရေးအတွက် လူထုကို ပညာပေးတာ၊ ငြိမ်းချမ်းရေးညီလာခံတွေ ဆောင်ရွက်တာအပြင် ကမ္ဘာ့ကုလသမဂ္ဂနဲ့ပါ နှစ်စဉ် ညှိနှိုင်းဆောင်ရွက်နေတာပါ။ နော်ဝေးနိုဘယ်ကော်တီကတော့ “ဒီနေ့ခေတ်မှာ နျူလက်နက်ကို တိုးချဲ့လာတဲ့ နိုင်ငံတွေ၊ ထုတ်လုပ်ဖို့ ကြိုးစားနေတဲ့ နိုင်ငံတွေ ရှိလာနေပြီ၊ ဒါကို တားဆီးဖို့ နျူကလီးယားပပျောက်ရေး စံ ‘Nuclear Taboo’ ကို မမှေးမှိန်စေဘဲ သမိုင်းထဲက ပြယုဂ် ဟီရိုရှီးမားနဲ့ နာဂါဆာကီက ပြည်သူတွေရဲ့ အဖြစ်ကို အမြဲသတိရ အမှတ်ရနေရမှာပါ။ နျူကလီယားလက်နက်တွေနဲ့ လူ့အဖွဲ့အစည်းဟာ ဘယ်လိုအကြောင်းနဲ့မှ ယှဉ်တွဲတည်ရှိမနေသင့်ဘူး” လို့ ဆိုထားပါတယ်။ နီဟွန်ဟစ်ဒန်ကျိုအဖွဲ့အစည်းရဲ့ ပူးတွဲသဘာပတိတစ်ဦးကလဲ နိုဘယ်ကော်မတီနဲ့ အင်တာဗျူးမှာ ရုရှား-ယူကရိန်း အရေးအပါအဝင် လက်ရှိကမ္ဘာပေါ်မှာ ဖြစ်နေတဲ့ စစ်ဘက်ပဋိပက္ခနဲ့ နျူကလီးယားအန္တရာယ်တွေအကြောင်း သတိပေးပြောဆိုသွားပြီး နျူးကလီးယားလက်နက် ဖျက်သိမ်းရေးလုပ်ငန်းစဉ်တွေဟာ အကျဘက်ကိုပဲ ဦးတည်နေတယ်လို့ ဆိုပါတယ်။ ဒါကြောင့်ပဲ နျူကလီးယားနဲ့ ပတ်သက်တဲ့ သူတို့ရဲ့ ရည်မှန်းချက်တွေနဲ့ တာဝန်ကို ရှေ့ဆက်တိုး လုပ်ဆောင်ရမယ်လို့ ပြောထားပါသေးတယ်။
ငြိမ်းချမ်းရေးနိုဘယ်ဆုကို အရင်ကလဲ နျူကလီးယားကင်းစင်ရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေနဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေကို နော်ဝေးနိုဘယ်ကော်မတီက ပေးအပ်ချီးမြှင့်ခဲ့ဖူးပြီး ဒီနှစ် ၂၀၂၄ ခုနှစ်မှာလဲ ဂျပန်အခြေစိုက် နီဟွန်ဟစ်ဒန်ကျိုနဲ့ လက်ချိုးရေလို့ ရတဲ့ နျူကလီးယားဘေးက ရှင်ကျန်သူ ဟီဘာကူရှာတွေကို ဂုဏ်ပြုရင်း သူတို့ရဲ့ ဆောင်ရွက်ချက်နဲ့ တည်ရှိမှုတွေကတစ်ဆင့် နျူလက်နက်တွေရဲ့ လူသားမျိုးနွယ်အပေါ် ခြိမ်းခြောက်မှုတွေကို အစဉ်အမြဲ သတိရနေဖို့ ၂၀၂၄ ခုနှစ်ရဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုကို ပေးအပ်ခဲ့တာပါ။ ။
Click to view references
- Nobel Prize. (2024, October 11). First Reactions | Nihon Hidankyo, Nobel Peace Prize 2024 | Telephone interview [Video]. YouTube.
- Nobel Prize. (2024b, October 11). “Nuclear weapons and humanity cannot coexist.” Interview about the 2024 Nobel Peace Prize [Video]. YouTube.
- Nobel Prize Outreach AB. (2024, October 17). Press release. NobelPrize.org. https://www.nobelprize.org
| Written by | Khant Nyar Thar |
| Released from | Fact Hub Go: Content Writer Desk |
| Edited by | Min Z |
Fact Hub Myanmar
Proudly powered by FH Editor Team
This content is licensed under CC BY-NC-ND 4.0
