
မြန်မာကုန်းတွင်းပိုင်းထဲကို လာမဲ့ ဧပြီ ပထမပတ်ဝန်းကျင်မှာ မုန်တိုင်းဝင်မယ်လို့ လူမှုကွန်ယက်စာမျက်နှာပေါင်းစုံကနေ မျှဝေနေကြပါတယ်။ ဒီမျှဝေချက်က အပြည့်အဝ မမှန်ကန်တဲ့အပြင် မိုးလေဝသခန့်မှန်းချက်တွေကို မှားယွင်းကောက်ချက်ချရင်း အထင်အမြင်လွဲမှားမှုတွေ ဖြစ်ပေါ်နေတာပါ။ လက်ရှိအချိန်ထိ လေဖိအားနည်းရပ်ဝန်းတောင် ပေါ်ပေါက်နိုင်ခြေ မြင့်တယ်လို့ပဲ ခန့်မှန်းနေကြဆဲ ဖြစ်ပြီး မုန်တိုင်းတစ်ရပ်အသွင်ပြောင်းသွားဖို့၊ မုန်တိုင်းဖြစ်ပေါ်ရင်တောင် အင်အားပြင်းဖို့၊ မြန်မာကုန်းတွင်းပိုင်းထဲကို ဝင်ဖို့ ဆိုတာက တပ်အပ်ပြောမရသေးတဲ့ အခြေအနေပါ။ ဒါပေမဲ့ မိုးရွာနိုင်ခြေတော့ ရှိတယ်လို့ သိရပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ Fact Hub က ရှင်းရှင်းလင်းလင်း အတည်ပြုနိုင်ရင်း အချက်အလက် စစ်ဆေးနိုင်ဖို့ မိုးလေဝသသတင်းတွေ အချိန်နဲ့တပြေးညီ အစီရင်ခံတင်ပြနေတဲ့ MMWeather ရဲ့ မိုးဇလပညာရှင် ဦးဝင်းနိုင်ကို FH Fact-check ရဲ့ ကိုမင်းဇက်က ဆက်သွယ်မေးမြန်းထားပါတယ်။ ဆက်သွယ်မေးမြန်းချက်ကို အောက်မှာ တင်ပြထားပါတယ်။ ပိုစ့်ရဲ့ အဆုံးမှာတော့ ဖတ်ရှုသူတွေ လက်ရှိအချိန်မှာ အမှန်ယူနိုင်မဲ့ ကောက်ချက်တစ်ရပ်ကို ဖော်ပြပေးထားမှာပါ။
မင်း။ ။ ဆရာ၊ လက်ရှိအခြေအနေလေး ရှင်းပြပေးပါ။
ဝင်း။ ။ ဆရာတို့ဆီမှာ ၂ ပတ်ကနေ ၄ ပတ်ထိ ကြိုပြီး မိုးလေဝသခန့်မှန်းချက်တွေ ကြည့်လို့ရတဲ့ မော်ဒယ်တွေ ရှိတယ်။ တကယ်တမ်း ဖြစ်လာနိုင်တဲ့ အနေအထားကတော့ ဧပြီ ၂ ရက်လောက်ကျမှ ထိုင်းပင်လယ်ကွေ့ ဖူးခက်အောက်ဘက်ကနေ ကပ္ပလီပင်လယ်တောင်ပိုင်းကို လေဖိအားနည်းရပ်ဝန်း စ,ဝင်လာနိုင်ဖို့ ရှိတယ်။ ဒီဘက် ကပ္ပလီပင်လယ်ပြင်ဘက်ကို ရောက်လာပြီးတော့မှ မလက္ကာရေလက်ကြားကြီးရဲ့ လေဝဲတွေနဲ့ ဆုံပြီးတော့ လေဖိအားနည်းရပ်ဝန်း ဖြစ်မှာ။ အဲဒါပြီးမှ ဘယ်ကို ဆက်ရွေ့မလဲဆိုတာက ကြိုတင်ခန့်မှန်းလို့ ရတဲ့ အနေအထား။
မိုးလေဝသ ခန့်မှန်းတဲ့ ECMWF မော်ဒယ်အစုအဖွဲ့ကြီးကတော့ အိန္ဒိယဘက်ကို သွားတာလဲ ပြတယ်၊ မြန်မာမြောက်ဘက်ကို ထောင်တက်လာမှာမျိုးလဲ ပြတယ်။ နောက်တစ်ခု၊ GFS လို့ ခေါ်တဲ့ NOAA (အမေရိကန်သုတေသနအဖွဲ့အစည်း) ရဲ့ မိုးလေဝသမော်ဒယ်ကတော့ ပထမက ရခိုင် ကျောက်ဖြူဘက်ကို ပြတယ်၊ ဒီနေ့ နောက်ဆုံးရတဲ့ ခန့်မှန်းချက်မှာတော့ ဧရာဝတီ၊ မြစ်ဝကျွန်းပေါ်ကမ်းရိုတန်း၊ ဒေါ်ငြိမ်းရွာလောက်ကို သွားမယ်လို့ ခန့်မှန်းတယ်။
မင်း။ ။ မုန်တိုင်းဖြစ်လာနိုင်ခြေရော ဘယ်လိုရှိလဲ ဆရာ၊ ပြောနေကြသလို မုန်တိုင်းဖြစ်တော့မှာလား။
ဝင်း။ ။ မုန်တိုင်းဖြစ်ပေါ်လာနိုင်ခြေကို မော်ဒယ်တွေအကုန်လုံးနဲ့ တိုက်ကြည့်လိုက်တော့ ဖြစ်လာနိုင်ခြေက ၅၀ ရာခိုင်နှုန်း ရှိတယ်။ ဒါ ဘင်္ဂလားပင်လယ်အော်ထဲမှာပေါ့။ ဒါကလဲ နီးလာတဲ့အချိန်၊ ဆိုပါတော့ ဧပြီ ၃ ရက်၊ ၄ ရက်လောက်ဆိုရင် ဘယ်လိုပြောင်းမလဲ မသိသေးဘူး။ ဒါက ECMWF က ခန့်မှန်းချက်။ ဥရောပနိုင်ငံတွေဘက်က ပေါင်းလုပ်တဲ့ မိုးလေဝသမော်ဒယ်ပေါ့။ အခု၊ သူတို့က Windy နဲ့ Meteoblue (မိုးဇလခန့်မှန်းဆော့ဝဲများ) နှစ်ခုကို ပေါင်းပြီး ပိုတိကျတာတွေ ထုတ်နိုင်ပြီ။ ဒါပေမဲ့ လောလောဆယ်အခြေအနေကတော့ ခန့်မှန်းချက်တွေပဲ ရှိသေးတယ်။ ကျွန်တော်တင်ပေးထားတဲ့ စာတွေ သေချာဖတ်ရင်လဲ တွေ့ပါလိမ့်မယ်။ ခက်တာက ဒီမှာက ဆရာကြီးတွေကလဲ များတော့ သူတို့လိုရာကိုပဲ ဆွဲရေးသွားကြတာမျိုးပါ။
မင်း။ ။ ကျေးဇူးပါ ဆရာဝင်းနိုင်။ လောလောဆယ်က ပြည်သူတွေကလဲ ငလျင်ပြီး မုန်တိုင်းဆိုတော့ စိုးရိမ်တာတွေ ရှိနေကြတယ်။ ဒီကြားထဲ မုန်တိုင်းဝင်နေပြီတွေ၊ ဘယ်ရက်ဘယ်ရက်တွေ မြန်မာပြည်မှာ မုန်တိုင်းတိုက်မယ်တွေ ပြောတော့ ပြည်သူတွေက အပူအပန်လွန်ပြီး Panic ဖြစ်တာတွေလဲ ရှိနေပါတယ်။ အဲဒီကနေ သတင်းတု/သတင်းမှားတွေလဲ ထွက်နေတာပေါ့။
ဝင်း။ ။ ဟုတ်တယ်။ တစ်ခုထပ်ပြီးတော့ ကျွန်တော်ပြောချင်တာက ကျွန်တော်တို့ မိုးလေဝသအခြေအနေနဲ့ မုန်တိုင်းအခြေအနေတွေ ခန့်မှန်းရာမှာ ‘တောက်တဲ့’ နဲ့ ‘ဖား’ ဆိုတာ ရှိတယ်။ တောက်တဲ့ဆိုတာက ကြိုတင်ခန့်မှန်းချက်ထုတ်တဲ့ Weather App တွေပေါ့။ ဖားဆိုတာကတော့ တကယ်ဝင်လာပြီဆိုတော့မှ အချိန်နဲ့တပြေးညီ (Real-time) သိရတဲ့ Weather Station (မိုးဇလအခြေအနေ တပြိုင်နက်တိုင်းတာနိုင်တဲ့ စက်) တွေ။ ကျွန်တော်က အခုဒီမှာလဲ Weather Station တွေ ၁၅ ခုလောက် ထိုင်ထားပြီးပြီ။ ဖျာပုံမှာလဲ ရှိတယ်၊ ဧရာဝတီတိုင်းမြောက်ဘက်၊ ပဲခူးတိုင်း လက်ပံတန်းမှာလဲ ဆင်ထားတာ ရှိတယ်။ ဒီအနေအထားတွေကလဲ ဖြစ်လာရင် စောသိနိုင်သလို ထိုင်းနိုင်ငံမှာ ထိုင်ထားတဲ့ Station တွေက Real-time ဒေတာတွေကိုလဲ ကျွန်တော်တို့ ကြည့်တယ်။ ကြည့်ပြီးတော့မှ ဘယ်လောက်တိမ်ထုတော့ ဝင်လာတယ်၊ ဘယ်လိုတော့ အခြေအနေရှိတယ်ဆိုတာ စက္ကန့်မလပ်ပြောနိုင်အောင် လုပ်တယ်။ အဓိကရည်ရွယ်ချက်က သဘာဝဘေးတွေ ဖြစ်လာပြီးတော့ ထိခိုက်ဆုံးရှုံးတာတွေ ထပ်မဖြစ်စေချင်တာ၊ ကြိုတင်ပြင်ဆင်စေချင်တာ . . . ဒါပါပဲ။
မင်း။ ။ ဖြေကြားပေးလို့ ကျေးဇူးပါ ဆရာ။ ကျွန်တော်တို့လဲ သဘာဝဘေးတစ်ခုခု ဖြစ်လာရင် ဆရာတို့ဆီပဲ လာပြေးကြည့်၊ ပြန်ကိုးကားဖော်ပြရတဲ့အပြင် ပြည်သူတွေကလဲ ဒီလိုတွေကိုပဲ အားကိုးနေကြရတာပါ။ ဒါပေမဲ့ တစ်ဖက်မှာ ဆိုလိုချင်တာက တစ်မျိုးပေမဲ့ ခန့်မှန်းချက်တွေကို သေချာမဖတ်ဘဲ ပြန်မျှဝေကြချိန် မလိုလားအပ်တဲ့ အထင်အမြင်လွဲမှားမှုတွေ ဖြစ်ကုန်တယ်။ ဒီကနေမှ အစိုးရိမ်မလွန်သင့်သေးတဲ့ ကိစ္စကို ပူပန်နေရပြီး ဆုံးဖြတ်ချက်တွေ မှားယွင်းချမိတာမျိုးပါ။ သတင်းတွေကို ပုံမှန်ဖတ်ပြီး အခြေအနေပေါ်လိုက်လို့ ကြိုတင်ပြင်ဆင်ဖို့၊ သတိရှိဖို့တော့ လိုတာပေါ့ဗျာ။
=========
ဒီတော့ စာဖတ်သူတွေ ဘယ်လိုကောက်ချက်ချနိုင်မလဲ . . .?
၁။ မုန်တိုင်းက မြန်မာနိုင်ငံကို ဝင်မယ်လို့ ကျိန်းသေပေါက် ပြောလို့မရပါ။ လက်ရှိအချိန်မှာ လေဖိအားနည်းရပ်ဝန်းတောင် မဖြစ်ပေါ်သေးပါ။
၂။ လက်ရှိ MMWeather လို နေရာတွေက ခန့်မှန်းချက်တွေက ဖြစ်နိုင်ခြေတွေကို တင်ပြနေတာ ဖြစ်ပြီး ‘ဖြစ်နိုင်ခြေ’ တိုင်းက ‘တကယ်ဖြစ်ချင်မှ ဖြစ်မှာ’ ပါ။ မိုးရွာနိုင်ခြေ ရှိနေပါတယ်။
၃။ ဆုံးဖြတ်ချက် စောမချသင့်သေးဘဲ အခြေအနေကို စောင့်ကြည့်လေ့လာသင့်ပါသေးတယ်။ ဒါပေမဲ့ စိုးရိမ်ပူပန်လွန်နေဖို့ မဟုတ်ဘဲ သတိထားနိုင်ဖို့ပါ။
အချက်အလက်စစ်ဆေးမှု ရလဒ်က အဲဒီလို ပုံစံနဲ့ ဆင်တူယိုးမှားဖြန့်ဝေမှုတွေဟာ ဖတ်ရှုသူတွေကို လှည့်ဖျားမှားယွင်းတဲ့ အထင်အမြင်တွေ ပေးနိုင်တဲ့ — Misleading Content တွေ ဖြစ်ပါတယ်။ ဖတ်ရှုသူတွေက ဒီလိုသတင်းတွေကို ဖတ်ချိန်မှာ မူလရင်းမြစ် (MMWeather) က ဖော်ပြချက်တွေကို ပြန်ရှာဖွေသင့်ပြီး တကယ့်ဆိုလိုရင်းက ဘာလဲဆိုတာ လေ့လာသင့်ပါတယ်။ ။

Interviewed and Written by – Min Z
Fact-checked by – Min Z
Released from Fact Hub Go: Content Writer Desk, Earthquake Response©️ 𝟮𝟬𝟮𝟰-𝟮𝟬𝟮𝟱 | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿
Fact_Hub #Earthquake_Response_9 #Fact_Check #Misleading #Misinformation #Storm #Myanquake
Fact Hub Myanmar
Proudly powered by FH Editor Team
This content is licensed under CC BY-NC-ND 4.0
